“Nan..”...“ Nan... Nan”..
ညနေ ၄နာရီခန့်ဖြစ်သည်..။
ရေချိုးရန်ပြင်နေသော ကျမ.. အပြင်ဖက်မှ မိန်းခလေးတစ်ယောက် ကျမ၏ အမည်အား အော်ခေါ်နေသလိုလို..
“Nan.. Nan.. Nan...”
အသံက ကျမ၏ အခန်းပေါက်သို့ရောက်လာပေပြီ။
ကျမ အခန်းတံခါးအားဖွင့်လိုက်စဉ်.. “Nan.. စားသောက်ဆိုင်မှာ မီးလောင်နေတယ်..”
“ဟင်”.. ကျမ၏ မျက်လုံးများ ပြူးကျယ်သွားရလေပြီ
ကျမ အလုပ်လုပ်သော စားသောက်ဆိုင်တွင် မီးလောင်နေပြီ၊
ကျမ ဘာလုပ်ရမည်နည်း..၊ ဆိုင်တွင် လုပ်သက်အရင့်ဆုံး ဝန်ထမ်းမှာ ကျမဖြစ်သည်။
မီးလောင်မှုဖြစ်ပွားသော အချိန်သည် ဆိုက်ပရပ်စ်နိုင်ငံ၏ ထုံးစံအရ အလုပ်သမားများ၊ ဆိုင်ပိုင်ရှင်များ၏ Brake Time ဟုခေါ်သော ခနတာ နားနေသောအချိန်ဖြစ်သည်။
ဆိုင်ပိုင်ရှင် သူဋ္ဌေး၊ မန်နေဂျာ၊ General Manager တို့မှာ ဆိုင်တွင်မရှိကြ ၊ ၎င်းတို့၏ နေအိမ်အသီးသီးတွင်နားနေသော အချိန်ဖြစ်သည်။ တချို့က မိမိတို့၏ ဟန်းဖုန်းများကို ပိတ်၍ ခနတာ အိပ်ဆက်အနားယူကြသည်။ ထိုသည်ကား ဆိုက်ပရပ်စ်နိုင်ငံသားများ၏ အကျင့်ဖြစ်သည်။
စားသောက်ဆိုင်တွင် တာဝန်ကျ စားပွဲထိုးဝန်ထမ်း(၂)ယောက်ရှိသည်။
မီးဖိုထဲတွင် စားဖိုမှူး(၄)ယောက်နှင့် သန့်ရှင်းရေးဝန်ထမ်း(၁)ယောက်ရှိသည်။
၎င်းတို့မှာ မိမိတို့၏ လုပ်ငန်းတာဝန်များကို အသီးသီး လုပ်ဆောင်နေသောအချိန်ဖြစ်သည်။
ကျမအပါအဝင် အခြားသောဝန်ထမ်းများကတော့ အလုပ်ချိန်မရောက်သေး၍ မိမိတို့၏ အခန်းတွင်းတွင် အနားယူသူကယူ၊ အလုပ်သွားရန်ပြင်ဆင်သူက ပြင်ဆင်နေကြသော အချိန်ဖြစ်သည်။
ဝန်ထမ်းများနေသော အဆောင်နှင့် စားသောက်ဆိုင်မှာ မျက်စောင်းထိုးအနေအထားတွင်ရှိသဖြင့် အဆောင်မှ ဆိုင်သို့ရောက်ရန် ၅မိနစ်ထက်မပို။
ကျမ အခန်းတွင်းမှတဆင့် စားသောက်ဆိုင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။
“ဟာ...... ”
စားသောက်ဆိုင်၏ မီးဖိုချောင်ခေါင်မိုးမှ မီးခိုးလုံးမဲမဲကြီးများ အလိပ်လိုက် ထွက်နေလေပြီ
ကျမ ဘာလုပ်ရမည်နည်း..၊ ဆိုင်မှ တာဝန်ကျ ဝန်ထမ်းများလည်း မီးသတ်ဘူးများနှင့် မီးညွန့်များကို ကြိုးစားပြီးငြှိမ်းသတ်နေကြသည်။
ရေချိုးရန်ပြင်ဆင်နေသော ကျမမှာ ဆိုင်သို့ ချက်ချင်းပြေးဆင်းရန် အဆင်သင့် အနေအထားမျိုးတွင်မရှိ၊ လျှပ်တပျက်ဖြစ်ပျက်လာသော အချိန်အတောအတွင်းတွင် ကျမ၏ ခေါင်းမှာ အလွန်ပူထူနေလေပြီ။
အဆောင်တွင်းမှ ဝန်ထမ်းများကို ဆိုင်တွင်မီးလောင်နေပြီဖြစ်ကြောင်း၊ ဆိုင်သို့အမြန်ဆုံးသွား၍ ကူညီကြဖို့အော်ပြောရသည်။
သူဋ္ဌေးအား ဖုန်းခေါ်သည်၊ မရ..။
မန်နေဂျာအား ဖုန်းခေါ်သည်၊ မရ။
မီးသတ်ဌါနသို့ဖုန်းခေါ်သည်၊ စိတ်ကိုငြိမ်အောင်ထိန်းထားသည့်ကြားမှ ကျမ၏ လက်များ တုန်ရီနေသည်။
မိမိကိုယ်ကိုယ် ရင့်ကျက်လှပြီဟု ထင်ထားခဲ့သောကျမ အန္တရာယ်နှင့် နှဖူးတွေ့ ဒူးတွေ့ ကြုံရသည့်အခါ ခြေမကိုင်မိ လက်မကိုင်မိ။
မီးသတ်ဌါနသို့ အကြောင်းကြားပြီး၍ အဝတ်များအမြန်ဝတ်ပြီး ဆိုင်ရှိရာသို့ပြေးဆင်းခဲ့သည်။
မီးဖိုဆောင်မှ ဖွင့်ထားသော အရေးပေါ်တံခါးပေါက်များကြားမှ မီးလောင်ရာနေရာသို့ လှမ်းကြည့်လိုက်သည်။
မီးခိုးလုံးများကြားမှ မီးတောက်ရဲရဲများ၊ မီးဖိုဆောင်တစ်ခုလုံးမှာလည်း ပြာမှုန့်များ မီးခိုးလုံးများနှင့်ပြည့်နှက်နေပြီ။
ဆိုင်တွင်ရှိသော အရေးပေါ်မီးသတ်ဘူးများကုန်သွားသော်လည်း မီးကမငြိမ်း၊ ဘေးအနီးအနား ဆိုင်များမှ မီးသတ်ဘူးများကိုလည်း အသုံးပြုပြီးပြီ။
လုပ်သင့် လုပ်ထိုက်သော အလုပ်များဖြစ်သည့် မီးဖိုအသီးသီးသို့ ထုတ်လွှတ်သော ပင်မ Gas အိုးများကို ပိတ်ခြင်း၊ လျှပ်စစ်မီးလိုင်းများကိုဖြတ်တောက်ထားခြင်း စသည်တို့ကို ဝန်ထမ်းများမှ ပြုလုပ်ထားပြီးပြီ။
မီးသတ်ကားခေါ်ထားပြီး၍ ရပ်ကြည့်နေယုံမှအပ ဘာမှဆက်လုပ်လို့မရ။
သူဋ္ဌေးကို ဖုန်းထပ်ခေါ်သည်၊ မရ။ သူဋ္ဌေး၏ ညီအား ဖုန်းခေါ်သည်၊ မီးပြင်ဆရာကိုဖုန်းခေါ်သည်၊ General Manager ကို ဖုန်းခေါ်သည်။
လူများမှာ တဖြည်းဖြည်းဝိုင်းအုံလာသဖြင့် ဝန်ထမ်းများအား အချက်ပြပြီး မိမိတို့၏ ဆိုင်လုံခြုံရေးအတွက် အရေးပေါ်ထွက်ပေါက်နေရာများ အသီးသီးတွင် အသင့်ရှိနေရန် မှာကြားပြီး မကြာမီတွင် မီးသတ်ကား(၂)စီးရောက်လာခဲ့ပါသည်။
ကျမဖုန်းခေါ်ထားသော အထက်လူကြီးများလည်း အသီးသီးရောက်ရှိလာကြလေပြီ။
မီးစများမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
ဆိုင်ကို ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးမှာလည်း စဲသွားလေပြီ။
ဖြစ်ပုံမှာ မီးဖိုထဲရှိ ဆီကန်မှ အပူချိန်လွန်ကဲပြီး မီးထလောင်ခြင်းဖြစ်သည်။
ထိုဆီကန်တွင်ပါသော အပူချိန်ပြစက်ကရိယာမှာ ချို့ယွင်းနေပြီဖြစ်သဖြင့် စားဖိုမှူးများမှ အသစ်လဲပေးရန် အုပ်ချုပ်သူများအား လွန်ခဲ့သည့် တစ်ပတ်အလွန်ကတည်းက အကြောင်းကြားထားပြီးသားဖြစ်သဖြင့်
စက်အသစ်လဲရန် စီစဉ်နေစဉ် ရက်ပိုင်းအတွင်း ရာသီဥတုအပူချိန်၊ မီးဖိုဆောင်၏ အပူချိန်၊ အချိန်အဆ မရှိသော(ချို့ယွင်းနေသော) ဆီကန်မှာ အပူလွန်ကဲပြီး မီးထတောက်ခြင်းပင်ဖြစ်သည်။
မီးလောင်မှုဖြစ်ပွားချိန်တွင် စားသောက်ဆိုင်တွင်းရှိ တာဝန်ကျ ဝန်ထမ်းများမှ ကျမအား အသိပေးမြန်ဆန်ခြင်း၊ မီးလောင်မှုဖြစ်ပွားပါက အရေးကြီးလုပ်ဆောင်ရမည့် လျှပ်စစ်မီးများဖြတ်တောက်ခြင်း၊ ပင်မ Gas အိုးသို့ မီးကူးဆက်မှုမရှိအောင် Gas လာရာလမ်းကြောင်းအား ပိတ်ဆို့ခြင်း၊ နီးစပ်ရာ တာဝန်ရှိအကြီးအကဲများအား အသီးသီး (အဆက်မပြတ်) ဖုန်းဆက်ခေါ်ခြင်း၊ မီးသတ်ဘူးများနှင့် မီးငြိမ်းသတ်ခြင်း၊ အစရှိသည်တို့ကို တာဝန်သိစွာ၊ သတိရှိစွာ လုပ်ဆောင်မှုတို့ကြောင့် မီးဖိုဆောင်အတွင်း ပျက်ဆီးဆုံးရှုံးမှုနည်းခဲ့ပါသည်။
့ ပြာမှုန်များ ဖုံးလွှမ်းနေသော စားပွဲပေါ်မှ အသုံးအဆောင်ပစ္စည်းများ၊ တစ်ဆိုင်လုံးရှိ ပစ္စည်းများ၊ ဖန်ခွက်များ အားလုံးကို ဝန်ထမ်းများအားလုံးက ဝိုင်းဝန်းဆေးကြောသန့်စင်ပြီး ညနေ (၇)နာရီခွဲတွင် ဆိုင်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဤသည်ကား စည်းလုံးခြင်း၏ ရလဒ်ပင်ဖြစ်သည်။
မီးလောင်ခဲ့သော နေရာ
မီးဖိုချောင် အနေအထား
သုံးစွဲပြီး မီးသတ်ဘူးများ
လူများဝိုင်အုံကြည့်နေကြသော မီးဖိုဆောင် အနေအထား
ပြတင်းပေါက်သေးမှတဆင့် မီးညွန့်များထွက်၍ Gas အိုးသို့ မကူးစေရန် မီးသတ်ဘူးသေးများသုံး၍..
ကျမ စဉ်းစားမိသည်မှာ မီးလောင်မှုဖြစ်ပွားသော ရက်မတိုင်ခင်ညက ဆိုင်တွင် အစည်းဝေးတစ်ခုလုပ်ခဲ့ကြသည်။
ဆိုက်ပရပ်စ်နိုင်ငံ၏ ပွင့်လင်းရာသီဖြစ်သော ဇူလိုင်လနှင့် သြဂုတ်လများသည် ဧည့်သည်အများဆုံးလများဖြစ်သောကြောင့် ဝန်ထမ်းများအား တာဝန်များကို ခွဲဝေပေးခြင်း၊ မှားယွင်းသော လုပ်ဆောင်မှုများကို တည့်မတ်ပေးခြင်း၊ညှိနှိုင်းမှုတချို့ကို ပြုလုပ်ခဲ့သည်။
ထိုအစည်းဝေးတွင် ကျမပြောခဲ့သော စကားတစ်ခွန်းရှိပါသည်။
ထိုစကားမှာ...
ဆိုင်တွင် လုပ်သက်အရင့်ဆုံးဖြစ်သည်က တစ်ကြောင်း၊ ကျမ၏ အခန်းမှာ ဆိုင်နှင့်နီးသောကြောင့် ညရေးညတာ မီးရေးထင်းရေး အရေးပေါ်ကိစ္စများအတွက် အသုံးပြုရန် ဆိုင်သော့တစ်ချောင်းအား တာဝန်ရှိသူများက ကျမထံတွင် အပ်နှံထားသည်ကို ဝန်ထမ်းများက သိသည်။
ဆိုင်ပိတ်ချိန်တွင် အကြိမ်ကြိမ် အခါခါဖြစ်လေ့ရှိသော ဆိုင်ထဲတွင် မေ့ကျန်ခဲ့သော ဖုန်းများ၊ အနွေးထည်၊ အခန်းသော့၊ စသည်တို့ကို ယူရန်၊ တစ်ခါတစ်လေ ဆိုင်ထဲမှ မီးတစ်ချို့  ပိတ်ရန်ကျန်ခဲ့သောကြောင့် ဝန်ထမ်းများမှ ကျမထံတွင် သော့တောင်းလေ့ရှိသည်။
အခန်းတွင်းရောက်ပြီးမှ ဆိုင်တွင် တစ်ခုခုမေ့ကျန်ခဲ့သောဝန်ထမ်းအား အကြိမ်ကြိမ်သော့လိုက်ဖွင့်ပေးနေရသော အချိန်ပိုအလုပ်ကို ကျမစိတ်ပျက်မိသည့်အတွက် ဝန်ထမ်းများအား ကိုယ်ရေးကိုယ်တာ မေ့ကျန်ခဲ့မှုများအတွက် ကျမထံမှ သော့ကို တောင်းပိုင်ခွင့်မရှိစေရဟူသော ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ရင်း“ မီးရေး ထင်းရေးကလွဲလို့ ကျမ ဆီက သော့ကို ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ မေ့ကျန်မှုများအတွက် မပေးနိုင်ပါ” ဆိုသည့်စကားကို ပြောမိခဲ့သည်။ အဲဒီလိုမှ မပြောလျှင် ဝန်ထမ်းများမှာ တာဝန်၊ သတိ ပေါ့လျော့သည့်အတွက် အထိန်းအကွတ်အနေဖြင့် ပြောခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ပြောပြီး နောက်တစ်ရက်တွင်မီးလောင်မှုတစ်ကယ်ဖြစ်ပွားခဲ့သည့်အတွက် ကျမ၏ ပါးစပ် တစ်ကယ်ပင်စီးခဲ့ပါသလား ဆိုသည့် အတွေးလေးဖြင့် သွေးပျက်ခဲ့သော နေ့တစ်နေ့ကို ဖြစ်ကျော်ခဲ့ပါသည်။
မှတ်ချက်။ ။
ဝန်ထမ်းတစ်ချို့မှာ မီးလောင်နေချိန်တွင် မီးသတ်ကားရှိရာသို့ တိုက်ရိုက် ဖုန်းမခေါ်ပဲ အခြားနေရာများသို့ ဖုန်းခေါ်ခြင်းများကို မှားယွင်းစွာပြုလုပ်ခဲ့ကြပါသည်။
ဆိုက်ပရပ်စ်နိုင်ငံမှ မြန်မာများ သိထားသင့်သော ဖုန်းနံပါတ်များမှာ အရေးပေါ်(၁၁၂)၊ မီးသတ်(၁၄၀၇)၊ ဆေးရုံကား(၂၆၈၀၃၁၀၀)တို့ပင်ဖြစ်ပါကြောင်း အသိပေးရင်း.. ကျမရဲ့ ပါးစပ် တစ်ကယ်ပဲစီးခဲ့တယ်ဆိုပါလျှင် ဤဆောင်းပါးအားဖတ်ရှုနေသော စာဖတ်သူများအားလုံး ယနေ့မှစလို့ သန်းကြွယ်သူဋ္ဌေးများဖြစ်ကြပါစေရှင်....။
တယ်လီဖုန်း.....
4 hours ago
23 comments:
ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဟိဟိ
လန့်စရာပါလားနတ်သမီးရယ်.... တော်ပါသေးရဲ့ အချိန်မီ မီးသတ်ကားရောက်လာပေလို့...။ ဒါကလည်း တစ်ခုခုဖြစ်ရင် ခေါင်းအေးအေးနဲ့ ချက်ချင်း ဆုံးဖြတ်နိုင်တဲ့ နတ်သမီးလေးရဲ့ စွမ်းရည်ကြောင့်အများကြီးပါပါတယ်...။ ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏...။
ပေးတဲ့ ဆုနဲ့ ပြည့်ပါစေအစ်မရေ. same to you as well
အင်း.. ရုတ်တရက်ကြုံလိုက်ရတဲ့အခါ ရှော့ဖြစ်သွားနိုင်တယ်.... ဘာပဲပြောပြော ပြေလည်အောင်ဖြေရှင်းလိုက်နိုင်တာရယ်၊ အဆုံးအရှုံးမများတာရယ်အတွက် ၀မ်းသာမိတယ်ဗျာ..
ခင်မင်လျက်
နေ၀သန်
ပေးတဲ့ဆုနှင့် ပြည့်ပါစေ။
:D
အိမ်ကလူကြီးကိုသားဆိုးနဲ့မြန်မြန်အတူတကွ
ပေါင်းစည်းနိုင်ရင်တော်ပါပြီ.မအဖြူရောင်ရယ်
ကားခတွေကုန်လွန်းလို့ပါ..
လင်မယားနှစ်ယောက်စလုံးနဲ့မလေးကူးနေရတာ
ပိုက်ဆံလဲမစုနိုင်တော့လို့
အဲဒါလေးတော့ဆုတောင်းပေးပါနော်းး....း)
ခင်မင်လျှက်..
မဒမ်ကိုး(ကိုရွှေဘာ၏ချစ်လှစွာသော)
လုပ်သင့်တာ စနစ်တကျလုပ် သွားနိုင်တာ ချီးကျူးပါတယ်။
ညီမလေးရေ
ရင်တထိတ်ထိတ်နဲ.လာဖတ်သွားတယ်။ တော်သေးတာပေါ.နော်။ သန်းကြွယ်ကြီးဖြစ်ရင် ညီမကိုအရင်ဆုံးအကြောင်းကြားမယ်နော်။
ဝန်ထမ်းတွေတော်လိုက်ကြတာ.. အဲလိုစည်းလုံးကြတာ ချီးကျူးစရာဘဲ... ပေးတဲ့ဆုနဲ့ပြည့်ပါစေ... ပေးတဲ့သူလဲ သူပေးတဲ့ဆုသူပြန်ရပါစေနော်...
တော်ပါသေးရဲ့။ မီးလောင်မှုက အဲဒီလောက်တင် ရပ်တန့်သွားလို့။ နို့မဟုတ်ရင် ဘယ်လိုတွေ ဖြစ်ကုန်ဦးမလဲ မသိဘူး။ အားလုံး စုပေါင်းပြီး အခုလို မီးငြိမ်းသတ်နိုင်တာကို ချီးကျူးမိပါတယ်။ နတ်သမီးလေး ကျန်းမာချမ်းသာ အဆင်ပြေပါစေ။
ခင်မင်လျက်
Thank a lot for sharing your experience.
God bless you.Same to you.
တော်သေးတာပေါ့ဗျာ...ဂလောက်နဲ့ပြီးသွားလို့...။
ပေးတဲ့ဆုနဲ့ နက်ဖြန်သဘက်ကိုပြည့်ရပါစေဗျာ....:D
ဆိုင်ကို ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးမှာလည်း ဆဲသွားလေပြီ...
အဲဒီစာကြောင်းကို ဖတ်ပြီး ခေါင်းကြီးသွားတယ်...ဘာဖြစ်လို့ ဆဲသွားပါလိမ့်လို့ စဉ်းစားလိုက်မိလို့...ပြီးမှ လူစဲသွားတာကို ပြောတာမှန်း သိတော့တယ်...တော်သေးတာပေါ့ နတ်သမီးရယ်...အကြီးအကျယ် မလောင်တာ...
မပူပါနဲ့လေ...နတ်သမီးစောင့်ရှောက်တဲ့ နေရာတိုင်းဟာ နဘယံ- ဘေးမရှိဘူးလို့ ယုံပြီးသား...
နတ်သမီးက အဲ့လိုပြောလို့  ၀န်ထမ်းထဲက တစ်ကောင်ကောင် ရွတ်တာရော မဖြစ်နိုင်ဘူးလား နတ်သမီးရဲ့။ ဘာပဲဖြစ်ဖြစ် နတ်သမီး စကား ထိ တယ်ဆို သူဌေးကြီးဖြစ်ရပါအုန်းမှာ... ဟိဟိ ကောင်းပါ့။
ညီမ ပါးစပ်စီးတယ် ဆိုရင် တောင်းတဲ့ဆု ပြည့်ရပါလို၏ ညီမလည်း သန်းကြွယ်သူဌေးမကြီး ဖြစ်ပါစေလို့ 
မီးလောင်ရင် လန့် ပေမဲ့ စိတ်ထိန်းပြီး တတ်နိုင် သလောက် လုပ်နိုင်တာ ချီးကျူးတယ် အင်္ဂလန်မှာတော့ မီးလောင်ရင် ဘာလုပ်ရမယ် ဆိုတာ သင်တန်းပေးထား တယ်
ကျေးဇူး ကိုဟန်ကြည်ရေ..
ပြင်လိုက်ပြီဗျို့...
လန့်စရာပဲဗျာ
မီးဖိုထဲမှာ ဂစ်အိုးတွေရှိနေတာ ဟူးးး
မလွယ်ဖူး တကယ့်ရောခ်ပဲ
မောင်ဘကြိုင်
ဖက်သွားတယ်မမရေ.........ပေးတဲ့ဆုနဲ့ပြည့်ပါစေ........
ဖက်သွားတယ်မမရေ..........ပေးတဲ့ဆုနဲပြည့်ပါစေ.....
ဒီနေ့စပြီး သန်းကြွယ်သူဥေး ဖြစ်တော့မှာပဲ
အရင်ကလာခဲ့ သေးတယ် လင့်ကဝင်လို့ မရဘူး
အခုရပြန်တော့လဲ သူဥေးဖြစ်မယ့်ကိန်းဆိုက်နေပြီ။
ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ အစ်မရေ။
နောက်တစ်ခါ ညီမလေးနဲ့ မမှားနဲ့ တော့နော်
ခင်မင်စွာဖြင့် (ဖြိုး)
မရေ..ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏း)
မီးလောင်တာတော့ တကယ် လန့်တာ။ လောင်နေတာ မြင်ရင်တောင် တည်ငြိမ်အောင် တော်တော် လုပ်ယူရတာ။ ဘာပဲဖြစ်ဖြစ် ဝန်ထမ်းအားလုံး စုစုစည်းစည်း ဖြေရှင်းနိင်ခဲ့တာ အကောင်းဆုံးပါပဲ။ နောက်ဆို ဘယ်လို ကိစ္စကြုံကြုံ အများကြီး ညှိနှိုင်းနေစရာ မလိုဘူးပေါ့။
အင်း တော်တော်ရင်တုန်သွားလောက်တယ်။ ကျွန်မကတော့ မီးလောင်တာမြင်ရင် ဒူးပါတုန်တာ။
လာရောက်ဖတ်ရှုသွားတယ်နော်။ အမြဲတစ်ခုခုပေးလိုက်နိုင်တဲ့ ဘလော့လေးပါလားရှင်။
Post a Comment