Saturday, June 30, 2012

ရတုတိုင်မည့် အဖြူရောင်ချစ်ခြင်းသံစဉ်


“သစ္စာမရှိတဲ့ လူတစ်ယောက်အတွက်နဲ့ နင် ဒီလောက်ဝမ်းနည်းနေစရာ မလိုဘူး..ဖြူ၊
နာကျည်းစိတ်နဲ့ သူ့ကို မေ့နိုင်အောင် ကျိုးစားဖို့ပဲ လိုတယ်”

“ငါ မေ့နိုင်အောင်ကျိုးစားမှာပါ၊ ဒါပေမယ့် မထင်ထားတဲ့အဖြစ်အပျက်တွေကို အံ့သြလွန်းလို့ပါ”

“နင် သူ့ကို အပြင်မှာတွေ့ဖူးလား”

“ဟင့်အင်း.. သူနဲ့ငါ ချစ်သူတွေဖြစ်တာ ၁နှစ်ကျော်ပြီဆိုပေမယ့် အွန်လိုင်းမှာပဲ တွေ့ခဲ့ကြတာလေ”

“အင်း”

“နင်သိတဲ့အတိုင်းပဲ သူနဲ့ငါက နိုင်ငံတစ်နိုင်ငံဆီမှာ ရောက်နေကြတာ၊ အွန်လိုင်းမှာတွေ့ပြီး ချစ်သူတွေဖြစ်သွားကြတာ..”

သူငယ်ချင်း ဖြူ ပြောပြနေသော အွန်လိုင်းဇာတ်လမ်းတစ်ပုဒ်ကို မြလေးတစ်ယောက် နားထောင်ရင်း သက်ပြင်းခါခါချနေမိသည်။

မြလေး၏သူငယ်ချင်း“ဖြူ”တွင် မောင်မောင်ဆိုသည့် ချစ်သူတစ်ယောက်ရှိသည်။
ဖြူ ပြောပြချက်အရ သူမနှင့် မောင်မောင်မှာ အွန်လိုင်းတွင် တွေ့ဆုံ၍ ချစ်သူအဖြစ်သို့ ရောက်ခဲ့ကြသည်မှာ ၁နှစ်ကျော်ပင်ရှိခဲ့လေသည်။

မောင်မောင်က အစိုးရက စေလွှတ်ခံရသည့် နိုင်ငံတစ်ခုတွင် ပညာသင်နေသောကျောင်းသားတစ်ယောက်၊
တစ်ယောက်တစ်နိုင်ငံစီနေကြသည့်အတွက် အချိန်ကွာသည်။
မောင်မောင် ကျောင်းသွားသည့် အချိန်တွင် ဖြူက အိပ်လို့ကောင်းဆဲ..။
မောင်မောင် ကျောင်းက ပြန်လာချိန်တွင်တော့ ဖြူက အလုပ်သွားဖို့ ပြင်ဆင်နေလေပြီ။
ချစ်သူနှစ်ဦး ၁၀မိနစ်ခန့် စကားပြောကြပြီး ဖြူအလုပ်သွားချိန်တွင် မောင်မောင်က ကျောင်းစာများကို လုပ်၍ကျန်ရစ်သည်။
ဖြူအလုပ်က ပြန်ရောက်ချိန်တွင် မောင်မောင်ရောက်ရှိနေသောနိုင်ငံ

မှာ သာမန်အိပ်ချိန်ကို ကျော်လွန်နေပေပြီ။

သို့သော်.. မောင်မောင်ကတော့ မအိပ်သေးပဲ ဖြူ အလုပ်မှပြန်လာချိန်အထိ စောင့်လေ့ရှိသည်။
ဖြူအဝတ်အစားလဲပြီး၍ အိပ်စက်ချိန်တွင် မောင်မောင်က လေလှိုင်းထဲမှ သီချင်းတစ်ပုဒ်ကို ဆိုပြပြီးမှ ဖြူ့ကိုအိပ်စက်စေသည်။
ဤသည်ကား ဖြူနှင့် မောင်မောင်တို့၏ မပျက်မကွက် လုပ်ဆောင်နေကျ အလေ့အကျင့်တစ်ခုပင်ဖြစ်သည်။

မောင်မောင်က သဝန်တိုတတ်သည်၊ ဖြူ၏ Email Account နှင့် Facebook Accountများကို မောင်မောင်မှ လွှမ်းမိုးချုပ်ကိုင်ထားပြီး မောင်မောင်မကြိုက်သော ကြည့်မရသော ဖြူ့၏သူငယ်ချင်းများကို ဖြူ၏ခွင့်ပြုချက်မရယူပဲ Block လေ့ရှိသည်မှာ မောင်မောင်၏ အကျင့်ဆိုးတစ်ခုဖြစ်သည်။
ဖြူကတော့ မောင်မောင်၏ လုပ်ရပ်များကို မနှစ်မြို့သော်လည်း ချစ်စိတ်ဖြင့် နားလည်ခွင့်လွှတ်လေ့ရှိသည်။

မောင်မောင် ကျောင်းပြီး၍ မြန်မာပြည်သို့ အပြီးပြန်ချိန်တွင် မောင်မောင်၏ အချိန်ပြည့်ထိန်းချုပ်မှုအောက်မှ ဖြူလွတ်မြောက်ခဲ့ပြီး Facebook တွင် သူငယ်ချင်းများနှင့် စလိုက် နောက်လိုက်ဖြင့် နေလာခဲ့ရင် တစ်နေ့တွင် “မဟေသီ”ဆိုသည့် Account အမည်ဖြင့် မိန်းခလေးတစ်ဦး မိတ်ဆက်လာသဖြင့် ဖြူ့ဖက်မှ လက်ခံလိုက်သည့်အချိန်တွင်တော့..
မထင်မှတ်ထားသည့် အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရသည်။

Facebookတွင် “မဟေသီ”ဆိုသည့် မိန်းခလေးတင်ထားသော ဓာတ်ပုံအယ်လ်ဘမ်များထဲမှ “Happy Anniversary”ခေါင်းစဉ်အောက်တွင် မောင်မောင်၏ မွေးနေ့ရက်စွဲဖြင့် မောင်မောင်၏ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ရသည်။
ပိုဆိုးသည်က ဓာတ်ပုံထဲမှ မောင်မောင်ဝတ်ထားသော အဝတ်အစားနှင့် လက်ပတ်နာရီမှာ မောင်မောင့်အတွက် မွေးနေ့လက်ဆောင်အဖြစ် အမှတ်တရပေးပို့ခဲ့သော ဖြူ၏လက်ဆောင်များပင်ဖြစ်သည်။ ဖြူ့ထံတွင်လည်း ဤဓာတ်ပုံရှိသည်။

မိမိ၏ချစ်သူ၏ဓာတ်ပုံမှာ အဘယ်ကဲ့သို့သော အကြောင်းကြောင့် မဟေသီဆိုသည့် မိန်းခလေး၏ “Happy Anniversary”အမည်ရှိ ဓာတ်ပုံဖိုင်လ်ထဲတွင် ရောက်ရှိနေပါသနည်း။
မဟေသီနှင့် ဖြူ အွန်လိုင်းတွင်တွေ့ဆုံခဲ့သည်။

“မဟေသီလားဟင်”

“ဟုတ်ပါတယ်..ဖြူ”

“ဟင်.. ဖြူ့ကို မဟေသီက သိနေတာလား”

“ဟုတ်တယ်.. သိနေတာကြာပါပြီ”

“သြော်....မသေဟီကို ဖြူ တစ်ခုလောက်မေးချင်လို့.”

“ဟုတ်ကဲ့.....မေးလို့ရပါတယ်”

“မဟေသီရဲ့Happy Anniversary ဆိုတဲ့ အယ်လ်ဘမ်ထဲက အမျိုးသားဓာတ်ပုံက ...”

“သြော်.. မောင့်ကိုပြောတာ ထင်တယ်..၊ အဲဒါ မဟေသီရဲ့ချစ်သူလေ.. မောင်မောင် တဲ့”

“ရှင်... ဒါဆိုရင် အဲဒီဓာတ်ပုံအောက်က ရက်စွဲကရော...”

“သြော်.. မောင့်ရဲ့မွေးနေ့ရက်စွဲပါ..၊ မဟေသီနဲ့မောင်နဲ့ချစ်သူတွေဖြစ်ခဲ့ကြတာ ၂နှစ်ခွဲကျော်ပြီလေ၊ မဟေသီက မောင့်ရဲ့မွေးနေ့မှာ မောင့်အတွက် မွေးနေ့လက်ဆောင်အဖြစ် ချစ်အဖြေကိုပေးခဲ့တာ၊ ဘာဖြစ်လို့ မေးတာလဲဟင်”

“ဟို.. ဖြူနဲ့မောင်မောင်နဲ့လည်း ချစ်သူတွေပဲ..”

“ရှင်.. ဖြူတစ်ကယ်ပြောနေတာလား.. လူတော့မမှားပါဘူးနော်..”

“ဖြူ လူမမှားပါဘူး..ရုပ်ချင်းတူတာဆိုရင်တောင် မောင်မောင်ဆိုတဲ့နာမည်ရယ်၊ သူဝတ်ထားတဲ့ အင်္ကျီရယ်၊ သူ့လက်မှာ ပတ်ထားတဲ့နာရီရယ်က ဖြူကိုယ်တိုင် မောင်မောင့်ကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာလေ”

“သြော်.. မဟေသီသံသယဖြစ်သလိုလိုရှိလို့ မောင့်ကိုမေးတော့ မောင်က ဖြူနဲ့သူငယ်ချင်းတွေပါတဲ့၊ သူ့ကိုသိက္ခာမချပါနဲ့တဲ့၊ အဲဒါကြောင့် ဖြူ့ကိုဆက်သွယ်ဖို့ နောက်ကျသွားခဲ့တာ”

“ဒါဆိုရင် Facebook ထဲမှာ မောင်မောင်ရေးနေကျ သူ့ရဲ့Wallပေါ်က ချစ်လေး ဆိုတဲ့အသုံးနှုန်းကိုရော မဟေသီ ဘယ်လိုထင်လဲ”

“မောင်က မဟေသီ့ကို ချစ်လေးလို့ ခေါ်တာလေ”

“ရှင်... ”

“ဘာဖြစ်လို့လဲဖြူ..”

“ဖြူ့ကိုလည်း မောင်မောင်က ချစ်လေးလို့ပဲ ခေါ်ခဲ့တာ..”

“ဟုတ်ရဲ့လားဖြူရယ်.. မောင်က အဲဒီလို လုပ်လိမ့်မယ်လို့ မဟေသီလုံးဝ ထင်မထားခဲ့ဘူး”

“..............”

“မိန်းခလေးချင်းတော့ ကိုယ်ချင်းစာပါတယ်၊ ဒါနဲ့ ဖြူနဲ့မောင် ချစ်သူတွေဖြစ်ကြတာ ဘယ်လောက်ကြာပြီလဲ”

“၁နှစ်ခွဲ”

“သြော်.. မဟေသီနဲ့က ၂နှစ်ခွဲကျော်ပြီ၊ မဟေသီ အလုပ်သွားနေတဲ့အချိန်တွေမှာ မောင်က ဖြူနဲ့တွေ့နေခဲ့တာကိုး”

“ပြီးခဲ့တဲ့လကတောင် မဟေသီမြန်မာပြည်ကို Holiday ပြန်ရင်း မောင်နဲ့တွေ့ခဲ့သေးတယ်”

“မဟေသီနဲ့မောင်မောင် ဘယ်လိုတွေ့ခဲ့ကြတာလဲဟင်၊ ဖြူတို့သုံးယောက်က နိုင်ငံခြင်းမတူလို့မေးတာနော်.. တစ်မျိုးမထင်ပါနဲ့”

“အွန်လိုင်းကနေပဲ တွေ့ကြတာပေါ့ဖြူရယ်၊ မဟေသီနဲ့ကျောင်းနေဖက် သူငယ်ချင်းက မောင်နဲ့တစ်ခန်းထဲနေတာလေ..၊
သူမိတ်ဆက်ပေးရင်း ချစ်သူတွေဖြစ်သွားကြတာ”

“ကျေးဇူးတင်ပါတယ် မဟေသီ..၊ ဒီလောက်သိရရင်ပဲ လုံလောက်သွားပါပြီ”

“ဖြူနဲ့ မောင့်ကိစ္စ.....”

“မစိုးရိမ်ပါနဲ့မဟေသီ.. ဖြူ့ဖက်ကပဲ နောက်ဆုတ်ပေးပါ့မယ်”

အဲဒီနေ့က ဖြူ့အတွက် မုန်တိုင်းထန်ခဲ့သည်၊မျှော်လင့်ချက်တွေ အနာဂတ်မဲ့ခဲ့ရသည်။
ဖြူ့ကို သိပ်ချစ်ပါသည်ဆိုသည့် ချစ်သူ..
၁နှစ်ခွဲလုံးလုံး အိပ်ချိန်ကိုလွန်ဆန်ပြီး ဖြူ အလုပ်မှပြန်လာသည်ကို ဇွဲရှိရှိ စောင့်နေတတ်သောချစ်သူ..
သီချင်းတစ်ပုဒ်ကို သီဆိုပြပြီးမှ ဖြူ့ကိုအိပ်စက်စေခဲ့သော ချစ်သူ...
အခုတော့ သစ္စာမဲ့သော ချစ်သူ.. ဖြစ်ခဲ့ရပြီ။
ဖြူ့အရင် ချစ်သူရှိပြီးသားဖြစ်ပါလျှက် နိုင်ငံမတူ အချိန်မတူသည်ကို အခွင့်ကောင်းယူပြီး နိုင်ငံတစ်ခုစီမှ ချစ်သူနှစ်ယောက်အား နာမ်စားအခေါ်အဝေါ်တူဖြင့် ပိပိရိရိ လှည့်စားခဲ့သူ..
မယုံချင်သော်လည်း ခိုင်လုံသော အထောက်အထားများကြောင့် ကြေကွဲစွာ ယုံကြည်ခဲ့ရသည့်အဖြစ်။

ဖြူသတိရလိုက်သည်က မောင်မောင်ပေးထားသော မောင်မောင့်အိမ်ဖုန်းနံပါတ်၊
မောင်မောင် နိုင်ငံခြားတွင်ရှိသည့်အချိန်ကတည်းက မောင်မောင့်မေမေနှင့် မကြာခဏ စကားပြောခဲ့ဖူးသည်။
မောင်မောင်နှင့် စကားများတိုင်း မောင်မောင့်မေမေထံဖုန်းဆက်၍ တိုင်နေကျ။
ဟုတ်သည်.. မောင်မောင့်အိမ်ကိုဖုန်းဆက်မည်။

“ဟဲလို..”

“အန်ကယ်လားရှင်.. အန်တီရှိလား”

“အန်တီမရှိဘူး.. ခုပြောတာဘယ်သူလဲ.”

“ဖြူပါ အန်ကယ်၊ မောင်မောင့်အကြောင်းတိုင်ချင်လို့..”

“အန်တီမရှိဘူး”

“ဟုတ်.. အန်ကယ့်ကိုပဲ ပြောခဲ့လိုက်တော့မယ်၊ အန်တီလာရင်သာ ပြန်ပြောပြပေးပါ”

“အင်း..”

“မောင်မောင်လေ.. သမီးအပြင် တခြားချစ်သူတစ်ယောက်လည်းရှိနေတယ် အန်ကယ်”

“ဟုတ်လို့လား သမီးရဲ့”

“ဟုတ်တယ် အန်ကယ်.. နာမည်က မဟေသီတဲ့..၊ သမီးနဲ့မတွေ့ခင် ၁နှစ်စောပြီး သူနဲ့တွေ့ခဲ့တာတဲ့..၊ ပြီးတော့ မဟေသီနဲ့မောင်မောင် ရန်ကုန်မှာတောင် ဆုံပြီးသွားပြီတဲ့”

“အန်ကယ် တစ်ခုပြောပါရစေ.. အန်ကယ့်အမျိုးသမီးလည်း အိမ်မှာမရှိဘူး၊ ဒီကိစ္စတွေကို အန်ကယ်လည်း နားမလည်ဘူး၊ မောင်မောင်နိုင်ငံခြားမှာရှိတုန်းက ဘာတွေဖြစ်ခဲ့သလဲ ဘာတွေလုပ်ခဲ့သလဲဆိုတာကိုလည်း အန်ကယ်တို့ ဘာမှမသိခဲ့ရဘူး၊ အန်ကယ်တို့သိတာက နိုင်ငံခြားမှာ မောင်မောင် ကျောင်းသွားတက်တယ်၊ အခုပြန်လာတယ်၊ အဲဒါလောက်ပဲ၊ သူ့ရဲ့ဘဝကို သူ့ဖာသာ ဆုံးဖြတ်နိုင်ခွင့်ရှိတယ်၊ သမီးနဲ့ အန်ကယ့်သားပဲဖြစ်ဖြစ်၊ မဟေသီနဲ့ပဲဖြစ်ဖြစ် အွန်လိုင်းမှာ တွေ့ခဲ့ကြတဲ့ကိစ္စ၊ အန်ကယ်တို့က မိဘချင်းတွေ့ပြီး သဘောတူထားကြတာလည်းမဟုတ်ဘူး၊ အဲဒီတော့ အန်ကယ့်သားရဲ့ကိစ္စကို အန်ကယ်တို့လူကြီးတွေအနေနဲ့ ဘာမှဝင်မပြောချင်ပါဘူး၊ သမီးတို့အချင်းချင်းတွေ့ပြီးညှိကြပါလို့ပဲ အန်ကယ်ပြောပါရစေ”

“ဟုတ်ကဲ့ပါအန်ကယ်..၊အန်ကယ့်သားနဲ့ပြန်ဆက်ဖို့ သမီးပြောနေတာမဟုတ်ပါဘူး..၊
မောင်မောင်ဟာ သစ္စာမဲ့တဲ့လူမှန်း၊ ဖောက်ပြန်တတ်တဲ့လူမှန်း အန်ကယ်တို့မိဘတွေကို အသိပေးယုံသက်သက်ပါ”

“သမီး.. အန်ကယ်တစ်ခုပြောပါရစေ..၊ သမီးလည်း ခေတ်ပညာတတ်တစ်ယောက်ပဲ၊ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီး ကိုယ့်ဘဝကိုယ်ရပ်တည်နေကြတဲ့သူတွေအနေနဲ့ ချင့်ချိန်စဉ်းစားတွေးခေါ်တတ်လိမ့်မယ်လို့ အန်ကယ်ယုံကြည်ပါတယ်၊ သမီးပဲဖြစ်ဖြစ် မဟေသီဆိုတဲ့မိန်းခလေးပဲဖြစ်ဖြစ် သမီးတို့စဉ်းစားသင့်တာက အခြေအမြစ်မရှိတဲ့လေလှိုင်းကြားက အွန်းလိုင်းဆိုတဲ့နေရာမျိုးမှာ တွေ့ဆုံချစ်ကြိုက်ကြတဲ့ကိစ္စ ၊ တစ်ယောက်အကြောင်းတစ်ယောက် အတိအကျမသိပဲ ချစ်သူတွေမဖြစ်သင့်ဘူး၊ လေနဲ့ပြောတဲ့စကားလုံးတိုင်းကို အတည်မယူသင့်ဘူး”

“ဟုတ်ပါတယ်.. သမီးဖက်က မှားသွားပါတယ်၊ အန်ကယ့်ရဲ့သားကို သမီးယုံကြည်မိခဲ့တာကိုက သမီးမှားသွားတာပါ၊ အခုလို ဆုံးမတဲ့အတွက် အန်ကယ့်ကို ကျေးဇူးတင်ပါတယ်”

ပြောချင်တာ ပြောပြီး၍ ဖြူ ဖုန်းကို ပိတ်လိုက်သည်။
မောင်မောင်၏ဖခင်ပြောနေသော စကားလုံးများကို ဖြူ ဆက်၍နားထောင်နိုင်စွမ်းမရှိတော့...
သစ္စာမရှိသူ၊ လူလိမ်တစ်ယောက်၏လှည့်စားခံရခြင်းကို နာကျည်းစွာမေ့ပြစ်ယုံမှတပါး ဖြူ့အတွက် ရွေးစရာလမ်းမရှိပြီ။
................................................................................................
ကြေကွဲဖွယ်ရာ ကလီကမာ အွန်လိုင်းမာယာများနှင့် ရင်ဆိုင်ခဲ့ရသော သူငယ်ချင်းဖြူအား ဂရုဏာသက်ရင်း အွန်းလိုင်းမှအချစ်ကို မြလေးအယုံအကြည်မရှိခဲ့..။

G Talk မှသော်လည်းကောင်း၊ Facebook မှသော်လည်းကောင်း မြလေးထံ ချည်းကပ်လာသူများကိုလည်း အယုံအကြည်ကင်းမဲ့စွာ ရှောင်ရှားခဲ့သည်။
မောင်မောင်၏ဖခင်ပြောခဲ့သော..
““ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ပြီး ကိုယ့်ဘဝကိုယ်ရပ်တည်နေကြတဲ့သူတွေအနေနဲ့ ချင့်ချိန်စဉ်းစားတွေးခေါ်တတ်လိမ့်မယ်လို့ အန်ကယ်ယုံကြည်ပါတယ်၊
အခြေအမြစ်မရှိတဲ့လေလှိုင်းကြားက အွန်းလိုင်းဆိုတဲ့နေရာမျိုးမှာ တွေ့ဆုံချစ်ကြိုက်ကြတဲ့ကိစ္စ ၊
တစ်ယောက်အကြောင်းတစ်ယောက် အတိအကျမသိပဲချစ်သူတွေမဖြစ်သင့်ဘူး၊
လေနဲ့ပြောတဲ့စကားလုံးတိုင်းကို အတည်မယူသင့်ဘူး””

ဆိုတဲ့စကားတွေဟာ မြလေး၏ခေါင်းထဲတွင် သံမှိုစွဲသလို စွဲထင်နေခဲ့သည်။
အွန်လိုင်းအချစ်ဇာတ်လမ်းများကို သူငယ်ချင်းဖြစ်သူ ဖြူနှင့်ထပ်တူ ရော၍စိတ်နာခဲ့သည်။
သူငယ်ချင်းဖြူတစ်ယောက် မောင်မောင်နှင့်ပြတ်ဆဲပြီး(၆)လခန့်အကြာတွင်တော့ Visaသက်တန်းပြည့်၍ မြန်မာပြည်သို့ အပြီးပြန်သွားခဲ့သည့်နောက်ပိုင်း မြလေးတစ်ယောက် အထီးကျန်လာခဲ့သည်။

ဖြူရှိစဉ်အခါက အလုပ်နားရက်များတွင် သူငယ်ချင်းနှစ်ယောက် အပြင်ထွက်လည်လေ့ရှိသော်လည်း ဖြူမရှိတော့သည့်နောက်ပိုင်း အလုပ်နားရက်များတွင် မြလေးတစ်ယောက်ထဲ အခန်းအောင်းကာ အွန်လိုင်းရေဒီယိုနားထောင်ရင်း အချိန်ကုန်စေခဲ့သည်မှာ လအတော်ကြာခဲ့လေပြီ။

အဖြူရောင်သံစဉ် အွန်လိုင်းရေဒီယိုနှင့်ရင်းနှီးလာရင်း သီချင်းတောင်းတတ်လာသည်၊
DJဝန်ထမ်းများနှင့် မျက်မှန်းတန်းမိလာသည်၊ သူငယ်ချင်းဖြစ်လာခဲ့သည်၊ တစ်ခါတစ်လေ မြလေးအွန်လိုင်းတွင်ရှိနေသည့်အခါမျိုးတွင် ခင်မင်သော DJများမှ မြလေးအတွက် သီချင်းလက်ဆောင်များကို ထုတ်လွှင့်ပေးတတ်သည်။

အဖြူရောင်သံစဉ်မှDJများမှာ နိုင်ငံအသီးသီးတွင် အလုပ်လုပ်နေကြသောသူများ၊ ကျောင်းပညာသင်ကြားနေကြသူများ၊ မိသားစုလိုက် နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်ကြသူများပင်ဖြစ်သည်။
ထိုသူတို့သည် အခကျေးငွေမရရှိပါပဲ စေတနာဖြင့် မိမိတို့အားလပ်ချိန်များတွင် DJတာဝန်ကို (တစ်ရက်၃နာရီနှုန်းဖြင့်)အလှည့်ကျထမ်းဆောင်နေကြသူများပင်ဖြစ်သည်။
ဝါသနာကိုအရင်းခံ၍ မိမိတို့၏ကိုယ်ပိုင်အချိန်ကိုဖဲ့ကာ DJတာဝန်ကို ထမ်းဆောင်နေကြသော DJဝန်ထမ်းများမှာ တစ်ခါတစ်လေ အွန်လိုင်းသရဲများနှင့်တွေ့ကာ အသားလွတ်ရန်စ၊ အစော်ကားခံ၊ အဆဲခံရသည်များကို သည်းခံခွင့်လွှတ်ပြီး နိုင်ငံအသီးသီးမှ မြန်မာများအတွက် ဖျော်ဖြေရေးအနေဖြင့် တောင်းဆိုသော သီချင်းများကို ထုတ်လွှင့်ပေးနေသည်မှာ ချီးကျူးစရာကောင်းလှပေသည်။

အဖြူရောင်သံစဉ်မှာ သီချင်းထုတ်လွှင့်မှုအပြင် ဘာသာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကြော်ငြာကဏ္ဍ၊ နှလုံးသားအမေးအဖြေကဏ္ဍ၊ အုပ်စုဖွဲ့စကားပြောနိုင်သော Chatting Roomများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်များ၊ နိုင်ငံတစ်ကာသတင်းများ၊ ဆောင်းပါးများ၊ကဗျာများ၊ ဟင်းချက်နည်းများ စသည့်ကဏ္ဍများကိုလည်း ဆိုဒ်တစ်ခုဖွင့်လှစ်ကာ ပြည်တွင်းပြည်ပရှိ မြန်မာများအတွက် အပမ်းဖြေ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်ပေးထားသည်။
ထို့အပြင် ထိုဆိုဒ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ပြီး မိမိတိုဝါသနာပါရာ ကဏ္ဍများတွင် ဝင်ရောက်ရေးသား ဆွေးနွေးနိုင်သေးသည်။

..............................................................................................

အားလပ်ချိန်များတွင် အဖြူရောင်သံစဉ်မှ ဆောင်းပါး၊ ကဗျာ၊ သတင်းများကို ဝင်ရောက်ဖတ်ရှုရင်း အဖြူရောင်သံစဉ်မှာ မြလေးရဲ့လက်စွဲအဖော်ဖြစ်လာခဲ့သည်။
မြလေးအလုပ်ပြီး၍ အနားယူချိန်ညပိုင်းတွင်တော့ အဖြူရောင်သံစဉ်မှထုတ်လွှင့်သည့် သီချင်းများကို နားထောင်ရင်း သီချင်းတောင်းခြင်းအလုပ်ကို လုပ်တတ်လာခဲ့သည်။
ညဖက်အချိန်များတွင် မကြာခဏတွေ့ဆုံလေ့ရှိသော တာဝန်ကျDJများထဲမှ မြလေးဗိုလ်အကျရဆုံးသူကတော့ DJစိုင်းပင်ဖြစ်သည်။

“Hi”
“ဟိုင်း...”
“သီချင်းတောင်းချင်လို့”
“ဟုတ်”
“သီချင်းနာမည်တော့ မမှတ်မိဘူး.. အဆိုတော်ကတော့ မိန်းခလေးပဲ..”
“ဗျာ..ဒါဆို သီချင်းနာမည်ပြော...”
“အဲဒါလည်းသိဘူးရော”
“ဟမ်.. ဒါဆိုရင် ကျွန်တော် ဘယ်လိုဖွင့်ပေးရမလဲ”
“ဟိုလေ.. သီချင်းထဲမှာ အမေက သမီးကို ချော့သိပ်တဲ့သီချင်းလေ...၊ xxx အိပ်ပါတော့ကွယ်xxxx ကြောင်ကြီးကိုက်လိမ့်မယ်xxx အိပ်ယာနိုးရင်ကျောင်းသွားရအုံးမယ်xxx ဆိုတဲ့ စာသားတွေပါတယ်လေ”
“....... သီချင်းနာမည်က အမေပုခက်လွှဲ ပါဗျာ ”
......................................................................

“မင်္ဂလာပါ ကိုစိုင်း”
“မင်္ဂလာပါဗျာ”
“သီချင်းတောင်းမလို့”
“ဟုတ်”
“ကြာတော့ကြာပြီ.. နားထောင်ချင်လို့”
“ဟုတ်”
“ထူးအိမ်သင်ဆိုတဲ့ အကြင်နာအိပ်မက်”
“ဟုတ်.. ခဏစောင့်နော်..ရှာပေးမယ်”
.........................................................
“ကိုစိုင်းးးးးးးးးးး.”
“ဗျား”
“အခုလာနေတဲ့သီချင်းမတိုင်ခင် ရှေ့ကသီချင်းလေး၊ မြလေးကြိုက်လို့၊ပို့ပေးလို့ရမလားဟင်”
“သီချင်းခေါင်းစဉ်မှတ်မိလား”
“မမှတ်မိဘူး၊ တစ်ဝက်တစ်ပျက်ပဲ ကြားလိုက်တာ၊ သီချင်းလေးက အေးအေးလေးမို့ ပြန်နားထောင်ချင်လို့ပါ”
“ဟုတ်.. ကျွန်တော်ရှာပြီး ပို့ပေးလိုက်ပါ့မယ်”
......................................................

“ကိုစိုင်း”
“ဗျာ့”
“သီချင်းတောင်းပေးပါလား”
“ဟုတ်.. ဘာသီချင်းနားထောင်လဲ”
“သီချင်းလင့်လေးပို့ပေးလိုက်မယ်နော်..၊ ဒေါင်းပြီးပြန်ဖွင့်ပေး”
“ဟုတ်ပါပြီဗျာ”
......................................................
“DJကြီး”
“ဗျားး”
“ကိုရီးယားစာသားလေးပါတဲ့သီချင်းလေ၊ ယောက်ျားလေးအဆိုတော်ပဲ”
“ဟင်.. လုပ်ပြန်ပြီ”
“ခေါင်းစဉ်မမှတ်မိလို့ပါ ကိုစိုင်းရယ်..၊ xxx ဆာဒါငဲယိုးxxx မင်းကို ငါချစ်တယ်xxxဆိုလား..အဲဒါပါတယ်လေ”
“ဟဲလေးဆိုထားတာပါဗျာ.. ခဏစောင့်”
.........................................................
“ကိုစိုင်း”
“ဗျာာာာ... သားကြောက်တယ်”
“ဟီးဟီး..မကြောက်ပါနဲ့”
“ ....... ”
“သီချင်းအေးအေးလေးတွေဖွင့်ပေးပါလို့ပြောမလို့”
“ဟုတ်.. တော်ပါသေးရဲ့”
“ဟိ”
.....................................................
အဲဒီလိုနဲ့ပဲ DJစိုင်းနဲ့မြလေးတို့ရဲ့ခင်မင်မှုက တစ်စထက်တစ်စ တိုးလာခဲ့သည်၊
တစ်ခါတစ်လေ DJစိုင်းမှ မြလေးအတွက် သီချင်းအေးအေးလေးများကို Email ဖြင့် ပို့ပေးတတ်သည်၊
မြလေးရှိတတ်သော အချိန်များတွင် မြလေးအကြိုက် သီချင်းလေးများကို ဖွင့်ပေးတတ်သည်။
DJစိုင်း၏ မြလေးအပေါ်ဂရုစိုက်မှုများ ၊ အကြင်နာအရိပ်အရောင်များကို မြလေးရိပ်မိသော်လည်း သူငယ်ချင်းဖြူ၏ အွန်လိုင်းပေါ်က အချစ်ဇာတ်လမ်းကို ပြန်တွေးမိရင်း DJစိုင်းနှင့် မိတ်ဆွေအဆင့်ထက်မပိုစေရန် မြလေးဖက်မှ ထိန်းခဲ့သည်။
တစ်ခါတစ်လေ မြလေးနှင့် DJစိုင်းတို့ DJတာဝန်မဟုတ်သည့်အချိန်များတွင် ကိုယ်ပိုင်အကောင့်ဖြင့် စကားပြောဖြစ်ကြသည်။
“မြလေး..”
“ရှိ...”
“မနက်ဖြန်ကျရင် ကျွန်တော်မြန်မာပြည်ကို အလည်ပြန်မှာမို့လို့ မြလေးကိုနှုတ်ဆက်တာ..”
“ဟင်...”
“၁လကြာမယ်..”
“ဟုတ်.. ကျန်းမာရေးကို ဂရုစိုက်အုံး.၊ ပြီးတော့ မြလေးစားချင်တာတွေကို ကိုစိုင်းက လူစားဝင်ပြီး စားပေးမလား.”
“ရပါတယ်.. ဘာတွေစားခဲ့ရမလဲ”
“နန်းကြီးသုတ်၊ အာပူလျှာပူ၊ ငှက်ပျောသီးပေါင်း၊ အိုးကလေးဒိန်ချဉ်၊ ကြေးအိုး၊ အာလူးပူရီ၊ ပလာတာနဲ့ကြက်သား၊ မုန့်စိမ်းပေါင်းအဖြူရောင်၊ ရွှေရင်အေး”
“ဟုတ်..စားခဲ့မယ်”
“အာ.. အဲလိုစားခဲ့လို့မရဘူး၊ အဲဒီအစားအစာတွေကို တစ်ရက်ထဲနဲ့အကုန်စားရမှာ၊ စိတ်ထဲကနေ မြလေးအတွက်စားတာပါလို့ မှတ်ပြီးစားရမှာ”
“သေပြီဆရာ..း( ”
“ဟိဟိ.. စတာပါ ကိုစိုင်းရယ်..၊ ကျန်းမာရေးဂရုစိုက်နော်၊ အစာစားရင်လည်းကြည့်စားအုံး၊ တစ်ခုပဲ မှာချင်တယ်”
“ဟုတ်..”
“ကိုစိုင်း ဘုရားသွားဖြစ်တဲ့အခါကျရင်သာ ဘုရားစောင်းတန်းက ပန်းဆိုင်လေးတွေကို ဓာတ်ပုံရိုက်ခဲ့ပေးပါနော်၊ မြလေးလိုချင်လို့..”
“စိတ်ချ.. ရိုက်လာခဲ့မယ်”
........................................................
DJစိုင်း မြန်မာပြည်သို့အလည်ပြန်သွားချိန်တွင်တော့ မြလေး၏ရင်ထဲတွင် တစ်ခုခုလိုနေသလို....
တာဝန်ကျDJများထံတွင် သီချင်းတောင်းနေမိသော်လည်း အရင်ကလောက်စိတ်က မပါခဲ့...
ဒီလိုနဲ့ပဲ အဖြူရောင်သံစဉ်မှထုတ်လွှင့်သော သီချင်းများကိုသာ နားထောင်ရင်း ဖြတ်ကျော်ခဲ့ရသည့်ညများမှာလည်း တစ်ညပြီးတစ်ည...
..................................................
“ကျွန်တော်ပြန်ရောက်ပြီ မြလေး..
မြလေးအတွက် ဘုရားစောင်းတန်းက ပန်းဆိုင်လေးတွေကို ဓာတ်ပုံရိုက်လာခဲ့တယ်၊ မြလေးကြည့်ဖို့ ပို့ပေးလိုက်တယ်..
အခု ကျွန်တော် အလုပ်သွားပါတယ်၊ ပြန်လာမှတွေ့မယ်နော်၊
See you....”
ဆိုတဲ့ ကိုစိုင်းရဲ့Email နဲ့အတူ ဘုရားစောင်းတန်းက ပန်းဆိုင်ပုံလေးတွေကို မြလေး လက်ခံရရှိခဲ့တဲ့နေ့က ဖော်မပြနိုင်တဲ့ခံစားချက်လေးတစ်ခုကို မြလေးသတိထားမိလိုက်သည်...

...................................

DJစိုင်းကို မြလေးချစ်မိနေပြီလား..
ဟင့်အင်း..အွန်လိုင်းမှာတွေ့ခဲ့ရတဲ့သူ့ကို မြလေးချစ်လို့မဖြစ်ဘူး၊ အွန်လိုင်းချစ်သူကြောင့် အသဲကွဲခဲ့ရတဲ့ ဖြူ့အကြောင်းကိုတွေးမိတိုင်း DJစိုင်းအပေါ်ထားမိသည့် သံယောဇဉ်များ တစ်စထက်တစ်စ တိုးမလာစေရန် မြလေးအတတ်နိုင်ဆုံးထိန်းခဲ့သည်..။

ပြန်စဉ်းစားကြည့်တော့လည်း DJစိုင်းက ရိုးသားသည်။
မြန်မာဆန်သည်၊ ကြင်နာသည်၊ ဘုရားတစ်ရားကိုင်းရှိုင်းသည်၊စကားပြောယဉ်ကျေးသိမ်မွေ့သည်။
အခြားသူများကဲ့သို့ အွန်လိုင်းတွင် ပွေရှုပ်မည့်ပုံမျိုး အရိပ်အယောင်မျှပင်မတွေ့ခဲ့ရ...


မြလေးနှင့် DJစိုင်းတို့အလုပ်ချိန်မှအပ အွန်လိုင်းတွင် အမြဲတွေ့ဖြစ်သည်၊
DJစိုင်းနှင့် စကားပြောနေရလျှင် မြလေးပျော်သည်၊ကြည်နူးသည်။
တစ်ခါတစ်လေ တွေ့နေကျအချိန်တွင် DJစိုင်းတစ်ယောက်အွန်လိုင်းပေါ်သို့ရောက်မလာခဲ့လျှင် မြလေးစိတ်ပူနေတတ်ပြီ..။

ယနေ့ DJစိုင်းကို အွန်လိုင်းတွင်မတွေ့ရ..
တွေ့နေကျအချိန်ထက် တစ်နာရီကျော်ခန့် နောက်ကျပြီးမှရောက်လာခဲ့သည်။
“မြလေး..”
“ဒီနေ့ကိုစိုင်းနောက်ကျတယ်နော်..”
“ဟုတ်တယ်..မြလေး..ကျတော် အိမ်ပြောင်းဖို့ ပစ္စည်းတွေထုတ်ပိုးနေလို့ပါ..”
“ဟင်.. ဘာဖြစ်လို့ပြောင်းမှာလဲ”
“ကုမ္ပဏီက အခုကျတော်တို့ဝန်ထမ်းတွေ နေတဲ့အဆောင်ကို ပြန်အပ်ပြီး အလုပ်နဲ့နီးတဲ့နေရာမှာ ပြန်ငှါးပေးတယ်”
“သြော်..”
“အဲဒီနေရာရောက်ရင် ကျတော်အင်တာနက်လိုင်း ပြန်လျှောက်ရမယ်..အင်တာနက် မရသေးတဲ့အချိန်မှာ မြလေးနဲ့အခုလိုတွေ့ဖို့ သိပ်မလွယ်တော့ဘူး”
“ဘယ်လောက်ကြာမှာလဲဟင်”
“မသိသေးဘူး..တစ်လလောက်ကြာမလား၊ တစ်ပတ် နှစ်ပတ်လောက်ဖြစ်မလားဆိုတာ.. အတိအကျပြောလို့မရဘူး”
“.......”
“ကျတော် မြလေးနဲ့မခွဲနိုင်ဘူး....”
“......”
“မြလေးကို.. ကျတော်ချစ်မိနေပြီ..”
“.....”
“မြလေး...”
“......”
“ဖြေပါအုံးမြလေးရယ်.... ကျတော်ပြောတာ ကြားရဲ့လား”
“ဟုတ်...”
“ကျတော့်ကို တစ်ခုခုပြန်ပြောပါအုံး မြလေး”
“ဟို..မြလေး.. မြန်မာပြည်ပြန်ရတော့မယ်”
“ဗျာ...”
“ဟုတ်တယ်... ပြန်ဖြစ်မယ် မပြန်ဖြစ်ဘူးဆိုတာ မသေခြာသေးလို့ ကိုစိုင်းကို မြလေး ကြိုမပြောခဲ့တာ... ”
“ဒါဆို.. မြလေးကို ကျတော်မတွေ့ရတော့ဘူးပေါ့..”
“.....”
“မြလေး..”
“ရှင်.....”
“မြလေး မြန်မာပြည်မပြန်ခင် ကျတော့်ကို အဖြေတစ်ခုခုတော့ ပေးခဲ့ပါလား”
“မြလေး ကိုစိုင်းကို ခင်ပါတယ်.. သံယောဇဉ်လည်းရှိပါတယ်.. ဒါပေမယ့် မြလေး ကိုစိုင်းနဲ့တွေ့တဲ့အချိန်ကျမှပဲ ပြောပါရစေ၊ မြလေးရဲ့ရင်ထဲမှာ ကိုစိုင်းအတွက် အဖြေရှိပြီးသားပါ”
“ကောင်းပါပြီမြလေး.. ကျတော်နားလည်ပါတယ်..၊ ကျတော်လည်း မြန်မာပြည်ကိုပြန်ဖို့ ၅လလောက်ပဲလိုတော့တာ. မြလေးကို ပြောပြထားဖူးတယ်လေ”
“ဟုတ်...”
“မြလေးဖက်ကသာ ကျတော့်ကို စောင့်ပေးပါ”
“ဟုတ်...”
“မြလေး ဘယ်တော့ ပြန်မှာလဲဟင်”
“နောက်တစ်ပတ် တနင်္ဂနွေနေ့”
“ကျတော် မြလေးဆီကို အရောက်လာခဲ့ပါ့မယ်”



DJစိုင်း၏စကားအဆုံးတွင် မြလေးမျက်ဝန်းမှမျက်ရည်များ လိမ့်ဆင်းလာခဲ့သည်
တစ်ကယ်တော့ DJစိုင်းကို မြလေးချစ်သည်..၊
DJစိုင်း၏နွေးထွေးသော အကြင်နာအရိပ်အောက်မှာ မြလေးသာယာတတ်နေပြီ..။

“မြလေး.. ကိုစိုင်းကို စောင့်နေပါ့မယ်...”
................................................

၁နှစ်ခွဲခန့်ကြာပြီးသော်....

“မောင်....”
“....”
“မောင်....”
“ဗျာာာာာာာာာ”
“ဘာတွေအလုပ်ရှုပ်နေတာလဲလို့..မြလေးခေါ်တာတောင် မကြားဘူး.”
“စောဒီးပါ မိန်းမရယ်.. ဒီမှာလေ.. အဖြူရောင်သံစဉ်(၅)နှစ်ပြည့်နှစ်ပတ်လည် အထူးအစီအစဉ်အတွက် ပရိုဂရမ်တွေရေးနေရလို့ပါ”
“အဲ..ဟုတ်သားပဲ.. အဖြူရောင်သံစဉ်တောင် (၅)နှစ်ပြည့်ပြီနော်.. ပြီးပြီလားမောင်”
“မပြီးသေးပါဘူးကွာ.. အဖြူရောင်သံစဉ်နဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လောက် လွှင့်ချင်လို့ အကြံထုတ်နေတာ.. ပေါ်မလာဘူးဖြစ်နေတယ်”
“သြော်.. ဒါများ မောင်ကလည်း.. မြလေးတို့ဇာတ်လမ်းကိုရေးလိုက်လေ..”
“ဟေ...”
“ဟုတ်တယ်လေ.. မြလေးနဲ့မောင် အဖြူရောင်သံစဉ်ကြောင့် တွေ့ခဲ့ကြပြီး အိမ်ထောင်ကျခဲ့လို့ အခုဆိုရင် ၁နှစ်ခွဲတောင်ကျော်ခဲ့ပြီပဲဟာကို...”
“ဟားးးးးးးးးးး ဟုတ်သား.. မောင်မေ့နေတာ...ငါ့မိန်းမတော်တယ်..”
“ဟိဟိ”
“မိန်းမ....”
“ဘာတုန်း..”
“အဲဒီအချိန်တုန်းကလို မောင့်ကို ရင်ခုန်သေးရဲ့လားဟင်”
“အာ.. ဘာတွေလာမေးနေတာတုန်း..”
“ဖြေစမ်းပါ မိန်းမကလည်း.. သိချင်လို့ပါဆိုနေ...”
“သိဘူး..”
“ဟဲဟဲ.. မောင့်မိန်းမက မဖြေပေမယ့် မောင့်မိန်းမရဲ့ဗိုက်ထဲက တာတီးပိုးလေးက ပြောနေတယ်.. ဖေကြီးရေ...တဲ့၊
မေကြီးရဲ့နှလုံးခုန်သံတွေ ဆူညံနေလို့ သားသားအိပ်လို့မရဘူး...တဲ့”
“သွား... အာလူး...”
“ဟုတ်ပါတယ်ဆိုနေ.. မယုံရင် ဗိုက်ထဲက တာတီးပိုးလေးကိုမေးကြည့်ပါလား”
“မေးပါဘူး..”
“မေးမလား..မေးဘူးလား..”
“မေးဘူး...”
“မမေးဘူးနော်.. ရတယ်လေ.. မမေးရင် မေးအောင်လုပ်ပြမယ်..လာထား..”
“အာ... မောင်နော်..လွှတ်.. သူများကို”
“လွှတ်ဘူး..”
“လွှတ်ပါဆိုနေ...”
“ဒါဆိုရင်..ဖြေ...”
“အင်း..ဖြေမယ်...”
“ဖြေ....”
“မောင့်ကိုလေ.. ဟိုးးးးးအရင်ကထက် မြလေးပိုပြီးချစ်လာတယ် ဆိုတာ မြလေးရဲ့ဗိုက်ထဲက ရင်သွေးလေးက သက်သေပါမောင်ရယ်..”
“အရမ်းချစ်တတ်တဲ့ မောင်နဲ့မြလေးတို့ကို တွေ့ဆုံခွင့်ပေးခဲ့တဲ့ အဖြူရောင်သံစဉ်ကိုလည်း မြလေးကျေးဇူးအရမ်းတင်တာပဲ..၊ ပြီးတော့ မြလေးရဲ့သူငယ်ချင်း ဖြူ့လိုမျိုး အွန်လိုင်းအသဲကွဲဇာတ်လမ်းတွေရှိသလို မြလေးတို့လို အွန်လိုင်းမှာတွေ့ဆုံပြီး စစ်မှန်တဲ့အချစ်နဲ့ အကြင်လင်မယားတွေဖြစ်ခဲ့ကြတဲ့ စုံတွဲတွေရှိတယ်ဆိုတာကို အဖြူရောင်သံစဉ်ရေဒီယိုနှစ်ပတ်လည်မှာ ထည့်ပြောဖြစ်အောင်ပြောပေးပါနော်
“ဟုတ်ပါပြီဗျာ..မောင့်မိန်းမ သဘောတော်အတိုင်းပါ..”
“...”
“မိန်းမ....”
“ဟင်...”
“မောင်တို့ရဲ့ဇာတ်လမ်းကိုရေးတာတော့ ဟုတ်ပါပြီ.. ခေါင်းစဉ်လေး စဉ်းစားပေးပါအုံး”
“အန်.. မပြီးသေးဘူးလား”
“လုပ်ပါ မိန်းမရာ.. မိန်းမက တော်ရဲ့သားနဲ့”
“မောင်နဲ့မြလေးတို့တင်မကဘူး.. အွန်လိုင်းမှာ တွေ့ဆုံပြီး အပြင်မှာ တစ်ကယ်လက်ထပ်သွားကြတဲ့သူတွေ.. ၊
အဖြူရောင်သံစဉ် ရေဒီယိုကို နားထောင်ရင်း နဖူးစာပါသွားကြသူတွေအတွက် ရွှေရတု..ငွေရတု..စိန်ရတု.. အစရှိတဲ့ရတုပေါင်းများစွာကို ဖြတ်သန်းနိုင်ကြဖို့နဲ့ ဖူးစာရေးနတ်ဖြစ်တဲ့အဖြူရောင်သံစဉ်ကိုပါ ဆုတောင်းပေးရင်း
“ရတုတိုင်မည့် အဖြူရောင်ချစ်ခြင်းသံစဉ်”လို့ အမည်ပေးလိုက်ရင် မကောင်းဘူးလား...”
“ရ တု တိုင် မည့် အ ဖြူ ရောင် ချစ် ခြင်း သံ စဉ်”
“ရတုတိုင်မည့် အဖြူရောင်ချစ်ခြင်းသံစဉ်”


........................................
ပြီးပါပြီ..
အဖြူရောင်သံစဉ်အွန်လိုင်းရေဒီယို(၅)နှစ်ပြည့်ဂုဏ်ပြုအမှတ်တရအဖြစ်...
နမ်းမဝ(အဖြူရောင်နတ်သမီး)

6 comments:

သိင်္ဂါကျော် said...

Happy Ending လေး..
သဘောကျတယ်.. :)

Angelhlaing(May everybody be happy and healthy! said...

အွန်လိုင်းဘဝတွေနဲ့ အနီးစပ်ဆုံး ...:):) ပညာပေးရော ၇သလေးပါ ပိုင်တယ်မမရေ..
ခံစားအားပေးလျှက်ပါ..

mstint said...

လူအမျိုးမျိုးစိတ်အထွေထွေမို့ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင်မယုံရဘူးဆိုတဲ့ စကားရှိခဲ့တာပေါ့ နတ်သမီးရေ။ ပညာပေးဇာတ်လမ်းလေးကောင်းတယ် အရာရာမှာ ချင့်ချိန်ပြီးမှ ယုံကြည်မှုထားရင် အကောင်းဆုံးပေါ့နော် မောင်မောင်ရဲ့ဖခင်ပြောတာ သဘာဝကျပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

အစကနေ အဆုံး ဘယ်လိုပြီးသွားမှန်းတောင် မသိလိုက်ဘူး။ နတ်သမီးက စာရေးတာ ချောနေတာပဲ။ နှစ်သက်စရာ ဇာတ်လမ်းလေး။

Latt Latt said...

လာရောက်အားပေးခံစားသွားပါတယ်

William Alx said...

ကောင်းလိုက်တဲ့ ပိုစ့် :-)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger