Tuesday, July 31, 2012

ကျမရဲ့ဘလော့ဂ်လေး(၃)နှစ်ပြည့်ပါပြီ



“ရက်”မှ “လ”..သို့၊ “လ”မှ “နှစ်”..သို့ ကူးပြောင်းလာလိုက်တာ ဒီနေ့ဟာ
ကျမရဲ့ “အဖြူရောင်နတ်သမီး”ဘလော့ဂ်(၃)နှစ် တင်းတင်းပြည့်တဲ့နေ့ကို
ရောက်ခဲ့ပြန်ပါပြီ။ ဘယ်သောအခါကမှ မတွေးခဲ့ဖူးတာကတော့ တစ်နေ့နေ့
တစ်ချိန်ချိန်မှာ ကျမဟာ စာရေးသူတစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာကိုပါပဲ။

တစ်ကယ်ပါ...
စာရေးသူတစ်ယောက် ဖြစ်ဖို့မပြောနဲ့၊ လုံးချင်းဝတ္ထု ၊
ဆောင်းပါးရှည်ရှည်တွေကိုတောင် ဖတ်ဖို့ ဝါသနာမပါတဲ့ကျမဟာ စားဝတ်နေရေးအတွက်
ဘဝကိုရုန်းကန်ရင်း စာပေ ဗဟုသုတ အားနည်းစွာနဲ့ အချိန်တွေကို
ဖြတ်ကျော်လာခဲ့တယ်။

“ဆိုက်ပရပ်စ်” (Cyprus)ဆိုတဲ့ ကျွန်းနိုင်ငံလေးတစ်ခုပေါ်က
တရုတ်စားသောက်ဆိုင်ကြီးတစ်ခုမှာ ဧည့်ကြိုဘဝနဲ့ အချိန်ကာလတွေကို
အထီးကျန်စွာ ဖြတ်ကျော်လာခဲ့ရင်း ရင်ထဲမှာ မွန်းကြပ်လာတဲ့အခါ
ခံစားချက်တွေကို စာလုံးလေးတွေအဖြစ်ပြောင်းလဲပြီး Blogspot
ပေါ်မှာရင်ဖွင့်ခဲ့ပါတယ်။

ကျမအရေးအများဆုံးကတော့ ခံစားချက် အချစ်ကဗျာများနဲ့ ဆိုက်ပရပ်စ်နိုင်ငံက
စိတ်ဝင်စားစရာ သမိုင်းကြောင်း၊ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်များ၊
ကျမရဲ့ လုပ်ငန်းခွင်ထဲက အတွေ့အကြုံတွေ၊ ကျမဘဝရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို
ရေးခဲ့တဲ့နောက်ပိုင်းမှာတော့
ကျမရဲ့“အဖြူရောင်နတ်သမီး”ဘလော့ဂ်အိမ်လေးထဲကို ကျမရဲ့ ခံစားချက်တွေကို
မျှဝေခံစားပေးမယ့် စာဖတ်သူတွေ တစ်ဖြည်းဖြည်း ရောက်ရှိလာခဲ့တယ်။

Email တစ်ခုရှိယုံနဲ့ Blogspot လို website တစ်ခုကို
လွယ်ကူစွာလုပ်လို့ရနေတဲ့ ယနေ့ခေတ်မှာ ကျမအပါအဝင် ကိုယ်ပိုင်Blogspot
လိပ်စာတစ်ခုနဲ့ Blogger အမည်ခံထားသူတွေဟာ သူတို့ရဲ့ ရင်ထဲက
ခံစားချက်တွေကို အင်တာနက်ပေါ်မှာ ရင်ဖွင့်ခွင့်ရခဲ့ကြတယ်။

နာမည်ရှိပြီးသား စာရေးဆရာများ၊ ကာတွန်းဆရာများ၊ စာနယ်ဇင်းဆရာများ၊
ကဗျာဆရာများဟာလည်း သူတို့ရဲ့ ဝတ္ထု၊ ကဗျာ၊ ကာတွန်း၊ သတင်းဆောင်းပါးများကို Blogspot ပေါ်မှ မျှဝေခဲ့ကြတယ်။

သူတို့ဟာ ကိုယ်ပိုင် Blogspot လိပ်စာမရှိခင်ကတည်းက နာမည်ရှိပြီးသား(သို့)
စာဖတ်သူများလက်ခံပြီးသား၊ အသိအမှတ်ပြုပြီးသား
စာရေးဆရာစစ်စစ်များဖြစ်ကြတယ်။ သူတို့ကို ဘလော့ဂ်ရှိသော စာရေးဆရာစစ်စစ်များဟုခေါ်နိုင်ပါတယ်။

ကျမကဲ့သို့ Blogspot ဖွင့်၍ အပျော်တန်း စာရေးသောသူများကိုတော့
သာမန်ဘလော့ဂ်ကာများဟု သတ်မှတ်ခေါ်ဆိုနိုင်ပြီး
မြန်မာပြည်တွင်ထုတ်လုပ်ဖြန့်ဝေသော မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ပင်တိုင်
ကလောင်ရှင်များအဖြစ်ရေးသားရန် ကမ်းလှမ်းခံရသူများစွာကိုလည်း
ကျေနပ်အားရစွာတွေ့မြင်နိုင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ မိမိသိထားသော အကြောင်းအရာများကို
စာတစ်လုံး(သို့မဟုတ်) တစ်လုံးထက်ပိုသော စာများအဖြစ်သို့ ပြောင်းလဲပြီး
အခြားသူများအား မျှဝေသူများကို “စာရေးသူ” ဟု သတ်မှတ်နိုင်သည်။

မိမိရေးသောစာများကို စိတ်ဝင်စား၍ ဖတ်သူများပြားလာသည်နှင့်အမျှ စာရေးသူမှာ
မိမိရေးသောစာများအတွက် တိကျမှန်ကန်သော သတင်း အချက်အလက်များဖြစ်စေရန် ပို၍
တာဝန်ယူရသည်၊ တာဝန်ကြီးလာသည်။

ကျမအပါအဝင် ဘလော့ဂ်ကာ အမည်ခံထားသော စာရေးသူများသည် Profile နှင့်တကွ
မိမိကိုယ်ကို လူမြင်ကွင်းတွင် ထွက်ပြထားသည့်အတွက်
အနုပညာသမားများကဲ့သို့ပင် အပြောအဆို၊ အနေအထိုင်ကအစ ဂရုစိုက်ရသည်။

“စာရေးသူ” ဆိုသည်မှာ ၎င်းတို့၏ ခံစားချက်၊ အတွေး၊ အမြင်၊ အယူအဆ၊
စိတ်ကူးယဉ်မှုတို့ကို ရှုထောင့်အမျိုးမျိုးမှ တင်ပြကြရာတွင်
စာဖတ်သူတို့ဘက်မှ လက်ခံသူများရှိသလို၊ လက်မခံသူများလည်းရှိသည်။
တစ်ခါတစ်လေ စာဖတ်သူများ လက်မခံနိုင်သည့် အကြောင်းအရာများကို ရေးမိပါက
အပြောခံ၊ အဝေဖန်ခံရသည်များလည်းရှိသည်။

“စာရေးသူ”ဆိုသည်မှာ စာဖတ်သူတို့၏ အားပေးမှုကိုသာ လိုလားသူ၊
ရှုံ့ချမှုများကို မလိုလားသူများဖြစ်သော်ငြားလည်း “အနုပညာသမားမှန်လျှင်
အဝေဖန်ခံနိုင်ရမည်” ဆိုသည့် အသိကို စာရေးသူများဘက်မှ
လက်ခံပေးဖို့လိုပါသည်။

လွန်ခဲ့သော(၂)နှစ်ခွဲကျော်ခန့်က ဝေဖန်ရေးဘလော့ဂ်တစ်ခုမှ ဓာတ်ပုံတင်သောကိစ္စဖြင့် ကျမအားဝေဖန်ခဲ့ဖူးသည်။
အဲဒီအချိန်က ကျမ အလွန်စိတ်ဆိုးခဲ့သော်လည်း ယခုအချိန်တွင်တော့ ကျမဘက်မှ မှားယွင်းခဲ့သည့်ဟု သတ်မှတ် လက်ခံခဲ့ပါပြီ။

၎င်းဘလော့ဂ်မှ ဝေဖန်ခဲ့သည်မှာ ကျမရေးခဲ့သော ကဗျာအပုဒ်တိုင်းတွင် ကျမ၏ဓာတ်ပုံများကို ထည့်သွင်းထားခြင်းကိုပင်ဖြစ်သည်
မှန်သည်...
စာရေးသူ အမည်ခံထားသော ကျမ၏ ဘလော့ဂ်သည် ကျမရေးသော ကဗျာများကို ပြသခြင်းထက်
ကျမ၏ အလှဓာတ်ပုံများကို အသားပေးထားခြင်းမျိုး ဖြစ်နေခဲ့သည့်အတွက်
စာဖတ်သူများဖက်မှ ကျမ၏ အမှားကို ထောက်ပြခဲ့ခြင်းဟု ယခုအချိန်တွင်
ကျမကောင်းစွာလက်ခံခဲ့ပါပြီ။

စာရေးသူနှင့် စာဖတ်သူ နှစ်ဦးနှစ်ဖက်ကြားတွင် နားလည်မှုနှင့် အပေးအယူမျှဖို့လိုသည်။
“စာရေးသူ” တစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်သူများရှိဖို့လိုသည်။
စာရေးသူဘက်မှလည်း မိမိ၏ စာများကို အားပေးသော စာဖတ်သူများအား
မစော်ကားမိဖို့လိုသည်။
ကျမ၏ “အဖြူရောင်နတ်သမီး”ဘလော့ဂ်(၃)နှစ်တိတိ ရပ်တည်နိုင်ခဲ့ခြင်းသည်
စာဖတ်သူများ၏ ပံ့ပိုးမှု၊ အားပေးမှုများကြောင့်သာဖြစ်သည်။

ကျမ ကြည်နူးသည်...၊ အားတက်သည်...၊ကျေးဇူးလည်းတင်ပါသည်။

ကျမသည် စာရေးဆရာမ စစ်စစ်တစ်ယောက်မဟုတ်ပါ။
ကျမသိသော အကြောင်းအရာများနှင့်
သတင်းဆောင်းပါးများကို မျှဝေသော သာမန်
အပျော်တန်းစာရေးသူတစ်ယောက်သာဖြစ်သည်။

ထို့ကြောင့် ကျမ၏ “အဖြူရောင်နတ်သမီး” ဘလော့ဂ်သို့ လာလည်ကြသူများ
(သို့မဟုတ်) ကျမ၏ ရင်ဖွင့်ခံစားချက်များကို မျှဝေခံစားပေးသူများကို
ရင်းနှီးစွာဖြင့် “စာဖတ်သူများ” ဟုသာ ကျမ သုံးနှုန်းထားပါသည်။
“ပရိတ်သတ်များ”ဟု သုံးနှုန်းရန်အထိ ကျမ၏ စာရေးခြင်းအတတ်ပညာ မပြည့်မီပါ။

“အဖြူရောင်နတ်သမီး” ဘလော့ဂ်သည် ကျမ၏ ရင်ထဲက ခံစားချက်တို့ပေါက်ကွဲရာ
နေရာဖြစ်သည့်အတွက် ကျမ၏ ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်သော ၊
မိသားစုနှင့်ပတ်သက်သော ဆောင်းပါးများကိုလည်းတွေ့မြင်နိုင်သည်။
ခံစားချက်နှင့်ဆိုင်သော ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ မကျေနပ်ခြင်း၊
အစရှိသည့် ရင်တွင်းပေါက်ကွဲမှုများကို ကလောင်ဖြင့် အသက်သွင်းထားသော
ဆောင်းပါးတစ်ချို့ကြောင့် စာဖတ်သူများ၏ စိတ်ကို အနှောက်အယှက်ပေးမိပါလျှင် ကျမဘက်မှ အနူးအညွတ်တောင်းပန်ပါသည်။

ကျမပြောချင်ပါသည်...
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊သို့သော်..
ခံစားတတ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာရေးပါသည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
ဘလော့ဂ်ကာတစ်ယောက်ဖြစ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာဖတ်သူများ၏ အားပေးမှုကို ခံချင်သူဖြစ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
အနုပညာသမားတစ်ယောက်ဖြစ်ချင်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာဖတ်သူတို့၏ ချစ်ခြင်းမေတ္တာကို ရယူချင်သူဖြစ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာဖတ်သူများထံမှ ဝေဖန်၊ သင်ပြ ၊ အမှားပြင်ပေးမှုများကို လက်ခံနားလည်နိုင်သူဖြစ်သည်။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
ကျမ၏ ခံစားချက် စကားလုံးများနှင့် ဖန်တီးထားသော
“အဖြူရောင်နတ်သမီး”ဘလော့ဂ် (၃)နှစ်ပြည့်ခဲ့လေပြီ။

ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
ကျမ၏ ရင်ထဲက ခံစားချက်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များကို Blogspot
ပေါ်တွင် ဆက်လက်ရေးသားနေပါဦးမည်။



...................................
မှတ်ချက်။ ။ ဤဆောင်းပါးမှာ ကျမ၏“အဖြူရောင်နတ်သမီးဘလော့ဂ်”(၂)နှစ်ပြည့်ခဲ့စဉ်အခါက ရေးခဲ့သော ဆောင်းပါးဖြစ်ပါသည်။
အကြောင်းအမျိုးမျိုး အခြေအနေအမျိုးမျိုးတို့ကြောင့် မနေ့က ကျရောက်ခဲ့သော ကျမ၏ “အဖြူရောင်နတ်သမီး”ဘလော့ဂ်(၃)နှစ်ပြည့်အထိမ်းအမှတ်ပွဲလေးကို မကျင်းပနိုင်ခဲ့သည့်အတွက်ကြောင့်လည်းကောင်း၊ အရင်နှစ်များကဲ့သို့ သူငယ်ချင်းများထံမှ ကဗျာလက်ဆောင်များ မရခဲ့သည့်အတွက်ကြောင့်သော်လည်းကောင်း စိတ်မကောင်းကြီးစွာဖြစ်ရပါသည်။
ကျမ၏ ဘဝပေးအခြေအနေကြောင့် အရင်နှစ်များကဲ့သို့ ပို့စ်များ မရေးနိုင်ခြင်း၊ ဘလော့ဂ်အိမ်များအား သွားရောက်မလည်ပတ်နိုင်ခြင်း၊ ကောမန့်မပေးနိုင်ခြင်းများအတွက် သူငယ်ချင်းဘလော့ဂ်ကာများအားလုံးကို အနူးအညွတ်တောင်းပန်ချင်ပါသည်။

စာဖတ်သူများအား အစဉ် ဂါရဝပြုလျှက်...
နမ်းမဝ(အဖြူရောင်နတ်သမီး)


29 comments:

mstint said...

ဘလော့ဂါသက်တမ်း ၃-နှစ်ပြည့်အတွက် တီတင့် ဖတ်ဖူးတာလေး လက်ဆောင်အဖြစ်ပေးလိုက်တယ် နတ်သမီးလေးရေ-

အများအကျိုးရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့.... လို့
ရွှေဟင်္သာဆရာတော်က မိန့်ခဲ့တယ်။

ဘလော့ဂါသက်တမ်း ၃-နှစ်မှ နှစ်ပေါင်းများစွာ ဘလော့ဂင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

ဘလော့လေးတည်တံ့ခိုင်မြဲပါစေ မမရေ..
စာတွေလည်းအများကြီးရေးနိင်ပါစေ

rose of sharon said...

သူငယ်ချင်းရေ... ၃နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အတူတကွ ဘလော့ရေးကြမယ်နော်... ချစ်သူငယ်ချင်းချောချောလေး ရွှင်လန်းချမ်းမြေ့ပါစေ....

လင်းဦး(စိတ်ပညာ) said...

Happy Blog Anniversary

၃ နှစ်ပြည့်တာ မသိလိုက်ကြလို့နေမှာပါ။

မဒမ်ကိုး said...

သုံးနှစ်မှသည်..
နှစ်သုံးဆယ်တိုင် .
အလံမလဲ
ပန်းပန်လျက်ပဲ.အမကလိုရီ ...း)

ပျော်ရွှင်စွာဖြင့် ဘလော့ဂင်ကာ
လှပမှု့အပေါင်းသရဖူဆောင်းပြီး
စိတ်ချမ်းသာလှ လူ့ဘ၀မှာ
သာယာနေပျော် မောင်နှံဖော်ဖြင့်
များမကြာချိန် ရွှေလက်တွဲနိုင် ကြပါစေကြောင်း ထပ်လောင်းကာ ဆုမွန်းတောင်းလိုက်ပါသည်။
ပင်လယ်နတ်သမီး ရှုးမငြီးသည့်
ထိုဘလော့ဂါဘ၀ ရာသက်ပန်
တည်တံ့ခိုင်မြဲစေသော်း))


ချစ်ခင်လျှက်

ဂျာရစ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမရေ....
၃နှစ်ပြည့်ဆိုတော့ တော်တော်လေး ဘဘော့အတွေ့အကြုံစုံပြီလို့ ဆိုရမယ်..
ဘလော့လောကရဲ့ ဒုက္ခ သုခတွေကို ကြံ့ကြံ့ခံပြီး ဖြတ်သန်းလာတဲ့ ဇွဲသတ္တိကို လေးစားမိပါတယ်
ဆက်လက်ပြီး ဘလော့ရေစီးကြောင်းမှာ မိမိတတ်တဲ့သိတဲ့ အရာတွေ ခံစားမှုတွေကို ဝေမျှရင်း ဆက်လက်စီးမျှောနိုင်ပါစေ..
အဖြူရောင်နတ်သမီးကလောင်ပွင့်လေး ထာဝစဉ်လင်းလက်တောက်ပ ပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်နော်။
စကားမစပ် အောက်က ဓာတ်ပုံလေးတွေ အတော်လှတယ် မုန့်ကျွေး :)

Khyl said...

Happy Blog Anniversary..... my sis

thaingarra said...

သုံးနှစ်ပြည့်မှသည် ... နောင်နှစ်ပေါင်းများစွာအထိ ၀ါသနာအတိုင်း ပျော်ရွှင်စွာ Blogging နိုင်ပါစေ ... အစ်မရေ ...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါနတ်သမီးလေးရေ..

သုံးနှစ်တောင် ပြည့်ခဲ့ပါပြီကော။ မဖတ်ဖြစ်လိုက်တဲ့ ပို့စ်ရယ်လို့ မရှိသလောက်ပါဘဲ။ အစဉ်အားပေးနေပါတယ်ဗျာ။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် အစဉ်ထာဝရ ပြည့်စုံနိုင်ပါစေ။ အစစ အရာရာ အဆင်ပြေချောမွေ့ အောင်မြင်နိုင်ပါစေဗျာ..

ခင်မင်တဲ့
ကိုမျိုး (အညာမြေ)

လွင်ပြင်လှိုင်းငယ် said...

၃နှစ်ပြည့်မှသည်နှစ်ပေါင်းမျာစွာ အောင်မြင်ပါစေ ။

ဆန်းစနေ၀န်း said...

(၃)နှစ်ပြည့် ဆောင်းပါးလေးဆီ လာလည်သွားပါတယ်.....

တောက်ပကြယ်စင် said...

သုံးနှစ်ပြည့်ဘလော့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ဆက်လက်ဘလော့ဂင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် နမ်းမ၀ရေ။

သခင့်စေရာ said...

ဘလော့ ၃ နှစ်မှတိုင် နောင်နှစ်ပေါင်းများစွာ
တည့်တံ့ခိုင်မြဲ ပျော်ရွှင် အောင်မြင်ပါစေ

မိုးငွေ့........ said...

သုံးနှစ်ပြည့်သွားပြီ....နတ်သာမီးရေ နောင်နှစ်ပေါင်းများစွာအထိ ချစ်တဲ့ဘလော့မောင်နှမများနဲ့အတူ ဘလော့ဂင်းနိုင်ပါစေ...။ အမှတ်တရဘာမှမရေးပေးဖြစ်တာကတော့ ဘယ်သူ့ကိုမှကိုယ့်အတွက် အမှတ်တရစာတွေ ကဗျာတွေမတောင်းတော့သလို ရေးလဲမပေးတော့ဘူးလို့ ဆုံးဖြတ်ထားလို့ပါ...။ ဖဘမှာ နတ်သမီးကို မေ့နေကြတယ်လို့ရေးထားတာတွေ့တယ် စိတ်မကောင်းဖြစ်မိတယ်...။ နတ်သမီးကို ဘယ်သူမှမေ့မထားပါဘူး...။

သက်တန့်ချို said...

ကိုလင်းဦးပြောသလိုပဲ မသိကြလို့ပါ အစ်မတော်ရဲ့ စိတ်မကောင်းမဖြစ်ပါနဲ့ သေချာတွက်ကြည့်တော့ ၃၁ ရက်နေ့မှ ၁၀၉၅ ရက်ပြည့်တာပါ ဖိုက်တင်းးးး :))

နောင်နှစ်ပေါင်းများစွာတိုင် ဘလော့ဂ် ဂင်းနိုင်စေသတည်းးးးး

Angelhlaing(May everybody be happy and healthy! said...

နောက်နှစ်တွေ နှစ်တွေမှာလည်း အတူတူ ဘလော့ဂင်းချင်ပါသေးတယ်မမရေ... မွေးနေ့ရှင်မမ ကြည်နူးခြင်းနဲ့ ထာဝစဉ်ချမ်းမြေ့ပါစေလို့...:))

စံပယ်ချို said...

ညလေး နတ်နတ်ရေ
၃ နှစ်ပြည့်လား ကဗျာလေးတောင်မရေးပေးလိုက်ရဘူးကွယ်
နေမကောင်းနေလို့ နောက်ကျတာ ခွင့်လွတ်နော်
၃ နှစ်မှ နောင်နှစ်ပေါင်းများစွာ ဘလော့လေးရှင်သန်ပြီး
ခံစားချက်တွေဖွင့်နိုင်ပါစေလို့
(၃ နှစ်ဆိုရင် နက်ဖြန်မူကြိုတက်ဖို့လာခေါ်မယ်စောင့်နေနော်)

မေမြို့မိုး said...

အားကျလိုက်တာ.. ။ ချစ်မမ တို့တောင် သုံးနှစ်ပြည့်တွားပီ.။ တားတို့တော့. ခုမှ၁ နှစ်တောင်ပြည့်သေးဘူး.။

Thameesan said...

ပျော်ရွှင်စရာ...
သုံးနှစ်ပြည့်လေးဖြစ်ပါစေနော်အစ်မး)
ဒီဘလော့..ဒီမိတ်ဆွေ..ဒီသူငယ်ချင်းများနဲ့
နှစ်ပေါင်းများစွာတိုင်ပါစေ...

သိင်္ဂါကျော် said...

အဖြူရောင် နတ်သမီးလေး.. ဘလော့ သုံးနှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ စာတွေ ဆက်လက် ရေးနိုင်ပါစေ.. :)

မန်းကိုကို said...

အမှတ်တရ လက်ဗွေရာလေးတွေ လာတင်ထားလိုက်ပါတယ် ..

ဘဝ ၊ ဆန္ဒ ၊ ရရှိတာတွေ တစ်ထပ်ထဲဖြစ်ဖို့ ဆန္ဒပြုလိုက်ပါတယ် ။

သဒ္ဓါလှိုင်း said...

နမ်းရေ.
နမ်းရဲ့ဘလော့လေး သုံးနှစ်ပြည့်အထိ လှပသက်ဝင်စွာ စီးမျောနေရင်း နောက်နှစ်များစွာအထိ ခံစားချက်သံစဉ်တွေနဲ့အတူ ချမ်းမြေ့မှုတွေနဲ့ တစ်ရွေ့ရွေ့ စီးဆင်းနိုင်ပါစေ။
ချစ်တဲ့
သဒ္ဓါ

နေ၀သန် said...

ဘဘော့ခ်လေး ၃ နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတည်တံ့နိုင်ပါစေ..



ခင်မင်လျက်

နေ၀သန်

ကြည်ဖြူခင်ခင် said...

သုံးနှစ်ပြည့်မှသည် နောင်လာမည့် ရတုအဆက်ဆက်.. စာပေကဗျာအပေါင်း ရေးသားထုတ်ဖော်နိုင်ပါစေရှင်.. :)

အဖြူရောင်နတ်သမီး said...

သူငယ်ချင်းများအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်..။
နတ်သမီးအရမ်းကို အလုပ်များနေလို့ ပို့စ်မှာတောင် စားစရာတွေ မတင်နိုင်တာသာ ကြည့်ပါတော့..။

အမှတ်တရ သတိတရ ကောမန့်လေးတွေရေးပေးကြတဲ့သူငယ်ချင်းတွေအတွက် အာဘွားအကြီးကြီးပေးလိုက်တယ်နော်..း)

ကိုတူး said...

ဟတ်ပီဘတ်ဒေး နတ်သမီးBlog :)

sosegado said...

ပျော်ရွှင်ချမ်းမြှေ့ပါစေ၊ နောက်ထပ်နှစ်ပေါင်းများစွာ ရေးသားနိုင်ပါစေ၊

နေမင်းခ said...

အစ်မရေ
အရောက်နောက်ကျခြင်းကိုခွင့်လွှတ်ပါ
အရမ်းကောင်းတဲ့။အနှစ်တွေနဲ့ပြည့်ဝနေတဲ့။
ဗဟုသုတဘဏ်တိုက်ကို အရောက်နောက်ကျတာ
များစွာရှက်မိကြောင်းပြောချင်ပါတယ်အစ်မ။
လေးစားပါတယ်။ အားကျချီးကျူးပါတယ်။ဂုဏ်ယူပါတယ်။
အစဉ်ချစ်ခင်လျှက်

နေမင်းခ

နေမင်းခ said...

အစ်မရေ
အရောက်နောက်ကျခြင်းကိုခွင့်လွှတ်ပါ
အရမ်းကောင်းတဲ့။အနှစ်တွေနဲ့ပြည့်ဝနေတဲ့။
ဗဟုသုတဘဏ်တိုက်ကို အရောက်နောက်ကျတာ
များစွာရှက်မိကြောင်းပြောချင်ပါတယ်အစ်မ။
လေးစားပါတယ်။ အားကျချီးကျူးပါတယ်။ဂုဏ်ယူပါတယ်။
အစဉ်ချစ်ခင်လျှက်

နေမင်းခ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger