Sunday, September 30, 2012

ယနေ့မှာကျရောက်တဲ့ တရုတ်ပြည်မှ လမုန့်ပွဲတော်နှင့် ပါးစပ်ရာဇဝင်လေးတစ်ပုဒ်

ဒီနေ့ဟာ တရုတ်ရိုးရာ “Full Moon Day ” ဖြစ်တဲ့အတွက် သူငယ်ချင်းတို့ကို “Full Moon Cake ”လို့ခေါ်တဲ့ “လ”မုန့်ရဲ့ ပါးစပ်ရာဇဝင် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြပါရစေ.......

ဟိုး......
ရှေးရှေးတုန်းက တရုတ်ပြည်က ရွာတစ်ရွာမှာ..မြှားပစ်အလွန်ကျွမ်းကျင်တဲ့ “ဟုန်ရီ”(Hou Yi) ဆိုတဲ့ လူတစ်ယောက်ရှိတယ်..။
သူ့မှာ “ချောင်အာ”(Chang Er)ဆိုတဲ့ သိပ်ချော သိပ်လှတဲ့ ဇနီးလေးလည်းရှိတယ်..တဲ့။
တစ်နေ့ ကောင်းကင်ပေါ်မှာ နေ(၁၀)စင်း တစ်ပြိုင်နက်တည်း ထွန်းလင်းတဲ့အတွက် ကမ္ဘာကြီးဟာ မီးလောင်လုမတတ် ပူပြင်းလာပြီး ပင်လယ်ရေတွေဟာလည်း ခန်းခြောက်စပြုလာခဲ့တယ်။ အဲဒီအကြောင်းကို “ဟုန်ရီ” သိသိခြင်းပဲ..သူ့မှာရှိတဲ့ လေးနဲ့ မြှားတွေကိုယူပြီး အမြင့်ဆုံးတောင်ဖြစ်တဲ့ “ကူလွင်”(Kun Lun) တောင်ပေါ်ကို ခဲရာခဲဆစ် ကျိုးစားပြီးရောက်အောင်တက်ခဲ့တယ်...။

အဲဒီတောင်ပေါ်ကနေ နေ(၁)စင်းကိုချန်ပြီး ကျန်တဲ့ နေ(၉) စင်းကို သူ့ရဲ့မြှားတွေနဲ့ခြေဖျက်နိုင်ခဲ့တယ်..။
အဲဒီအချိန်က“စ”ပြီး မြှားပစ်သမားလေး “ဟုန်ရီ”ဟာ ကမ္ဘာမြေနဲ့ လူသားတွေကို ကယ်တင်ခဲ့တဲ့ လူစွမ်းကောင်းတစ်ယောက်ဖြစ်လာခဲ့တာပေါ့.။
အဲဒီအဖြစ်အပျက်တွေကို အစ အဆုံးမြင်တွေ့ခဲ့ရတဲ့ နတ်ပြည်က နတ်မင်းကြီးရဲ့ မိဖုရားဟာ လူစွမ်းကောင်း “ဟုန်ရီ”ကို နတ်ဆေးလုံးတစ်လုံးချီးမြှင့်ခဲ့တယ်။

အဲဒီနတ်ဆေးလုံးရဲ့အစွမ်းသတ္တိကတော့... ရုပ်ပျိုကိုယ်နုပြီး နတ်စည်းစိမ်နဲ့တကွ နတ်ပြည်မှာ စံစားရင်း ထာဝရ အသက်ရှင်သန်နေစေနိုင်တယ်..တဲ့။

ဇနီးသည်ကိုချစ်တဲ့ “ဟုန်ရီ”ဟာ အဲဒီနတ်ဆေးလုံးကို သောက်ပြီး နတ်ပြည်မှာ ထာဝရ ပျော်ရွှင်စွာနေနိုင်တဲ့ အခွင့်အရေးကို ရပေမဲ့ သူချစ်ရတဲ့ ဇနီးကို မခွဲနိုင်တာကြောင့် နတ်ဆေးလုံးကို မသောက်ပဲ ဇနီးသည်ကို အကြောင်းစုံပြောပြကာ... သိမ်းထားစေခဲ့တယ်..။
စိတ်ဆိုတာကလည်း အခက်သားလား.... “ဟုန်ရီ”ရဲ့ဇနီး..“ချောင်အာ”လေးဟာ “ဟုန်ရီ”မရှိတုန်း နတ်ဆေးလုံးကို စမ်းသပ်ချင်တဲ့စိတ်နဲ့ သောက်လိုက်တယ်ဆိုရင်ပဲ...မိန်းမချောလေး “ချောင်အာ”ရဲ့ခန္ဓာကိုယ်ဟာ လေပေါ်ကိုမြောက်တက်သွားပြီး “လ”ရှိရာကို ပျံတက်သွားခဲ့တယ်..။ နတ်ဆေးလုံးရဲ့အစွမ်းအရ မိန်းမချောလေး “ချောင်အာ”ဟာ ဘယ်တော့အခါမှ လူ့ပြည်ကို ပြန်မလာနိုင်တော့ပဲ (အရှင်ထွက် သဘောမျိုးနဲ့)“လ”ပေါ်မှာပဲ မင်းသမီးလေးတစ်ပါးအဖြစ်နဲ့ ရာသက်ပန်နေသွားရင်း ပြင်လို့မရတော့တဲ့ သူမရဲ့အမှားကို နောင်တရနေတော့တာပေါ့..။
မြှားပစ်သမားလေး “ဟုန်ရီ” ကလည်း သူ့ရဲ့ဇနီးချောလေးကို လူ့ပြည်ကနေ လွမ်းယုံကလွဲလို့ဘာမှမတတ်နိုင်ရှာပဲ ဇနီးသည်ကိုလွမ်းတိုင်း “လ”ကိုပဲ မော့ကြည့်နေတော့တာပေါ့..။
အဲဒီ တရုတ်ရိုးရာ ပုံပြင်ကို အစွဲပြုပြီး တရုတ်လူမျိုးတွေဟာ အဲဒီနေ့ကိုရောက်တိုင်း မိသားစုတွေ ဘယ်လိုအကြောင်းကြောင့်နဲ့မှ အဝေးတစ်နယ်ဆီကို ရောက်နေတဲ့ သူဖြစ်နေပါစေ... မိသားစုတွေ ပြန်ဆုံကပြီး “Moon Cake”လို့ခေါ်တဲ့ “လ”မုန့်ကို စားသောက်ကြတယ်။
အဲဒီနေ့မှာ သူတို့အဓိက စားကြတဲ့ အရာတွေကတော့...

(၁) Moon Cake (လမုန့်) ။ ။ မိသားစုတွေ “လ”ကဲ့သို့ လုံးဝိုင်းတဲ့ အရာထဲမှာ အတူတကွ ရှိစေရန်။

(၂)Grape (စပျစ်သီး) ။ ။တစ်ခိုင်တည်းမှာ မိသားစုတွေ တစ်စုတစ်စည်းတည်း ရှိနေစေရန်။

(၃)Pear (သစ်တော်သီး) ။ ။သစ်တော်သီးကို တရုတ်လို “Li” လို့ခေါ်ပါတယ်...
လမ်းခွဲခြင်းကို တရုတ်လို “Fen Li” လို့ခေါ်ပါတယ်...
အဲဒီတော့ သစ်တော်သီး “ Li” ကိုစားခြင်းဖြင့် လမ်းခွဲခြင်း “Fen Li ”မှကင်းဝေးနိုင်စေရန် ရည်ညွှန်းပြီး အယူတစ်ခုအဖြစ်သတ်မှတ် ခဲ့ကြခြင်းဖြစ်ပါတယ်။
တရုတ်ရိုးရာ လပြည့်နေ့ရဲ့ အချိန်အခါလေးမှာ ကျွန်မကတော့ “လမုန့်”ကိုစားရင်း ရှင်ကွဲ ကွဲခဲ့ရတဲ့ “ဟုန်ရီ” နဲ့ “ချောင်အာ” တို့အတွက် နောင်ဘဝဆက်တိုင်းမှာ ဒီလို အဖြစ်ဆိုးတွေနဲ့ မကြုံမိစေရန် ဆုတောင်းရင်း....ပုံပြင်လေးကို အဆုံးသတ်လိုက်ပါရစေနော်...။

မိဘ၊ဆွေမျိုး များနဲ့ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ရောက်ရှိနေကြသော သူငယ်ချင်းများကိုလည်း မိမိတို့ရဲ့ မိဘ၊ ဆွေမျိုးများနဲ့ အမြန်ဆုံးတွေ့ဆုံရန်နှင့် ချစ်သူများ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခြင်း ဒုက္ခမှ ကင်းဝေးကြပါစေရှင်...။

14 comments:

လင်းထက် said...

ဒီ ပိုစ့်ကို ဒီလို စိတ်အေးလက်အေး ဖတ်နိုင်ဖို့ အတော်လေး ခေါင်းစားပြီး မှ ဖတ်နိုင်တာမို့ တန်ဖိုးရှိတဲ့ ပိုစ့်လေး ပါပဲ :P ငါ့ ညီမလေးလဲ ပုံပြင်ထဲက ချောင်အာ လို ဆေးလုံး စမ်းပြီး မစားမိဖို့ သတိထားနော်..

လင်းထက် said...

This comment has been removed by the author.

mstint said...

လမုန့်ပွဲတော်ရဲ့ ပုံပြင်လေးစိတ်မကောင်းစွာ ဖတ်သွားတယ် နတ်သမီးလေးရေ။ ချောင်အာရဲ့ပြောင်းလဲလွယ်တဲ့ စိတ်ရဲ့ဆိုးကျိုးဟာ မဆုံးတော့မယ့် ဘဝများစွာအတွက် နောင်တနဲ့သာ ရင်ဆိုင်နေရတော့မှာပေါ့နော်။
လမုန့်ပွဲတော်ရောက်တိုင်း ကျေးဇူးရှင် ကုမ္ပဏီပိုင်ရှင်ကို သတိတရဖြစ်နေဆဲပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Leo said...

အခုမှ ဒီပွဲတော်ရဲ့ ရာဇ၀င်လေးကို သိရလို့ ကျေးဇူးတင်မိပါတယ်။ Pandora box ကို သွားဖွင့်တဲ့ Pandora ကို စပ်စုတယ်လို့ အပြစ်တင်နေတာ။ အခု နောက်တစ်ယောက် “ချောင်အာ” လည်း အတူတူပါပဲလား။ ချစ်သောသူများနဲ့ မခွဲချင်လို့ လမုန့်၊ စပျစ်သီးနဲ့ သစ်တော်သီးကို စားဦးမယ်။
(လီယို)

ချော(အစိမ်းရောင်လွင်ပြင်) said...

တယ်စိတ်ဝင်စားစရာကောင်းပါလား..
ပါးစပ်ရာဇဝင်ဆိုပေမဲ့ ခုခေတ်လူတွေအတွက် မိသားစု စည်းစည်းလုံးလုံး ပြန်ဆုံကြ ပျော်ပျော်ပါးပါး စားကြသောက်ကြမို့ ဒီရာဇဝင်လေးဖြစ်ပေါ်လာတာ ကောင်းသွားတာပေါ့။
တရုတ်ကလုပ်တဲ့ moon cake က အရသာထက် လားရှိုးကလုပ်တဲ့ Moon cake က ပိုကောင်းတယ်။ အရသာလည်းပိုရှိ..း)

shwewunyatana said...

နတ်သမီးရေ..နေကောင်းပါစ..လမုံပွဲတော်အကြောင့်လာဖတ်သွားတယ်နော်.....

ရွှေဝန်းရတနာ....

နွေမိုး said...

ကျွန်တော့်ကိုပေးလို့ကတော့ ပေးပေးချင်းပါးစပ်ထဲတန်းထည့်ပစ်မှာ ဟိ.။

နွေမိုး said...

ကျွန်တော့်ကိုပေးလို့ကတော့ ပေးပေးချင်းပါးစပ်ထဲတန်းထည့်ပစ်မှာ ဟိ.။

မြတ်နိုးသူ said...

အရင်ကလမုန့်ပွဲတော်လို့ခေါ်တာဘာလို့လဲဆိုတာကို
သေချာမသိဘူးအခုမှပဲသေချာသိတော့တယ်
အားပေးသွားပါတယ်အမ

Twitter Delicious Facebook Digg Stumbleupon Favorites More

Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger