Monday, November 19, 2012

၁၉နိုဝင်ဘာအတွက် မွေးနေ့လက်ဆောင် ကဗျာများ




..............................

“ နိုဝင်ဘာ ၁၉ နှင့် နတ်သမီးတစ်ပါး ”


အဲဒီတစ်ရက်က နှင်းတွေစပြိုတဲ့နေ့
အဲဒီတစ်ရက်က နေခြည်တွေ စလင်းတဲ့နေ့
ခင်းထားတဲ့လမ်းတလျှောက် . . သင်းပျံ့တဲ့ ပန်းရနံ့အချို့
လေပြည်က သော့သော့ မော့မော့
ကြော့ရှင်းတဲ့ ဆံနွယ်ခက်တွေအောက် . .
ကျပျောက်ခဲ့သော ညနေခင်းအချိန်နာရီများ

ကြည့်စမ်း . . . ပြာရီဝိုဝါးတဲ့ကောင်းကင်ပြာ အောက်
ရောင်စုံ့ လိပ်ပြာကလေးတွေ ၀ဲပျံလို့
နတ်သမီးတစ်ပါးရဲ့ ကကြိုးကကွက်တွေထဲ
နိုဝင်ဘာဟာ သက်ဝင်လှုပ်ရှားရခဲ့ရ
နှင်းတွေ . . . နှင်းတွေ . . .

နတ်သမီးရေ . . နိုဝင်ဘာက ချမ်းစမ့်သော အတွေးကိုယ်စီနဲ့
နိုင်ဝင်ဘာက အေးမြသော အလွမ်းကိုယ်စီနဲ့
ကော်ဖီခါးခါးတစ်ခွက်ထဲ စိမ့်ဝင်နေသော အတွေးတွေဟာ
ဟိုတစ်စ . . ဒီတစ်စ ပျံ့ကျဲလူးလွန့်နေဆဲ . .

ကြည့်စမ်း . . . ဒီနေ့ ပန်းတွေ ပွင့်လန်းလာလိုက်ကြပုံ
ကြည့်စမ်း . . .နိုဝင်ဘာ နတ်သမီးရဲ့ ၀တ်ရုံဖြူလွှလွှပေါ်က အလင်းခက်တွေ
တစ်ဆယ်ကိုး ကိန်းဂဏန်းနဲ့ နာရီလက်တံကြား
သူ ဟာ နူးညံ့ဖြူစင်မှုပေါင်းများစွာနဲ့ . .

နတ်သမီးရေ . . .
အချိန်တန်ရင်အိမ်ပြန်ကြရ တို့လူသားဘ၀တွေ
အနန္တအသင်္ချေ မေတ္တာရေကသာ အေးမြစေခဲ့ရ
သင်သွားလေရာ ခလုတ်လည်းမထိ ဆူးလည်း မငြိစေရ
နားခိုးရာ ဘ၀ တလျှောက် အေးချမ်းဆိတ်ငြိမ်စေ . .

နတ်သမီးရေ . .
လမ်းတွေကကြမ်းတယ် . . ခရီးတွေက ဝေးတယ်
အစုန်အဆန် မုန်တိုင်းတွေကြားမှာ
ဟိုး . . ရှေ့က ကမ်းစပ်ကို စူးစိုက်ကြည့်
ပန်းတိုင်ဆိုတာရှိတယ် . . စိတ်ပျက်အားငယ်ခြင်းတွေကိုဘေးဖယ်ကွဲ့
ငါတို့အားလုံးဘေးမှာရှိနေတယ

နိုဝင်ဘာရေ . .
သူမကို နှင်းဖြူဖြူတွေနဲ့ ပွေ့ဖက် အေးမြစေ ကွဲ့
သူမကို ပန်းတွေ ခင်းတဲ့ ဥယျာဉ်ထက် မွှေးပျံ့သင်းကြိုင်စေကွဲ့
ဒီတစ်ရက်ဟာ အမှတ်တရတွေ ဆုံတဲ့ တစ်နေ့
ငါတို့ ဘယ်တော့မှမမေ့ပါဘူး သူငယ်ချင်းရယ်
မင်းလည်း အမြဲ . . ငြိမ်းချမ်းစေကွယ်

“ ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....
ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....
ဟက်ပီးဘတ်ဒေး . . တူးယူ. . . ဟက်ပီဘတ်ဒေး တူးယူ ....”

သက်တန့်ချို
၁၉ နိုဝင်ဘာ ၂၀၁၂
............................

အို............
တကျော့ ပြန်လို့  ရောက်ခဲ့ ပြန်ပေါ့ 
ဆောင်းနှင်းတွေ ဖွေးတဲ့ 
နိုဝင်ဘာ (19)လေ
ဒီလိုနေ့ မျိုးမှာပေါ့ 
စနိုးဝိုက် မင်းသမီးလေးလို လှပတဲ့ 

နတ်သမီးလေး တပါး မွေးဖွါးခဲ့ တယ်

ဒီနတ်သမီးလေး အကြောင်း
မွန်း သိသလောက် ပြောပြချင်တယ်

သူကလေ.....
ဘ၀မှာ မသေချာတာက ကောင်းတယ်တဲ့ 
ခက်ခဲတာ က ပိုပြီး တန်ဖိုးရှိတယ်
မှားနေတတ်တာတွေ က သဘာဝ ကျတယ်တဲ့ 

အရှုံးတွေနဲ့  ရင်ဆိုင်ရတာ
လူကို ပိုပြီး ရင့် ကျက်စေတယ်တဲ့ 

အချိန်နဲ့ အမျှ တွေးနေတာက
ပိုပြီး တိုးတက်လာစေတယ်

စာများများ ဖတ်လာတာနဲ့ အမျှ
အသိဥာဏ်တွေ ပိုပြီး ရင့် သန်လာတယ်

အပေါင်းအသင်းတွေနဲ့  စကားလက်ဆုံကျရတာ
သူ့ အတွက် ကြည်နုးစရာတဲ့ 
ကူညီခွင့် ရလို့  ကူညီ လိုက်ရတာ
သူ့ အတွက်တော့  ၀မ်းသာစရာ......

စာအုပ်တွေ ကြားမှာ နစ်မွန်းရင်း
ကမ္ဘာလှည့် လိုက်...........
မတွေ့ ဘူးသူတွေနဲ့  စကားပြောရတာ
ဘယ်လောက်ထိ ပျော်ဖို့ ကောင်းလိုက်သလဲတဲ့ 

အိပ်တဲ့ အချိန် နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ရတာ
သူ့ အတွက်တော့  ပီတိပဲ ..................
အိပ်မပျော်တဲ့  အချိန်မှာ စာရေးနေရတာ
သူ့ အတွက်တော့  ကြည်နူးစရာပါပဲ တဲ့ ကွယ်


ဒီနတ်သမီးလေး အမည်ကတော့ 
( အဖြူရောင်နတ်သမီးလေး (ခ) ကလိုရီ)တဲ့ နော်

မမ အဖြူရောင်နတ်သမီးရေ မွန်းမွေးနေ့ လက်ဆောင်ကို
ကြိုတင်ပို့ လိုက်တယ်နော်..................ပျော်ရွင်ပါစေနော်

(လမင်းခင်)
........................................
အတိုက်အခိုက်များစွာနဲ့
တေးသွားအသစ်များနဲ့အတူ
သူမွေးနေ့ရောက်လို့လာခဲ့ပြီ ။
လိပ်ပြာလေးတွေ
ပန်းကိုရှာနေတဲ့အချိန်
ကျေးဌက်တွေ တေးသီကျူးတဲ့အချိန်
ဆောင်းကာလရဲ့ မိတ်ဆွေနှင်းစက်တို့
တညတလေလွင့်မျောလာတယ်
အဲဒီအချိန်
အဖြူရောင်အဆင်းနဲ့
နတ်သမီးတပါးဆင်းသက်လို့လာတယ်
တို့များ ကြိုဆိုကြပါစို့ကွယ်
တည်တည်တန့်တန့်လေး
ကုန်ဆုံးခဲ့တဲ့ နှစ်ဟောင်းလေးကို
ပျော်ရွှင်စွာ ထားရစ်ပြီး
နှစ်သစ်ကို
ခန့်ခန့်ထည်ထည်
ကြိုလိုက်ပါတော့
နတ်သမီးလေးရေ
မျက်ရည်ဟောင်းတွေလဲ
နှစ်ဟောင်းမှာချန်ရစ်ကြပါစို့
အရာရာ စိတ်တိုင်းမကျတဲ့
နှစ်ဟောင်းကိုလဲ
ခွင့်လွတ်ပြီးထားရစ်ပါတော့နော်
ဤမွေးနေ့မှ သည်
အောင်မြင်မှုတွေ
ခြားခြားနားနား
အမှား မရှိ
အနားသတ်ထိအောင်
ချစ်ရသူနဲ့ အတူ
မျက်ဝန်းလေးတွေ ရီနိုင်ပါစေ
နှလုံးသားက အမြဲပြုံးနိုင်ပြီး
ဘ၀ရဲ့ တိမ်ညိုတွေလဲ ကင်းစင်ပါစေ
ကြမ္မာရိုင်းများအားလုံး
လွှဲပါစေ ပယ်ပါစေတော့
အဖြူရောင်လွှမ်းနေတဲ့
နတ်သမီးလေးရေ ။
အတိုက်အခိုက်များစွာနဲ့
တေးသွားအသစ်များနဲ့အတူ
သူမွေးနေ့ရောက်လို့လာခဲ့ပြီ ။
လိပ်ပြာလေးတွေ
ပန်းကိုရှာနေတဲ့အချိန်
ကျေးဌက်တွေ တေးသီကျူးတဲ့အချိန်
ဆောင်းကာလရဲ့ မိတ်ဆွေနှင်းစက်တို့
တညတလေလွင့်မျောလာတယ်
အဲဒီအချိန်
အဖြူရောင်အဆင်းနဲ့
နတ်သမီးတပါးဆင်းသက်လို့လာတယ်
တို့များ ကြိုဆိုကြပါစို့ကွယ်
တည်တည်တန့်တန့်လေး
ကုန်ဆုံးခဲ့တဲ့ နှစ်ဟောင်းလေးကို
ပျော်ရွှင်စွာ ထားရစ်ပြီး
နှစ်သစ်ကို
ခန့်ခန့်ထည်ထည်
ကြိုလိုက်ပါတော့
နတ်သမီးလေးရေ
မျက်ရည်ဟောင်းတွေလဲ
နှစ်ဟောင်းမှာချန်ရစ်ကြပါစို့
အရာရာ စိတ်တိုင်းမကျတဲ့
နှစ်ဟောင်းကိုလဲ
ခွင့်လွတ်ပြီးထားရစ်ပါတော့နော်
ဤမွေးနေ့မှ သည်
အောင်မြင်မှုတွေ
ခြားခြားနားနား
အမှား မရှိ
အနားသတ်ထိအောင်
ချစ်ရသူနဲ့ အတူ
မျက်ဝန်းလေးတွေ ရီနိုင်ပါစေ
နှလုံးသားက အမြဲပြုံးနိုင်ပြီး
ဘ၀ရဲ့ တိမ်ညိုတွေလဲ ကင်းစင်ပါစေ
ကြမ္မာရိုင်းများအားလုံး
လွှဲပါစေ ပယ်ပါစေတော့
အဖြူရောင်လွှမ်းနေတဲ့
နတ်သမီးလေးရေ ။
(jasmine)
မစံပယ်
..................................


သူ့နာမည် နမ်းမ
ဝ ၊ အဖြူရောင် နတ်သမီး
ကလိုရီ ကလိုရီ... စုံစိနေတာပဲ...
ကျနော်ကတော့ မနမ်းကြီးလို့ခေါ်တယ်..
ဗိုက်ဆာရင် သုပ်စားလို့ရအောင် :P..

ကျနော် သူ့ကိုမြင်တုန်းကပေါ့..
ကျနော် တိုင်းကြည့်ဖူးတယ်..
သူလည်း တော်တော် ကျယ်တယ်..
လက် ၄ လုံးလောက်တော့ရှိတာပဲ.. :P
သူကတော့ မကျယ်သေးပါဘူးအေ တဲ့..

ဘာပဲဖြစ်ဖြစ်ပေါ့..
ကျနော်တို့ ၂ ယောက်
.....
.....

..... ပြောင်ကြီးတို့ မောင်နှမ ..... :P

xxxxxx HAPPY BIRTHDAY xxxxxx

မနမ်းကြီး မွေးနေ့မှာပျော်ရွှင်ပါစေ.. ဘ၀မှာ လိုအင်ဆန္ဒရယ်လို့ မဖြစ်ပေါ်ရလေအောင် အရာရာ ပြည့်စုံပါစေ....
(၁၉.၁၁.၂၀၁၂ မနမ်းကြီးမွေးနေ့ အမှတ်တရ)
(.ကြည်သာ)
.....................

“တောင်းဆုတွေ ဝှက်ထားတဲ့ ကဗျာ”

နက်သမီးရေ
တန်ဆောင်မုန်းရဲ့ မနက်တစ်ခုနှင့်အတူ
ဆုတစ်ခုတောင်းဆုချွေလိုက်မယ်
နက်သမီးရေ
နေ့သစ်နှင့်အတူ အာရုံတွေလင်းဖွင့်ဖို့
ဟောဒီနင့်မွေးနေ့မှာ ကံကောင်းခြင်းတွေ
သယ်ယူလာခဲ့မယ်
နက်သမီးရေ
ဘဝရဲ့သက္ကရာဇ်တွေကို ထုဖြိုရင်း
နင်မောပန်းနွမ်းလျှတဲ့အခါ ချွေးသိပ်ဖို့
ကဗျာတစ်ပုဒ်လောက် အသက်သွင်းပါရစေ
နက်သမီးရေ
ဟောဒီနေ့ဟာ နင့်မွေးနေ့ဖြစ်သလို
ဟောဒီနေ့ဟာ နင့်ရဲ့ရင့်ကျက်မှုတစ်ခုကို သက်သေပြုတဲ့နေ့
ဟောဒီနေ့ဟာ နင့်ခွင်အားတွေကို အသစ်ရှင်သန်ထမြောက်တဲ့နေ့
ဟောဒီနေ့မှာ နင့်မွေးနေ့အတွက် ငါ့အသက်ဓါတ်နှင့် ချရေးတဲ့
မွေးနေ့
လက်ဆောင်
ကဗျာ
(မိုးဇက်)
............................
အဖြူရောင်လေး
ကျော့ရှင်းသန့် ပြန့် 
တည်ငြိမ်လှတဲ့ 
အလှပဂေး-

စာရေးလည်းတော်
အနေတော်တဲ့ 
နတ်သမီးလေး-

သူ့ စာ
သူ့ ကဗျာ
သူ့ အလုပ်
အမြဲအလေးထားတဲ့ 
ဒီမိန်းကလေး----

မြန်မာဝတ်စုံကို
သိပ့်တန်ဘိုးထားတဲ့ 
နတ်မိမယ်လေး---

ဟော---
အခုလည်း
ပါးကွက်ကျားနဲ့ သနပ်ခါးနဲ့ 
သိပ့် သိပ့် ချစ်ဖို့ ကောင်းတဲ့ 
မိန်းကလေး----

မွေးနေ့ မှသည်
အသက်ရာကျော်ရှည်စေသော်။

ဂျစ်တူး(မုံရွာ)
..............................................
“နတ်သမီးလေးအတွက်”
ဟောဒီမှာ နှင်းတစ်အုတ်
မနက်တစ်ခုကို သိမ်းပိုက်သွားပြန်ပီ ။
နှင်းတွေခတဲ့ နိုဝင်ဘာရဲ့၁၉ရက်
ဟုတ်တယ် အဲ့ဒီအချိန်မှာ နံနက်ခင်းတစ်ခုလုံးလဲ
ဖြူလွှလွှတွေ သိမ်းကြုံးပွင့်လန်းလို့
သန့်ရှင်းစင်ကြယ်သော နက်သမီးတစ်ပါး
မီးရူးသန့်စင်ခဲ့တာ ။
ဟောကြည့်ခုတော့လဲ
ဘ နှင့် ဝ ကိုရေးတတ်ဖို့
ဝင်သက်ထွက်သက်တွေ ရင့်ကျက်လို့
...........
ပတ်ဝန်းကျင်ရဲ့ လေးသံမျှားသံတွေကြားမှာ
လောက တစ်ခုလုံးအား
ဖြူစင်မှုကို ခပ်တင်းတင်းဆုပ်ကိုင်လို့
အလှပဆုံးဆုတ်ချက်တွေ ရေးချခဲ့တာ
အခုဆိုရင် ( - -) နှစ်တောင် ။
ကြည့်စမ်း ..
ကြည့်စမ်း . . .
သူ့ရဲ့စွတ်ကြောင်းတစ်လျှောက်က
စိတ်ရဲ့ဘေးကျပ်နံကျပ်တွေ ၊
ခံစားမှုရဲ့ ဘေးထွက်အကိုင်းအခတ်တွေ ၊
ဘယ်ဘက်ရင်အုံရဲ့ သစ္စာတရားတို့လက်ဆက်နေမှုတွေ
လေးနက်တဲ့ ပင့်သက်တွေနှင့်
အဖြူစင်ဆုံးရဲ့ အဖြူရောင်နက်သမီး
်နာမယ်နှင့်ကဗျာတွေဖွဲ့နေလိုက်တ
ခင်ဗျား ကြိုက်တဲ့အချိန်ဆွဲဖွင့်ကြည့်
အဖြူရောင်နက်သမီးရဲ့ ရင်ထဲမှာ
အဖြူရောင်စွတ်ကြောင်းကြီးကို
ထင်းထင်းလင်းလင်းမတွေ့ရင်
မိုးဇက်ကို ကြိုက်သလိုပြော။ ။

(မိုးဇက်)
...........................................

ပန်းတစ်ပွင့်ရဲ့ ပင့်သက်ရှိုက်မှု သက်သက်ပါ
ဝတ်မှုန်(မှုံ)တွေ ရနံ့က ထင်ရှားတယ်
လေသယ်ရာ လမ်းတစ်လျောက်
သူတို့ ခရီးရောက်ကြတယ် ...။

တိမ်တွေရဲ့ အုပ်စိုးမှု သက်သက်ပါ
ဖြူ နီ ပြာ ၀ါ အရောင်စုံတော့
ပန်းချီကား တစ်ချပ်ဖြစ်ရတယ်
ဖန်တီးရှင်မဲ့ သဘာဝပေမယ့်
အနုပညာ လက်ရာမြောက်တယ် ...။

နေ့တစ်နေ့ရဲ့ ပတ်သက်မှု သက်သက်ပါ
နတ်သမီး မွေးနေ့မို့ ကျော်ကြားတယ်
လူသတင်း လူချင်းပေးလို့
နာမည်သတင်း မွှေးရတယ် ...။

ကဗျာရဲ့ စေ့ဆော်မှု သက်သက်ပါ
လင်္ကာ ရသတွေ ဖွဲ့မြူးတော့
နတ်သမီးအတွက် ကဗျာတွေဖြစ်ရတယ်
ချီးမြှောက် ဆုတောင်းခြင်းများ ပြည့်စုံလို့
နိုဝင်ဘာ ၁၉ က လှပတယ် ...။

အလှတရား တစ်ပွင့်ရဲ့
ပန်းချီကား တစ်ချပ်
နတ်သမီးကြောင့် လင်းလက်တယ်
နောင် နှစ်သန်းပေါင်းများစွာထိ
ဖြူ နီ ပြာ ၀ါ နေ့ရက်တိုင်း
တိမ်တွေက ကဗျာဖတ်ကြတော့မှာ ...။
(ညလင်းအိမ်)
...............................
သူ.......ကလိုရီ.......နမ်းမဝ.......သူငယ်ချင်းရေ.....
နိုဝင်ဘာ (၁၉) မှာ မွေးတဲ့သူ....
ဖြူပြာနွဲ့ သူ.....
မူယာနဲ့သူ......
မြန်မာဆန်တဲ့သူ......
အပေးအယူမျှတဲ့သူ.....
ဖေးကူမတတ်တဲ့သူ.....
သူငယ်ချင်းကောင်းပီသသူ..............
ကိုယ့်အမျိုးကိုချစ်တတ်သူ.....
ရန်ကုန်မြို့ လည်းကိုလွမ်းတတ်သူ.......
မြန်မာပြည်မှာဘဲ အခြေချခြင်သူ.......
သူ.......
သူ.......
သူ..........
ကျွန်တော်တို့မောင်နှမ အားလုံးချစ်ရပါသော"သူ"
ချစ်ခြင်းအားဖြင့်
ရဲရင့်နီ(၁၂.၁၁.၂၀၁၀၂)
...............................

“ကစဥ့်ကလျားအိပ်မက်များ”

အနီရောင်နေဖျော့ဖျော့ရဲ့အလင်းကိုခံယူရင်း
ကြယ်တစ်ပွင့်ရဲ့ မှေးမှိန်တဲ့လင်းလက်မှုကို စောင်းစားခဲ့တယ်

မျှော်လင့်ချက်တွေဝါးမျိုရင်း
အမှောင်မရောက်ခင်မှာပဲ နတ်သမီးရဲ့ကောင်းချီးသံအောက်
ကြယ်စင်တစ်ချို့ အိပ်ပျော်ခဲ့ရတယ်

နူးညံ့တဲ့ကတ္တီပါစတစ်ခုရဲ့ အထိအတွေ့အောက်မှာ
နိုးတစ်ဝက်အိပ်မက်တွေ ကယောင်ခြောက်ခြား ဖြစ်ခဲ့ရ


အော်…. တကယ်တော့ မှိန်ဖျော့တဲ့နူးညံ့မှူ့တစ်ခုကိုမှ
ငါ.. မျှော်လင်ခဲ့လေခြင်း
ရှေ့နောက်မညီတဲ့ စကားလုံးတွေကိုအားပြုရင်း
ငါတို့ရဲ့ဘ၀တွေရှေ့ဆက်ခဲ့ကြတယ်


လင်းဖြာတော့မယ့် အရှေ့အရုဏ်ရဲ့
ခပ်နွေးနွေးကိုယ်ထည်တစ်ခုအောက်မှာ
အတွေးပေါင်းများစွာနဲ့ လူလားမြောက်ခဲ့ရတယ်..


မက်ခဲ့မိသောအိပ်မက်တစ်ချို့ ရောင်ခြည်တစ်ခုကိုမြင်ယောင်ရင်း
ပျက်ခဲ့ရဘ၀ပေါင်းများစွာ..
မျှော်လင့်တကြီး မော့ကြည့်ခဲ့မိတဲ့ရင်ခွင်တစ်ခု
ရက်စက်မှူ့နဲ့အတူ ဖျတ်ခနဲသေဆုံးသွားခဲ့တယ်..


အော်… တကယ်တော့ ကြမ်းတမ်းတဲ့နူးညံ့မှူ့တစ်ခုကိုမှ
ငါ.. တမ်းမက်ခဲ့လေခြင်း…
အနှောင့်မညီတဲ့ စာအုပ်တစ်ချို့နဲ့ ပြန့်ကျဲနေတဲ့အခန်းတစ်ခု…

အယောင်ယောင်အမှားမှား ကျဆုံးခဲ့တဲ့ ငါ့ရဲ့အတွေးများ
ငါရပ်နေတဲ့နေရာ ငါ့ခြေအစုံကို မြဲမြဲစွာကုပ်တွယ်ယူခဲ့တယ်..
ရေစိုစုတ်ပြဲနေခဲ့တဲ့ စာမျက်နှာတစ်ခု

အလင်းမဲ့အခန်းထဲမှာ အောက်သိုးသိုးအနံ့တစ်ခုထွက်နေခဲ့တယ်..
ဆုပ်ကိုင်ဖို့ကြိုးစားရင်း ကြေမွပျက်စီးခဲ့ရတဲ့ ငါ့လက်ထဲကစာအုပ်တစ်စုံ
နွမ်းပါးတဲ့အခန်းတစ်ခုထဲက ပြန်လှည့်အထွက်

ခါးသီးမှူ့တွေအပြည့်နဲ့ လက်ခုပ်များစွာက ငါ့ကိုစောင့်ကြိုလို့..
အော်… တကယ်တော့ အနားမညီတဲ့မျဉ်းတွေကိုမှ
ပေါင်းစပ်ဖို့ကြိုးစားခဲ့မိလေခြင်း…


စာရေးသူ… ကိုကိုးအိမ်(မန္တလေး)

.............................
"အိမ်ပြန်ချိန်မှာ ကြယ်တွေကြွေကျ...
မြေခသွားတဲ့ အခိုက်၊
လမင်းဟာ တိုးတိတ်စွာ ငို လို့ . ."ဟုတ်လား။
ပူဆွေးမှု နိမိတ်ပုံ တွေ မဆင်ကြေးလေ၊
ကြွေကျ.... မြေခ ဆိုတဲ့ စကားလုံးတွေ ကိုတော့၊
ကျွန်တော့် ညီမ ချောလေးရယ်၊
စကား အဖြစ် လို့ပဲ ဆိုဆို၊
Figurative Speech,
Metaphorical expressions တွေ အနေနဲ့တောင်၊
အလျဉ်း မကြားလိုပါ။ မကြားဝံ့ပါ။

ကိုင်ဇာ၊ စိုးလွင်လွင်တို့ သီချင်းလေးထဲက၊
ခရေပွင့်လေး မြေခတော့မှ၊
မွှေပျံ့တဲ့ ရနံ့ကို လူ အသိအမှတ် ပြုခံရတာ၊
ဆရာ မင်းသုဝဏ် ရေးခဲ့သလို၊
ညလုံးပေါက် သီကုံးထား တဲ့ ခရေ တစ်ကုံး၊
နောက်ဆုံး မတော့၊
နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်နေတဲ့ ဆံကေသာမှာ၊
နေရာ မရတော့တာမျိုးကိုတော့၊
ကျွန်တာ့်ရဲ့ ညီမေ "နမ်းမဝ" ဆိုတဲ့ နတ်သမီးလေး၊
သူ့ရဲ့ မွေးနေ့ ရက်မြတ်မှာ သာမက
ဘဝ တစ်လျောက်လုံးမှာ၊
ခပ်ဝေးဝေးက နေနိုင်ပါစေ။
အိပ်မက် အဖြစ်နဲ့ ဆိုရင်တောင်၊
သူ့ဖာသာ ရေးထားတဲ့
Status Update ပဲ ဆိုဆို၊
ကဗျာ တစ်ပုဒ် ကို
အစ ဆွဲထုတ် တယ်ပဲ ပြောပြော၊
ဘဝ အမောတွေလား မသိ၊
အဲဒီ စကားလုံး တွေရဲ့ နောက်ကွယ်က၊
Pressure တွေ၊ Stress တွေမှ၊
အနည်းဆုံး တခဏ၊ ဒီတစ်နေ့၊ ဒီ တစ်ည၊
ဖြစ်နိုင်ရင်တော့ ထာဝရ ပေါ့ဗျာ၊
ညီမငယ် ရယ်၊
အနည်းဆုံး တော့ချွေးသိပ် ခွင့်လေး၊
ဒါမှ မဟုတ် လွတ်မြောက်ခွင့်လေး ရစေချင်ပါတယ်။
"ပင်လယ်က နှစ်သိမ့်တယ်
ကိုယ်အိပ်မရခဲ့ဘူး၊ " ဆိုပဲ။
ပင်လယ် ဆိုတာက၊
အစွန်းရောက်တဲ့ စရိုက် နှစ်ခုပဲ ညီမလေး။
အေးအေး ဆေးဆေး ဆိုလို့ကတော့၊
လေပြေ လေညှင်း လေးတွေ တစ်သုန်သုန် နဲ့၊
အပျော်ဆိုတာ တွေ မိုင်ကုန် ဖွင့် နိုင်တဲ့ အရပ်၊
အဲ၊ မုန်တိုင်း ဆင်ပြီ ဆိုရင်တော့၊
လှိုင်းကြီး၊ လေထန်၊ မိုးမြေ ပြောင်းပြန်၊
လူးလှိမ့် တော်လှန် တတ်တဲ့၊
နီး တကျက်ကျက်၊ ဝေး တသက်သက် လို့ ပြောရမလား၊
အင်မတန်ကို မာယာ များတဲ့၊
မှော်ဆရာ လေ။
အိပ်ပျက် ည တွေ ကိုများ၊
ဘာ လုပ်ဖို့ အလကားနေရင်း
ကြိုဆို နေရတာလဲ ချစ်ညီမလေး၊
စာတွေဖတ်၊ (ရည်းစားစာ မဟုတ်) သီချင်း နားထောင်၊
ရုပ်ရှင်တွေကြည့်၊ Language ကို upgrade လုပ်၊
Personal development ကို အဆင့်မြှင့်၊
ပွဲလယ် တင့်ပြီး သရဖူ ဆောင်း၊
အမိမြေ ကို ကိုယ်စားပြု၊
catering နဲ့ Hospitality Industry မှာ၊
အောင်မြင်မှု တွေ တစ်ခု ပြီး တစ်ခု ကို၊
ထွေးပွေ့ စေချင်တဲ့ စေတနာ ကြောင့်ပါ။
(ခိခိ။ ကျွန်တော့် ဖာသာ ကျွန်တော် ကျ ဆန့်ကျင်ဖက် တွေချည်း လုပ်နေတာ။)
ရေခြား၊ မြေခြား၊
မိဝေး၊ ဖဝေး သွားပြီး အလုပ် လုပ်ရရှာတဲ့ ချစ်ညီမလေး၊
ခင်ရာ ဆွေမျိုး၊ မြိန်ရာ ဟင်းကောင်း ဆိုပြီး၊
Homesickness တွေကို ခါးစည်းခံ၊
Alienation, culture shock နဲ့ discrimination, (if any )
(but I am sure more or less there is)
ဆိုတာတွေကို၊
တစ်ယောက်ထဲ ကြံ့ကြံ့ ခံ ရင်ဆိုင် နေရတာ၊
(ပြောရင် ကြိုက်ပါ့ မလား မသိဘူး။)
တကယ်ပါ။
အရမ်းကို သနား မိပါတယ်။
ဒါပေမယ့်လဲ၊
ဘာပြောလို့ ရမှာလဲနော်၊
အဲဒါ "ဘ ကုန်း" နဲ့ "၀ လုံး"၊
အဲဒီ နှစ်လုံး ကို ပေါင်းစပ်ထားတဲ့၊
လူ တစ်ချို့အတွက်တော့ ပန်းမွေ့ယာ၊ ရွှေကော်ဇော၊
ကိုယ် တွေ အတွက်က တော့၊
အငို၊ အရီ၊ ပီတိ၊ ဒေါသ တွေ ရောစပ်ထားတဲ့၊
လောကရဲ့ အမော တွေ မဟုတ်လား။
(ကျော်သူရိန်)
...............
ချစ်လှစွာသော ညီမ “နတ်သမီး ကလိုရီ” အတွက် မွေးနေ့ လက်ဆောင်--
နှစ်သက်ရာ ခေါင်းစဉ်တပ် ၊ လိုအပ်သလို သုံးဆောင်-----------------
စေ့ စေ့ တွေးတော့ လည်း
နေ့ ကလေး တစ်နေ့ မျှသာ---
သာမန်သဘောထားနဲ့  ဖာသိဖာသာ ကုန်လွန်ခဲ့ တာ ရှိမယ်
အမှတ်မထားပဲ ဖြတ်သွားခဲ့ တာရှိမယ်
ခန့် ထည်ခမ်းနား ဝှဲချီးကျင်းပတာရှိမယ်
နှိမ့် ချတိုးတိတ် ကြိတ်ဝိုင်းမျှလည်းရှိမယ်
ဘယ်လိုဖြစ်ဖြစ်-
လွန်လေခဲ့ သော ကာလ နှစ်တစ်နှစ်ရဲ့  ဒီတစ်နေ့ မှာ
ကမ္ဘာမြေပေါ် ရောက်ရှိခဲ့ တာပါလား--ဆိုတဲ့  အတွေးတစ်စ
ဆန်းကျယ်လှပတယ် မဟုတ်လား---
တရိပ်ရိပ် အမျှင်တန်းမှာ ရွှင်လန်းပီတိ ဖွေ့ ဖွေ့  တွေ့ မယ်
အလွမ်းနွယ်ဆက် မျက်ဝန်းငွေ့ ရည် ဝေ့ မယ်
ကြည်နူးပြုံး တစ်ဝက် နဲ့  နာကျင်မဲ့  တစ်ခြမ်း
ဘဝ တစ်ကိုယ်စာလမ်းရဲ့ အလယ်မှာ
လောကဓံ စည်းမျဉ်း ထင်းထင်းခြားနေပါတယ်
ကိုယ်ကလွဲပြီး မောင်းနှင်သူမရှိပေမဲ့ 
အခုလို နေ့ ကို လမ်းဆုံအဖြစ်သဘောထား---
ရပ်---ခေတ္တဖြစ်ဖြစ် တန့် လိုက်ပါ
ကြည့် --အတိတ်ဆီလည်ပြန် အနာဂတ်ဆီ လှမ်းမျှော်
သွား--အကောင်းဆုံးလို့  ဆုံးဖြတ်ထားတဲ့ အတိုင်း
ဘုံပွေ ကြုံလေ ခရီးလက်ကျန်မှာ
ခြေရာတွေ ချန်နေရဦးမှာပဲလေ-----။ ။

ကိုမှိုင်း(ဆေး)
........................................
“မဥမ္မာ(သို့)နိုဝင်ဘာနတ်သမီး”
.....................
တရံရောအခါက ဆိုတာတွေ
မေ့မရအောင် များလာတဲ့ခဏ
မငယ်တော့တာ သတိရပါမဥမ္မာ။။

တကယ်တော့....
ကျွန်တော်တို့က သုညတွေပါ
မွေးကတည်းက ဘာမှမပါခဲ့ကြဘူးမဥမ္မာ
နိုဝင်ဘာ (၁၉) မနက်ခင်းတိုင်း
နှင်းတွေဝေနေတာ မြင်ရသေးရင်
ဖေဖေနဲ့ မေမေကို ဦးချကန်တော့လိုက်ပါ။။

ဘဝကအရှိန်ပြင်းတယ်
အလျော့အတင်းများလို့ သတိထားပါ
အဆင်မပြေဘူးဆိုတိုင်း
စိတ်ဓာတ်မကျပါနဲ့ မဥမ္မာ
တစ်ခါတစ်ခါ ဥပေက္ခာဆိုတဲ့ ဆေးကိုစားရတယ်။။

မဥမ္မာရေ...မဥမ္မာ...
သုညက သုညဖြစ်ကြောင်းပြဖို့တော့
ဘယ်ကိန်းဂဏန်းနောက်ကိုမှ ပြေးကပ်ဖို့မလိုဘူးနော်။။

နှင်းက နှင်းလောက်လှသလို
မိုးကလည်း မိုးလိုလှတယ်
ကိုယ့်ကိုကိုယ် သွေးလို့ဝရင်
တကယ့်အရိပ်စစ်ဆီ ပြန်ရမယ် မဥမ္မာ။။

မျက်နှာပြင်မညီတဲ့ အတ္တတွေက
မေတ္တာသုတ်နဲ့ ပြုံးမပြရင်
ရတနသုတ်နဲ့ ခွာချပစ်ပါ မဥမ္မာ
မနက်ခင်းတွေ လှပလာလိမ့်မယ်
ခဏခဏ အိပ်ယာနိုးရတာကိုတော့ မပျင်းရဘူးနော်။။

မွေးနေ့က မွေးနေ့ဖြစ်ကြောင်းသိစေဖို့
ကိတ်မုန့်ပေါ် မီးလင်းလင်းပြရတာ
ပျင်းလှရောပေါ့ မဥမ္မာ (သူ့အတွက်)
ဇရာဆိုတာတွေ့ရှိကြောင်း အသိအမှတ်ပြု(ပေး)လိုက်ပါ။။


ကျွန်တော့်အမ မနမ်းမဝ (သို့) အဖြူရောင်နတ်သမီးရဲ့ မွေးနေ့အတွက် လက်ဆောင်အဖြစ် ရေးဖွဲ့ပါသည်။။
 အမတော် မွေးနေ့ နှစ်(၁၂၀) တိုင်ပါစေ။။။
Happy Birthday!!!!!!!!!
(အလင်းသစ်)

......................


“ကလိုရီ ကလိုရီ”

မနက်က အလင်းဖန့်ဖန့်နဲ့ ၀င်းပနေတယ်။
ဒီအချိန်ဆို နတ်သမီးလည်း နိုးထလာမယ်မဟုတ်လား။

ဝတ်မှုန်တွေ တက်ကုန်ရွက်ကုန်ဖွင့်
အိပ်မက်ဖြူဖြူတွေ လွင့်ပျံ့လာလိမ့်မယ်
နတ်သမီးနေတဲ့ကျွန်းမှာ သောင်ထွန်းခဲ့ရဲ့မဟုတ်လား။

ဘယ်လိုကောင်းကင်မျိုးက ဒဏ္ဍာရီဆန်မှာလဲ
အက်ဖရိုဒိုက်ဟာ တလက်လက်တောက်ပနေတယ်။

မွေးနေ့မှာ ပျော်ရွှင်ပါစေ နတ်သမီး
ကြယ်ကလေးတွေ ကခုန်နေတဲ့ညမှာ
အိပ်မက်လှလှ မက်ပေးပါ
ဒါမှ ...
ဆိုက်ပရပ်စ်ကျွန်းကလေးလည်း သာသာယာယာရှိမှာပေါ့။    ။

နရီမင်းထက်
p.s/ Happy Birthday အစ်မကလိုရီ :D
(စကားမစပ် အစ်မမွေးနေ့မှာ ဟိုလူကြီး မြန်မာပြည်လာလည်တယ် ဟိဟိ)
............................................
“ကလိုရီဋီကာ”

ကိုယ့်လက်ဖဝါးကိုယ် ဓားနဲ့ခွဲချလိုက်တာ
နွေတွေစိမ့်ထွက်လာတယ် ကလိုရီ ...

တနင်္လာနေ့မှာတိုက်တဲ့ ကျိန်စာ၊
ခရေပန်းတွေ ဝေနေအောင်ပန်ထားတဲ့
နတ်သမီး၊
နွေတွေဟာ ပူပဲပူနိုင်လွန်း။

သတိရတိုင်းဖွင့်ဖတ်ဖို့ ဆိုတဲ့
စာတိုက်ပုံးအနွမ်းကလေးနဲ့
စိတ်အနွမ်းကလေးအကြောင်း။
မုန်တိုင်းဟာ ကိုယ့်လက်ဖမိုးပေါ်မှာ
ယိမ်းနွဲ့လှုပ်ခါ လို့။

ဆိုက်ပရပ်စ်မြို့တော်ဟောင်းထဲ
တယောတစ်လက်၊ ဟမ်းလော့ခ်ပန်း၊
ချစ်ခြင်းမေတ္တာ ကိုယ်စီနဲ့
နွေတွေဟာ ဘယ်တုန်းကတည်းက ပူခဲ့တယ်။

ဘရန်ဒီတစ်ပြားနဲ့
ဗင်းဆင့်ဗန်ဂိုးတမ်းချင်းနဲ့
ကိုငှက်သီချင်းကို လွမ်းလို့

ဆိုက်ပရပ်စ်မှာ စိမ်းလန်းပါစေ ကလိုရီ . . . ။


“နတ်သမီးအတွက် တစ်စုံတစ်ရာ”

အလင်းည နတ်သမီး
ဖြာကျနေတဲ့ လရောင်အောက်မှာ
တစစီ လွင့်ဝေနေတဲ့
ငါ့ ခြေလက် အပိုင်းအစတွေ တစစီ လိုက်ကောက် ။
ငါ့ ခန္ဓာကိုယ် အထက်ပိုင်းကို
မလွတ်တမ်း ဖက်တွယ် ။
ညခိုးပြာပြာတွေ လွင့်လွင့် တက်လာ ။
ဒီတိုက်ပွဲဟာ ငါတို့အတွက်
ဘ၀တစ်ခုဖြစ်တယ် ။
တိမ်တွေကြားမှာ စိတ္တဇတွေ
ထုတ်လုပ်ပေးမယ့် စက်ရုံတစ်ခုလောက်
ဆောက် ကြ မယ် ။
တောင်ပံတွေကို ဖြန့်ထားပါ နတ်သမီးရေ ။
ပင်လယ်ကဗွီးပင်တွေက ၊ မင်းကို ကြည့်ပြီး
ငိုကောင်း ငိုနေလိမ့်မယ် ။
မီးခလုတ်တွေ ပတ်ပတ်လည် စီထားတဲ့
သော့ပေါက်ကြားက ၊ ၀ံပုလွေတစ်ကောင်
ဆာလောင်နေတဲ့ မျက်လုံးတွေနဲ့
ငါ့ကို ကြည့်နေတယ် ။
မင်းကိုင်ထားတဲ့ ကြေးနီကွင်းထဲ
ခုန်ဝင်ဖို့ ငါက ၊ ခွေးတစ်ကောင်လောက်တောင်
အစွမ်းအစ မရှိဘူး ။
မှန်ထဲက ငါက ၊ အပြင်လောက က ငါ့ကို
သနားစရာ သတ္တ၀ါတစ်ကောင်လို
ကြည့်နေ ။ သူမမှုတ်ထုတ်လိုက်တဲ့
စီးကရက်မီးခိုးငွေ့တွေက
သူမ ဖြစ်သွား ။ အပိုင်းအစတွေအဖြစ်
ကွဲအက်နေတဲ့ ကားလမ်းမဘေးမှာ
ငိုကြွေးနေတဲ့ ကလေးမတစ်ယောက်က
သူမ ဖြစ်သွား ။ ငါက ကျားသစ်တစ်ကောင်ရဲ့
မျက်လုံးမျိုးနဲ့ သူမကို ကင်မရာမှန်ဘီလူးမှတဆင့်
စိမ်းစိမ်းရဲရဲ စိုက်ကြည့်နေ ။
သဲနဲ့ ဆောက်ထားတဲ့ မြို့တော်ရဲ့
ဝိုင်ပုလင်းထဲ ၊ တိမ်တွေ အသိုက်လုပ် နေကြတယ် ။
ဒီလိုနဲ့ နေရော လရောဟာ ငါတို့ ကန်ရေပြင်ထက်က
ငါးတွေ ဖြစ်တယ် နတ်သမီးရေ ။
မျက်နှာဖုံးတွေနဲ့ ရံထားတဲ့ တံတိုင်းက
နှင်းဆီတစ်ပွင့်အတွက် လုံခြုံမှု ကောင်းကောင်း
ပေးနိုင်မှာပါ ။ Breathing Apparatus မပါပဲနဲ့တော့
Rome မြို့ကြီး မီးလောင်နေတာကို
ငြိမ်းသတ်ဖို့ မကြိုစားနဲ့ နတ်သမီး ။
မင်းလျှောက်နေတာ ၀က်ဝံလေးတစ်ကောင်ရဲ့
အိမ်ပြန်လမ်း မဟုတ်ဘူး ။ မင်းထင်သလောက်
ရိုးစင်းနေလိမ့်မယ် မဟုတ်ဘူး ။
ညာဘက်လက်က ဓားကို ကိုင်ပါ ။
ဘယ်ဘက်လက်က လက်ဝါးကပ်တိုင်ကို ကိုင်ပါ ။
မင်းကို ဘုရားသခင်နဲ့ မိစ္ဆာနတ်ဆိုးတွေ
တလှည့်စီ စောင့်ရှောက်ပါလိမ့်မယ် ။
ချောကလက်ရောင် အဘိဓမ္မာတွေ ကြီးစိုးနေတဲ့
လောကဓံက ၊ မင်းကို ကောင်းချီးပေးပါလိမ့်မယ် ။
ရေနွေးကရားထဲက ထွက်ကျလာမယ့် မီးလျှံတွေ ။
ဇယားကွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဘ၀ထဲက
ရုန်းထွက်ဖို့ ၊ စိုက်ခင်းမှာ ပွင့်နေတဲ့
မျက်လုံးတွေကို လျစ်လျူရှုလိုက်ပါ နတ်သမီး ရေ ။
ကနူးလှေကလေးရဲ့ တစ်ဖက်တစ်ချက်မှာ
မျက်နှာချင်းဆိုင်ထိုင်ရင်း .... ။
ငါတို့ လှော်တက်တစ်ချောင်းစီကိုင်ရင်း .. ။
လောကသမုဒ္ဒရာထဲ လှော်ခတ်ကြမယ် .. ။

(ဆူးခက်မင်း)
........... ။



“Not For Sale”
ဒီ တစ်ရက်ကို နှစ်ကြိမ်ထပ် ခဲ့တယ်။
ဆောင်း တစ်စက်နဲ့ စ
နှင်း တစ်စက်နဲ့ စ
ခင်းထားတဲ့ မီးတောက် အချို့နဲ့ စ
ဒီ တစ်ညမှာ
ဆောင်းထက်ထက်ရယ်၊ အေးစက်စက် နှင်းရယ်၊
သင်းနေတဲ့ မီးတောက်အချို့ရယ်၊
ပွဲ တစ်ခုကို ၀ယ်ကြတယ်။ သယ်ကြတယ်။ လူ တစ်စုက
ရက်တစ်ခုကို သယ်ကြတယ်။ နေ့စွဲ ပန်း။
နေ့တွေကို စွဲချိတ်ထားတဲ့ နန်းမှာ၊ တချို့ပန်းတွေက
အရောင် ပြောင်း တယ်၊ အရောင်း ပြ တယ်။
ခေါင်းစဉ်ဟာ ဒီနေရာမှာ စတယ်။ ဒီနေရာမှာ ဆုံးတယ်။
မဟောင်းသေးတဲ့ ကဗျာဟာ ငါ ဖြစ်တယ်။
မဟောင်းသေးတဲ့ ပွဲဟာ နိုဝင်ဘာ ၁၉ ဖြစ်တယ်။
မပြောင်းလဲတဲ့အရာဟာ သံစဉ်မှာ စတယ်။
စာသားအချို့မှာ လယ်တယ်။ လဲတယ်။
သံယောဇဉ်တစ်ခုမှာ ဆုံးတယ်။ ပြုံးနေတဲ့
ဆုတောင်းဟာ မွေးနေ့ရှင်အတွက် ဖြစ်တယ်။
သုံးနေကြ မဟုတ်တဲ့ စကားလုံး အချို့ကို လက်ဆောင်ပေးမယ်။
ဆယ့်နှစ်ကြောင်းမြောက်ကို ဖျက်မယ်။ ပထမဆုံး စာသားဟာ
ဦးခေါင်းပဲ။ အဲဒီ့နေ့တွေ မဟောင်းဘူး။
အဲဒီ့ရက်တွေ မပြောင်းဘူး။ ကျွန်တော့်လက်တွေ
ပြောင်းပြောင်းလာတယ်။ ခင်မင်မှုတွေ မပြောင်းဘူ။
အရောင်းပြခန်း မတင်ဖြစ်တဲ့အထဲမှာ
၁၉ နိုဝင်ဘာလည်း ပါတယ်။ ဒီကဗျာလည်း ပါတယ်။


နိုဝင်ဘာ ၁၉ တွင် ကျရောက်မည့် အစ်မနမ်းမ၀၏ မွေးနေ့အမှတ်တရ
မင်းသိုက်ထွန်း (ဖိုးကြယ်) ၁၆ နိုဝင်ဘာ ၂၀၁၂


....................................................


“ကိုရွှေပုရဲ့လက်ဆောင်(စည်းလုံးခြင်းသံစဉ်)”







“ကိုလင်းဦး(စိတ်ပညာ)ရဲ့လက်ဆောင်


    
“အဖြူရောင်နတ်သမီး သို့ မမကလိုရီ”

အဆင်းလှ ၀င့်ထယ်တယ် .
သူ့အသွင်ဝယ်ကျော့ရှင်း
ဘုန်းအလှနဲ့ ဆံထုံးတော်ကကြွ
ဇင်ယော်တောင် နက်မှောင်ကော့သွေး

အထက်ကိုပျံကာပြေးမယ့် ငှက်သွင်လို မျက်ခုံး
ပြုံးတုံ့တုံ့သူ အမူအယာ
ယဉ်တစ်ကိုယ် ယှက်ဖြာလို့
ကောင်းခြင်းရယ်မှ ငါးဖြာပြည့်စုံတယ်
ဘုန်းကညာတစ်ပါး နတ်သမီးအလား
ကျော့ရှင်းသည့်ကိုယ်ဟန် နှင့်
မာတာ မှာ မွေးပုံထူးတယ်
တင့်လှပေဟန် ။

မွေးနေ့မှမဟုတ်ပဲ . နာရီတိုင်း နေ့တိုင်း လတိုင်း နှစ်တိုင်း ပျော်ရွှင်ခြင်းတွေပေါင်းစုခစား
နတ်သမီးအနားရောက်ရှိပါစေသော် ..

ချစ်ခြင်းအားဖြင့်
ညီမငယ်
မဒမ်ကိုး
....................... 

“မွေးနေ့ဆုမွန်လွှာ”

နှင်းမှုန်ဝေရီဆောင်းရာသီဝယ်
လူ့လောကတွင်မွေးဖွားသန့်စင်
လူလားမြောက်ကာကြီးပြင်းခဲ့ရာ
၂၀၁၂ရဲ့နိုဝင်ဘာလ၁၉ဖြစ်တဲ့
မွေးနေ့မင်္ဂလာ
ရက်မြတ်မှသည်
စိတ္တကာယ နှစ်ဖြာသုခ
ပြည့်စုံစွာဖြင့် ရှေ့ဆက်ရမည့်ဘ၀ခရီးလမ်းကို
သက်ဆုံးထိတိုင် ပျော်ရွှင်ရွှင်လျှောက်လမ်းနိုင်ပါစေ

ကိုရှမ်းကြီး
May your birthday be filled with many happy hours and your life with many happy birthdays. HAPPY BIRTHDAY !!



“စာရေးဆရာမ မမြသွေးနီရဲ့လက်ဆောင်”



4 comments:

mstint said...

မွေးနေ့မှတ်တိုင်များစွာကို စိတ်နှလုံးအေးချမ်းစွာဖြင့် ဖြတ်ကျော်နိုင်ပါစေ နတ်သမီးလေးရေ။ တစ်နေရာတည်းမှာ စုစုစည်းစည်းလေးမွေးနေ့ ဆောင်းပါး ကဗျာ တောင်းဆုလေးတွေကို ကြည်နူးစွာဖတ်သွားပြီ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

May Khin said...

မွေးနေ.မှစနောင်နှစ်ပေါင်းများစွာ
ပျော်ရွှင်ချမ်းမြေ.သောမွေးနေ.များပိုင်ဆိုင်နိုင်
ပါစေကွယ်။မွေးနေ.ဆုတောင်းကဗျာလေးတွေလည်း
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

ကိုကိုးအိမ်(မန္တလေး) said...

မွေးနေ့မှစ မှတ်တိုင်များစွာစိုက်ထူနိုင်စေ....
ကဗျာတွေကိုဖတ်ပြီး မနမ်းကို ချစ်တဲ့မောင်နှမတွေဘယ်လောက်များတယ်ဆိုတာ ခန့်မှန်းလို့ရတယ်....

ခင်မင်စွာဖြင့်
နိုင်နိုင်းဟောက်(စ်) (မန်းတလေး)

စံပယ်ချို said...

မွေးနေ့ဆုတောင်းကဗျာများစွာနဲ့
အနာဂတ်လမ်း ထာဝရ လှပပါစေလို့
ကဗျာတွေခံစားရင်း
ချစ်တဲ့ sis jasmine

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger