Monday, February 17, 2014

ကျမရဲ့လက်ကိုင်တုတ်ကလေး


မကြာမီ မိဘနေရာကို ရောက်ရှိလာတော့မည့် ကျမအဖို့ ကိုယ်ချင်းစာစိတ်လေးနဲ့အတူ ဒီဆောင်းပါးလေးကို ရေးဖြစ်ခဲ့သည်။

 ငယ်စဉ်ကလေးဘဝကတည်းက ကျန်းမာရေးချူချာသည့်ကျမ ယခုအိမ်ထောင်ကျပြီးသည့်တိုင်အောင် ကျန်းမာရေးက ညံ့နေဆဲပင်။

ပိုဆိုးသည်က အိမ်ထောင်ကျပြီး ကိုယ်ဝန်(၁)လခွဲအချိန်တွင် သန္ဓေသားအချင်းကွာသဖြင့် အိပ်ယာပေါ်တွင် လပေါင်းများစွာ အနားယူရင်း ဗိုက်ထဲမှရင်သွေးလေး၏အသက်ကို ကယ်ယူခဲ့ရသည်။

အဲဒီလိုနှင့် ကိုယ်ဝန်(၆)လအချိန်တွင် သန္ဓေသားအရိုးဖွဲ့စည်းမှုအတွက် လိုအပ်သည့် အရိုးဓာတ်များကို မိခင်ထံမှ မျှယူစဉ်အချိန်တွင် မိခင်မှာ ကယ်လ်စီယမ်အရိုးဓာတ်ချို့တည့်ပြီး တင်အရိုးကွင်းဟ ဝေဒနာကို ခံစားခဲ့ရသည်။ အရိုးဟသွားသည့်အတွက် ခြေတစ်လှမ်း လှမ်းတိုင်း နာကျင်လွန်းသော ဝေဒနာကို ခံစားရပြန်သည်။

 ဆရာဝန်ညွှန်ကြားချက်အတိုင်း အရိုးကွင်း ပြန်ဆက်ရန် တင်ကို ပတ်တီးစည်းပြီး မွှေ့ယာမပါ ကုတင်အမာပေါ်တွင် တစ်လခန့် ငြိမ်သက်စွာအနားယူရပြန်ပါသည်။

ကိုယ်ဝန်ရှိစဉ်အချိန်မှစ၍    ယခုကိုယ်ဝန်(၆)လအချိန်ထိ ကျန်းမာရေးညံ့လျက်ရှိသော ကျမကို ကျမ၏အစ်မဝမ်းကွဲဖြစ်သူက ကျမနှင့်အတူနေပြီး ပြုစုပေးလျက်ရှိရာ အသက်(၅၂)နှစ်ရှိဖြစ်သော သူမမှာလည်း အဝတ်လျှော်ရ မီးပူတိုက်ရ ဟင်းချက်ရ အလုပ်များကို တစ်ယောက်ထဲလုပ်ရသဖြင့် ညည်းလေပြီ။

ကျမမှာလည်း ကိုယ့်ဝေဒနာနှင့်ကိုယ်မို့ သူမအား ကူညီဖို့ရာ မဖြစ်နိုင်သဖြင့် အိမ်အကူ အမျိုးသမီးတစ်ယောက်ကို ငှါးခဲ့ရပါသည်။

ကျမဘဝတွင် အိမ်အကူအလုပ်သမားများကို ငှါးလေ့ငှါးထမရှိ။
ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျသည်မှာ ကျမ၏အကျင့်။
ဟင်းချက်ခြင်း မီးပူတိုက်ခြင်း အဝတ်လျှော်ခြင်း အိမ်သန့်ရှင်းခြင်း အစရှိသည့် အလုပ်များကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်ခဲ့သည့်ကျမ ယခုလိုအခြေအနေမျိုးတွင် အိမ်အကူအလုပ်သမား မငှါးမဖြစ်မို့ ငှါးခဲ့ရသည်။

ကျမ၏အစ်မကတော့ သူ့ဘဝတစ်လျှောက်လုံးတွင် အိမ်အကူများစွာဖြင့် နေခဲ့ဖူးသည်။

အိမ်ကိုရောက်လောသော အိမ်အကူအမျိုးသမီးမှာ မမြင့်ဆိုသော
အသက်( ၄၀)ဝန်းကျင်အရွယ် အမျိုးသမီးဖြစ်သည်။
သူက ကျောက်ပြင်နှင့်သွေးလိမ်းရသော သနပ်ခါးကို နှစ်သက်သဖြင့် ဝယ်ပေးခဲ့သောကျမကို ကျမ၏အစ်မက သိပ်အလိုမကျချင်။

"အိမ်ဖော်တွေကို သိပ်အလို မလိုက်နဲ့ ရွှေပြည်နန်းသနပ်ခါးဘူးတစ်ဘူး ဝယ်ပေးလိုက်ရင် ရတာပဲ"ဆိုပြီး ပြောခဲ့ဖူးသည်။

မမြင့်အတွက် သွားပွတ်တံတစ်ချောင်းဝယ်ပေးရန် အစ်မအားပြောသောအခါ အိမ်မှာရှိသော ဧည့်သည်လာတုန်းက သုံးထားသည့် သွားတိုက်သွားပွတ်တံကို ထုတ်ပေးခဲ့ပြန်သည်။
အိပ်ယာပေါ်မှကျမ သက်ပျင်းကိုသာ ခိုး၍ချမိပါတော့သည်။ တစ်ကယ်ဆိုလျှင် သွားတိုက်တံတစ်ချောင်း၏တန်ဖိုးမှာ ၄၀၀/၅၀၀ကျပ်မျှပင်ရှိပါသည်။

ထမင်းစားရာတွင်လည်း တခြားအိမ်များလို အိမ်ရှင်နှင့်အိမ်အလုပ်သမားဟူ၍ အိုးခွဲမစား။
ကျမတို့နှင့်တန်းတူ  ကျမတို့စားသလို မမြင့်ကို စားစေခဲ့သည်။

မမြင့်ကလည်း အလိုက်သိသည်။ အိမ်ရှင်မစားခင် ထမင်း ဟင်းများကို ဦးဦးဖျားဖျား စားသည်မျိုး မရှိ။ အလိုက်သိသည် နေတတ်သည်။
သူ့နေရာ သူသိသည်။

အိပ်ယာထဲတွင် အနားယူနေရသည့်ကျမအတွက်  အကူ လူတစ်ယောက်လိုသည်မှာအမှန်။
ယခင်က ကျမ၏အစ်မလုပ်ခဲ့သော အိမ်မှုကိစ္စ အားလုံးကို မမြင့်အားလွှဲပြောင်း လုပ်ကိုင်စေခဲ့သည်။

တစ်နေ့ ကျမ၏အစ်မမှ " shopping center သွားမလို့ မမြင့်လိုက်ခဲ့ပါလား"
ဟု ဆိုလာသဖြင့် ကျမမှ
 "မမြင့်ရဲ့သား အဲဒီshopping center မှာ အလုပ်လုပ်တယ်ဆို သားကိုတွေ့လို့ရတာပေါ့"
"မတွေ့ချင်ပါဘူး သားစိတ်မကောင်းဖြစ်သွားလိမ့်မယ်"
"ဟင် ဘာကိုစိတ်မကောင်းဖြစ်မှာလဲ"
"ကျမ သူများအိမ်မှာ အိမ်ဖော်လုပ်နေတာ သူသိသွားရင် အားငယ်သွားလိမ့်မယ်"

မမြင့်ရဲ့ရင်ထဲက မိခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားရှိတဲ့မေတ္တာကို ကျမမြင်ခဲ့ရသည်။

အမြဲတန်း ပြုံးရယ်နေတတ်သည့် မမြင့်၏ရင်ထဲတွင် မျက်ရည်များရှိနေသည်။
အားငယ်ခြင်း သိမ်ငယ်ခြင်းများရှိနေသည်။
အဘယ်ကြောင့်နည်း??
ကျမ သိပါသည်။

အိမ်တွင် မမြင့်ရှိသည်ဖြစ်စေ
မမြင့် မရှိသည်ဖြစ်စေ
ကျမ၏အစ်မပြောသော
 "အိမ်ဖော်" ဆိုသည့် အသုံးအနှုံးကြောင့်ပင်ဖြစ်သည်။

မကျန်းမာသည့်ကျမကို ဆွေမျိုးများက မကြာခဏ လာကြည့်တတ်သည့်အခါမျိုး  ကျမအစ်မ၏သူငယ်ချင်းများ အိမ်လာလည်သည့်အခါမျိုးတွင်  အမြဲတန်းပြုံးရွှင်နေတတ်သော မမြင့်ကို တွေ့သွားကြသည့်အခါ မမြင့်လိုလူမျိုးကို သဘောကျသည် လိုချင်ကြသည်။

သူတို့အိမ်မှ အိမ်အကူများနှင့်နှိုင်းယှဉ်၍ ပြောကြသည်။
အဲဒီအခါမျိုးတွင်
"ငါတို့အိမ်က အိမ်ဖော်ကတော့… "
 "အိမ်ဖော်တွေက…"
စသည့်စကားအသုံးအနှုံးကို မမြင့်ရှေ့မှာသော်လည်းကောင်း မမြင့်ကွယ်ရာမှာသော်လည်းကောင်း  လွတ်လပ်စွာပြောဆိုလေ့ရှိသည်။

ထိုသို့ပြောဆိုကြရာတွင်လည်း မမြင့်အား နစ်နာစေလိုသောစိတ်ဖြင့် ပြောခြင်းမဟုတ်သည်ကို ကျမ နားလည်သဘောပေါက်ပါသည်။

သို့သော် ကြားရသည့် မမြင့်အဖို့မှာမူ သိမ်ငယ်ပေလိမ့်မည် အားငယ်ပေလိမ့်မည်
နာကျင်ပေလိမ့်မည်။

ဖြစ်သင့်သည်က
 "အိမ်ဖော်" ဆိုသည့် အသုံးအနှုံးအစား
"အိမ်အကူ/ အိမ်အလုပ်သမား" ဆိုသည့်အသုံးအနှုံးက ပို၍ နားထောင်ကောင်းမည်ဟု ကျမထင်ပါသည်။

မိမိဖက်က နာကျင်စေလိုသောဆန္ဒ မပါသော်လည်း တဖက်လူမှာ နှလုံးသားကို ဓားနဲ့ထိုးခံရသလို နာကျင်သွားပါလိမ့်မည်။
သူတစ်ပါး၏အားနည်းချက်ကို သူတို့၏ရှေ့တွင် မပြောမိဖို့ သတိရှိစေချင်ပါသည်။

လူနေမှုအသိုင်းအဝိုင်းတွင်
"စကား"သည် အလွန်အရေးပါသည်။
"စကားအပြောမတတ်ရင် ဆဲသလိုပဲ"
ဟူသည့်အဓိပ္ပါယ်ကို ကောင်းစွာနားလည်ခဲ့ပြီ။

လူသားခြင်း စာနာထောက်ထားမှု
လူသားခြင်း ဖေးမကူညီမှု
ဆိုသည့် အတွေးများ အသိစိတ်များ လူတိုင်းတွင်ရှိစေချင်ပါသည်။

ကျမကတော့    လမ်းမလျှောက်နိုင်သည့်ကျမကို တွဲခေါ်ပေးလေ့ရှိသော မမြင့်အား  သူမ၏ ရှေ့တွင်သော်လည်းကောင်း ကွယ်ရာတွင်သော်လည်းကောင်း
 "ကျမရဲ့လက်ကိုင်တုတ်ကလေး"
ဟုသာ ခေါ်ဆိုဖြစ်ပါလိမ့်မည်။

12 comments:

Ma Tint said...

နတ်သမီးရဲ့ ဖြူစင်တဲ့စိတ်ထားလေး အကျိုးပေးမှာပါ...
ကျန်းမာရေး ဂရုစိုက်နော် ရက်လဲနီးလာပြီ...

မေတ္တာဖြင့်
အန်တီတင့်

ကြည်ဖြူခင်ခင် said...

တကယ်တော့ အဆင့်အတန်းကို သူရဲ့ရိုးသားဖြူစင်တဲ့စိတ်နဲ့ပဲ ခွဲခြားတိုင်းတာတာ ကောင်းပါတယ်.. အမနတ်သမီးရဲ့ စိတ်ထားက တကယ်ကိုကောင်းတယ်...

သဒ္ဓါလှိုင်း said...

စိတ်ကောင်းစေတနာနဲ့ ကိုယ်ချင်းစာစိတ်အပြည့်ရှိတဲ့ နမ်းကို လေးစားမိရင်း.. အဲလိုစိတ်ကြောင့် နမ်းဘေးက အရာတွေအားလုံး နမ်းအတွက် စိတ်ချမ်းသာ ရမှာပါ။
ကျန်းမာရေးလည်း ဂရုစိုက်နော်.
ချောမောလှပတဲ့ ဘေဘီလေး ကို တွေ့ရတော့မယ်နော်.

ချစ်တဲ့
သဒ္ဓါ

မိုးငွေ့........ said...

သိပ်ကောင်းတဲ့ပို့စ်ကလေး...နတ်နတ်ရဲ့ စိတ်ထားလှလှကို ကွင်းကွက်လှစ်ပြလိုက်သလို...။

ဆွေလေးမွန် said...

ကောင်းလိုက်တာ မ.က အဆင့်အတန်း လူတန်းစားမခွဲခြားတတ်ဘူး
ကျန်းမာရေးဂရုစိုက်..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အစ်မရဲ့ စိတ်ထားလေးကို သဘောကျလိုက်တာ။ လက်ကိုင်တုတ်လေးလို့ အမည်လေး ပေးထားတာလည်း ချစ်ဂရုဏာသက်စရာ။ ပြီးတော့ အစ်မကော ရင်သွေးလေးကော နေကောင်းကျန်းမာစေဖို့ ကျွန်မ ဆုမွန်ကောင်းတောင်းပါတယ်ရှင်။

Anonymous said...

အမရဲ့ နွေးထွေးမှုကို မမြင့်လဲ ခံစားရလို့ပါ၊ စေတနာမှန်လို့ပါအမ၊ အမ ကျန်းမာရေးလဲ ဂရုစိုက်နော်၊ ပူတူတူးလေး အပြင်ထွက်လာရင်လဲ ပုံလေးနဲ့ ပို့စ်လေးရေးပါအုန်းနော် ..

ဖဘမှာ သိတာကြာပေမယ့် အမဆီကို ခုမှ ရောက်မိတယ် :)

အမအဖြူရောင်း)

Thu said...

အသူတို့.အဆောင်မှာနေတုန်းကဆို..အဆောင်မှာအကူလုပ်တဲ့အမတွေကို..ဆရာမတို့က ဝန်ဆောင်အမ၊လို့ပဲခေါ်ခိုင်းတာမှတ်မိသေးတယ်။
ဘေဘီလေးကော မေမေကြီးကော ကျန်းမာပါစေ

Thu said...

အသူတို့.အဆောင်မှာနေတုန်းကဆို..အဆောင်မှာအကူလုပ်တဲ့အမတွေကို..ဆရာမတို့က ဝန်ဆောင်အမ၊လို့ပဲခေါ်ခိုင်းတာမှတ်မိသေးတယ်။
ဘေဘီလေးကော မေမေကြီးကော ကျန်းမာပါစေ

shwewunyatana said...

မမနတ်သမီးကျန်းမာရေအမြန်ကောင်းပြီးရင်သွေးလေးကိုချောမွေ့လွယ်ကူစွာမွေးဖွားနိုင်ပါစေလိုဆုတောင်းပေးလျှက်


ရွှေဝန်းရတနာ

shwewunyatana said...

မမနတ်သမီးကျန်းမာရေအမြန်ကောင်းပြီးရင်သွေးလေးကိုချောမွေ့လွယ်ကူစွာမွေးဖွားနိုင်ပါစေလိုဆုတောင်းပေးလျှက်


ရွှေဝန်းရတနာ

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

တချို့ကျတော့ ရရာအလုပ်ကိုလုပ်ကြ ရှာကြရတာကိုး
အကောင်းနဲ့အဆိုးက နေရာတကာဒွန်တွဲနေတတ်လေတော့ ကောင်းတာတွေများဖို့ ဆုတောင်းရင်း ကောင်းတဲ့သူတွေကို အခွင့်ရေးပေးကြတာပေါ့ဗျာ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger