Friday, July 26, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး ၇)

မောင်ရေ..
အဝေးရောက်နေတဲ့အချိန်တွေမှာ မောင့်မျက်လုံးထဲမှာ လှနေတဲ့ကျမကို စိတ်မချဖြစ်နေတယ်မဟုတ်လား..
မောင်စိတ်ချမ်းသာအောင်
ကျမ နှုတ်ခမ်းနီတွေ ပါးနီတွေ မဆိုးတော့ဘူးနော်
ခါတိုင်းထက်ပိုပြီး လိမ္မာပြမယ်လို့ စိတ်ကူးလိုက်ရင်ပဲ..
ကြည်နူးစိတ်လေး ဖြတ်ကနဲ ပြေးသွားခဲ့တယ်..
မောင့်ခံစားချက်လေးကိုလည်း ကျမသိချင်လိုက်တာ...
မောင်ရေ..
လူချင်းဝေးနေရတယ်ဆိုပေမယ့်
နှလုံးသားချင်းနီးနေတယ်ဆိုတာကို ယုံ..
F O R E V E R ဆိုတဲ့ စကားလုံးက ကျမတို့နှစ်ယောက်အတွက်နော်
အလုပ်ချိန်တွေမှာ ကျမကို သတိမရပါနဲ့
မောင့်အလုပ်မှာ အမှားပါမှာစိုးလို့ပါ
ကျမနဲ့ဝေးနေချိန်မှာ ကျန်းမာရေးကို ဂရုစိုက်ပါ
မောင့်ကို ပြုစုမယ့်သူ ဆေးတိုက်မယ့်သူ မရှိမှာစိုးလို့ပါ
မောင်ရေ..
အလုပ်တွေပြီးရင်တော့
ကျမဆီကို ပြေးလာခဲ့ပါနော်
အလွမ်းတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့
မောင့်ကို ကျမစောင့်နေမယ်..
ခဏတာ ခွဲရပေမယ့်
တစ်ဘဝစာ ဘယ်တော့မှမဝေးဘူး
နှလုံးသားထဲမှာ အမြဲရှိတာကို...ယုံ
တစ်ခါတစ်လေ
တာဝန် ဝတ္တရားနဲ့ လူမှုရေးတွေက
ကျမတို့ကို ခြားထားတတ်တဲ့အခါ
မောင်က တစ်ခါလွမ်းတိုင်း
ကျမက နှစ်ခါလွမ်းတယ်...
မောင်က တစ်ဘဝစာချစ်ရင်
ကျမက နှစ်ဘဝစာချစ်မယ်...
အချစ်ချင်းပြိုင်ရင်
ကိန္နရီ၊ ကိန္နရာမောင်နှံတောင် အရှုံးပေးရမယ့် အချစ်မျိုး
ဘဝတွေ ချောင်းမခြားသလို
ဟောင်းမသွားတဲ့ အချစ်တွေနဲ့
ကျမ...မောင့်ကိုအရမ်းချစ်တယ်
ရွှေမျက်နှာတော် မညှိုးစေရပါဘူး
တီတီတာတာ စကားချိုချိုတွေနဲ့
အနားတော်မှာ ခစား
ပလီပလာမူယာကိုသုံး
မောင် ချစ်အောင်ပြုစားခဲ့တာလည်း ကျမပါပဲ
“ဖန်ဆင်းရှင်” မဟုတ်ပေမယ့်
“ချစ်ချင်း”တွေကို ခြွေချပေးနိုင်တယ်
“နားလည်ချင်း” တွေကို ဝေငှပေးနိုင်တယ်
“ကြင်နာချင်း” တွေကို လွှမ်းခြုံပေးနိုင်တယ်
မောင့်အတွက်ဆိုရင်
ဂုဏ်ပကာသနမပါတဲ့
အဖြူရောင်ချစ်ချင်းများနဲ့ တည်ဆောက်ထားတဲ့
မျက်ရည်မရှိတဲ့ ဘဝကိုပေးမယ့်
မောင့်ရဲ့....
"အိန်ဂျယ်နတ်သမီး"

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger