Thursday, August 1, 2019

ရင်ဘတ်ထဲကလူ (အက်ဆေး- ၈)

'ချစ်ရေ...' ဆိုတဲ့ ခေါ်သံလေးက
အရှေ့ အနောက် တောင် မြောက်..
ဘယ်အရပ်ဆီက လာနေမှန်းမသိ..
နားထဲမှာ ပဲ့တင်ထပ်နေလောက်အောင် သတိရနေမိတာက မောင့်ရဲ့ခေါ်သံကိုပါ..
ခဏတာ ခွဲရတယ်ဆိုပေမယ့်
ပိုချစ်တတ်သူက ပိုလွမ်းတယ် ..
တခြားယောက်ျားလေးတွေလို နေရာတကာ
ဓာတ်ပုံရိုက်လေ့မရှိတဲ့မောင်ဟာ..
ကျမကြောင့် ဘယ်သွားသွား ဘာလုပ်လုပ် ဓာတ်ပုံရိုက်တတ်လာတယ်
ကျမက သဝန်တိုတတ်သူမို့
သံသယကင်းအောင်
' မောင် ဘယ်ဆိုင်မှာ ချစ်ရေ.. '
' မောင် ဘယ်ရောက်နေပြီ ချစ်ရေ..'
' မောင် ဘာလုပ်နေတယ် ချစ်ရေ..' ဆိုတဲ့ စာကြောင်းလေးနဲ့အတူ ဓာတ်ပုံလေးတွေ ပို့ပေးတတ်သူ
'အဲဒီပုံတွေမကြည့်ချင်ဘူး မောင့်ကိုပဲကြည့်ချင်တာ' လို့ ကျမ ဂျီကျတော့ ဘယ်တော့မှ မပြုံးတဲ့ မောင့်မျက်နှာပုံကို လူကြားထဲရိုက်ပြီး ပို့ပေးရှာတယ်
ကျမနဲ့တွေ့မှ ဆယ်ဖီဆွဲနေရတဲ့ မောင့်ကို ကြိတ်ပြုံးရင်း ကျမ သိပ်ချစ်ခဲ့ရတာပါ
မောင်ခရီးသွားတော့
မောင်ရောက်နေတဲ့နေရာ ဆိုပြီး ကျမဆီကို video fileလေး ပို့ပေးခဲ့တယ်၊
အဲဒီvideo ထဲက ကားပေါ်မှာ မောင့်ဘေးနားမှာချထားတဲ့ မိန်းခလေးဝတ် စတော့ကင် ပုံလေးကို လျှပ်တပျက်တွေ့လိုက်တော့
မောင့်ကို ကျမ ရစ်ပြီလေ ..
ဘယ်ကောင်မလေးရဲ့ ပစ္စည်းလဲပေါ့
မောင့်ဆီက ချက်ချင်းဆိုသလို ဓာတ်ပုံ၃ပုံ ထပ်ပို့လာတယ်
ခုနက ကျမပြောတဲ့ မိန်းကလေးဘောင်းဘီပုံလေးက အဝတ်ထည့်တဲ့ စက္ကူအိတ်လေးဖြစ်နေပြီး အဲဒီအိတ်ထဲမှာ မောင့်အိင်္ကျီလေး ထည့်ထားတာ တွေ့တော့မှ ကျမ စိတ်ရှင်းခဲ့ရတယ်။
ကျမက အဲဒီလို စိတ်ကောက် စိတ်ဆတ်မှန်းသိလို့ မောင်က ဓာတ်ပုံလေးတွေနဲ့ ချက်ချင်းဖြေရှင်းပေးခဲ့တာ.. အခါခါပါ
ကျမက
အချစ်နဲ့ပတ်သက်ရင်
သိပ်ဆိုးတယ်
အချစ်နဲ့ပတ်သက်လာရင် အစွဲအလန်းကြီးတယ်
ကျမရဲ့မချစ်ကို ခံရတဲ့သူက
ကံကောင်းခြင်းနဲ့ကံဆိုးခြင်းကို
ပူးတွဲရစေတယ်..
'အချစ်ကြီးလို့အမျက်ကြီးတယ်'ဆိုတဲ့သူတွေထဲ ကျမရှေ့ဆုံးက ပါတယ်..
မုန်းခံရတာထက်စာရင်
ချစ်ခံရတာက သာတယ်လို့သာ မှတ်ယူပေးပါ မောင်
ရေမြေခြားလည်း မဝေးပါရစေနဲ့
အနေဝေးလို့ မောင်မချစ်တော့မှာ စိုးတယ်ကွယ်
'ချစ်ရတစ်ရက် လွမ်းရက်တစ်ရာ '
ဆိုတဲ့စကားကိုကြားရင်
ငါ ကြေကွဲတယ်
အချစ်ကမ္ဘာမှာ
သစ်ရွက်တွေ မြေခတော့ ငါကြွေရတယ်
ထစ်ချုန်းမိုးတွေရွာချတော့
ငါငိုရတယ်
အဲဒီလိုနဲ့ ငါ့ရင်ခွင်ပြိုပျက်
အငိုရက်တွေကြားမှာ
နင့်ကိုတမ်းတစိတ်နဲ့
ငါလေ..
ခဏခဏဖျားတယ်...




0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger