Thursday, August 6, 2009

ပြုံးနေရင် သတိထား...


“ဧည့်ကြို” (Receptionist) ဆိုတဲ့အလုပ်ဟာ..ထင်သလောက် မလွယ်ကူတာကို...ကျမ၏ လုပ်သက်(၅)နှစ်တာ...သက်တမ်းအရ...သိရှိခဲ့ရသည်။
ကျမအလုပ်လုပ်သော...တရုတ်စားသောက်ဆိုင်ကြီးတွင်...အထပ်ပေါင်း(၃)ထပ်နှင့်
အထူးခန်း(Private Room) ၂ ခန်းပါရှိသည်။

ကျမ၏ အလုပ်မှာ..ဆိုင်ထဲသို့ ဝင်လာသမျှ ဧည့်သည်များကိုအပြုံးနှင့် ဆီးကြိုရသလို
စားပြီး၍ ဆိုင်ထဲမှပြန်ထွက်သည့်ဧည့်သည်များကိုလည်း နှုတ်ဆက်ရပြန်ပါတယ်..။
ဧည့်ကြိုဟာ ဧည့်သည်များအတွက် ပထမဦးဆုံးနှင့် နောက်ဆုံးမြင်ရသည့် သူ
(Receptionist is the First and the Last important face in the Restaurant)ဟု..ဆိုရိုးစကားရှိပါတယ်..။

ဆိုင်ထဲသို့ ဝင်လာသော ဧည့်သည်များ ပထမဦးဆုံးမြင်ရမှာကတော့
ဧည့်ကြိုဖြစ်သူ ကျမ၏ အပြုံးပဲ
ဖြစ်ပါတယ်..။

ကျမ၏ စိတ်ထဲက ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ငန်းခွင်အတွင်း
တာဝန်နှင့်ဝတ်တရားအရ ပြုံးနေရသည့် ကျမအဖို့ ကြာလာတော့လည်း
ပြုံးရတာကို ငြီးငွေ့လာတတ်ပြီပေါ့...။

နေ့စဉ်နှင့်အမျှ ဤစားသောက်ဆိုင်ကြီး၏.လှေခါးထစ်များပေါ်တွင်
တက်လိုက် ဆင်းလိုက်နှင့် ပြေးလွှားရင်း ဧည့်သည်များကိုနေရာချပေးရသော
ကျမ၏ အလုပ်မှာ ကျမပျော်မွေ့ရပေမယ့် တခါတရံ ကျပြန်တော့လည်း
ပြဿနာရှာတတ်သော ဧည့်သည် ၊နေရာထိုင်ခင်းအတွက် ဂျီးများတတ်သော
ဧည့်သည်များနှင့် ကြုံတွေ့ရသည့် အခါမျိုးတွင် ကျမတယောက် ဒေါပွပြီး
စိတ်အလိုမကျ ဖြစ်ရင်း အဓိပ္ပါယ်မဲ့စွာ ပြုံးတတ်လာပါတယ်။

ဧည့်သည်များကို သတ်မှတ်ထားသော စားပွဲသို့ ကျမမှ ဦးဆောင်၍ခေါ်ဆောင်သွားရာ လမ်းတလျှောက်တွင် အခြားစားပွဲများကို ဖြတ်သန်း၍ သွားရာ၌ ကျမမြင်တွေ့သမျှ
ဝန်ထမ်းများ၏ အမှားများ ဧည့်သည်များအား ဂရုစိုက်ရန်လိုအပ်ချက်များကို
တွေ့မြင်ရသည့် အခါမျိုးမှာ ဝန်ထမ်းများအား အပြုံးမပျက်ပဲ မျက်လုံးနှင့်
လိုရာကိုပြောတတ်သည့် ကျမ၏ အမူအရာကို ကျမ၏ လုပ်ဖော်ကိုင်ဖက်များက အကျွမ်းတဝင်ရှိနေပြီ ဖြစ်သည်။

ဧည့်သည်များကို သတ်မှတ်ထားသော စားပွဲဆီသို့ ကျမမှဦးဆောင်၍
ခေါ်သွားစဉ်တွင် ဘေးတဖက်တချက်မှ ဝန်ထမ်းများအား စကားလှည့်ပြောပိုင်ခွင့်
မရှိသော ကျမအတွက် မျက်လုံးအမူအရာဖြင့်သာ စကားပြောရခြင်းဖြစ်သည်။
မျက်လုံးနှင့်စကားပြောခြင်းကို ကျမဘက်မှ အတော်ကြွမ်းကျင်နေပြီဖြစ်သလို
လုပ်ဖော်ကိုင်ဖက်များကလည်း ကျမ၏မျက်လုံးအမူအရာကို အတော်နားလည်နေကြလေပြီ။

သာမာန်လူတယောက်အတွက် ကျမ၏ အပြုံးမှာ တမျိုးတည်းဟုသာ
ထင်ရသော်လည်း နှစ်ပေါင်းများစွာ ကျမနှင့်အတူလက်တွဲလုပ်ကိုင်လာသော
သူငယ်ချင်းများမှာမူ အဓိပ္ပါယ်ကွဲပြားခြားနားသော ကျမ၏အပြုံးကို နားလည်နေလေပြီ။

နေ့စဉ်နဲ့အမျှ ပြုံးရယ်ပြီး ဧည့်သည်ပေါင်း (၂၅၀)ကျော်ကို နှုတ်ဆက်ရသော ကျမ၊
ပြုံးရယ်ပြီး သူတို့၏ အလိုကို လိုက်နေရသော ကျမ အဖို့ ဘယ်မှာလာပြီး စိတ်ရှည်ပါတော့မည်နည်း..။

“Custamers are always Right” ဆိုတဲ့ စည်းမျဉ်းဥပဒေကြောင့် ကျမ၏စိတ်တွင်းဖြစ်ပေါ်လေ့ရှိသော စိတ်မကျေနပ်မှုများ စိတ်ကသိကအောက်ဖြစ်မှုများကို
ု မြိုသိပ်သည်းခံပြီး ပြုံးရသည့်အခါမျိုးတွင် ကျမ၏မျက်နှာပြင်မှ
အေးစက်သောအပြုံး မျိုးကိုသာ တွေ့ရပါလိမ့်မည်...။

ကျမ၏ အကျင့်တခုမှာ...
ပြုံးသည်......
ပြုံးနေသည်........
အမြဲတန်းပြုံးသည်.........
စိတ်အလို မကျလျှင်......ပိုပြုံးသည်........
စိတ်ဆိုးလျှင်.........ပိုတိုး၍ ပြုံးသည်........
အဲဒီ အတွက်.....ကျမ၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ.....
ကျမ၏ နောက်ကွယ်တွင် ချစ်စနိုးနှင့် ပြောလေ့ရှိသော....
စကားတခွန်းကတော့.....
“Receptionist ပြုံးနေရင်...သတိထား”....တဲ့...။


(ဒီနေ့...စိတ်အလို မကျတာလေး တစ်ခုကြောင့်....ကျမ၏ မျက်နှာပြောင်းလဲနေသည်ကို....သူငယ်ချင်းတစ်ယောက်မှ....
အကဲခတ်မိ၍.. ကျမအားမေးမြန်းရာမှ...ဤPost လေးကို ရေးဖြစ်ခဲ့ခြင်းဖြစ်သည်)



0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger