Showing posts with label လူထုအော်သံ. Show all posts
Showing posts with label လူထုအော်သံ. Show all posts

Friday, September 23, 2011

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်


မြန်မာပြည်ရဲ့ ပင်မသွေးကြော ..ဧရာဝတီ
ကချင်၊ ကယား၊ ကရင်၊ချင်း၊ မွန် ၊မြန်မာ၊ ရခိုင်၊ ရှမ်း ..အစရှိတဲ့ တိုင်းရင်းသားမောင်နှမများရဲ့ မိခင်.. ဧရာဝတီ။
မြန်မာရဲ့သမိုင်း ရာဇဝင်မှာ အထင်ကရ ဖျောက်ဖျက်မရတဲ့..ဧရာဝတီ။
သူမရဲ့အလှကို စာဆိုပညာရှင်တို့ ဖွဲ့နွဲ့လို့မကုန်နိုင်တဲ့..ဧရာဝတီ။
ဘယ်လိုကြည့်ကြည့် ငြိမ်းချမ်းလှပလွန်းတဲ့..ဧရာဝတီ။
မြန်မာပြည်က အကြီးဆုံးနဲ့ အရှည်ဆုံး အဓိကမြစ်ကြီး... ဧရာဝတီ။
မြန်မာပြည်ရဲ့ ကျက်သရေဆောင်..ဧရာဝတီ။
နိုင်ငံဂုဏ်ဆောင်တဲ့ ဧရာဝတီ။



“ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း” အတွက် .. ကျမတို့ရဲ့ဧရာဝတီကို စတေးရတော့မယ်တဲ့..။
ကြားလိုက်ရတဲ့သတင်း..... ဖတ်လိုက်ရတဲ့သတင်း ... သတင်းမီဒီယာတွေမှာ.. လူထုအော်သံတွေမှာ ပလူပျံနေလိုက်တာ..။
ရက်စက်လိုက်ကြတာ.. ၊ “တိုင်းပြည်တိုးတက်ဖို့ ”တဲ့လား..
ဧရာဝတီမြစ်ရဲ့အလှကိုဖျက်ပြီး တခြားတိုင်းပြည်မှာ မီးထိန်ထိန်လင်းစေဖို့ ..တဲ့လား..
အကျိုးအမြတ်ကျပြန်တော့လည်း ၇၀: ၂၀ : ၁၀ တဲ့။ စတေးခံရမယ့်သူတွေအတွက် မတရားလိုက်ကြတာ..။

တကယ်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျမ ဘာမှမသိပါ၊ နိုင်ငံနဲ့ချီပြီး လုပ်နေကြတဲ့ စီးပွားရေး အုပ်ချုပ်ရေးပိုင်းတွေကိုလည်း ကျမ နားမလည်ပါ..(စိတ်လည်းမဝင်စားပါ) သို့သော် ..
ဘယ်လိုမှ စိတ်ထဲမှာမကောင်း..၊ ကျမငယ်စဉ်အခါတုန်းကပေါ့..
ပထဝီမြေပုံနဲ့ပတ်သက်ရင် သိပ်ညံ့ခဲ့တယ်၊ ကမ္ဘာ့မြေပုံဆွဲရင် တိုက်တွေကို ပြောင်းပြန် အမည်ပေးနေကျ..။
ကျမရဲ့မှတ်ဥာဏ်မကောင်းတဲ့ အကြောင်းလေးတွေထဲက ကျမ တိတိကျကျမှတ်မိခဲ့တာက မြန်မာပြည်မြေပုံထဲက ဧရာဝတီ၊ ချင်းတွင်း၊စစ်တောင်း၊သံလွင်ဆိုတဲ့ မြစ်(၄)မြစ်ပါပဲ။
ပထဝီမြေပုံတွေဆွဲတိုင်း အပေါက်အလမ်းမတည့်တတ်တဲ့ကျမဟာ အဲဒီမြစ်(၄)မြစ်နဲ့ မြန်မာပြည်မြေပုံဆွဲတိုင်း ကျမ အမှတ်ပြည့်အမြဲရခဲ့တယ်..။
ငယ်စဉ်အခါက ဧရာဝတီနဲ့ပတ်သက်တဲ့ ခေါင်းထဲမှာစွဲမြဲနေတဲ့ အမှတ်ရစရာလေးပါ။
အဲဒီလို မသိစိတ် သိစိတ်တွေနဲ့ သံယောဇဉ်ဖြစ်ခဲ့ရတဲ့ ကျမချစ်ခဲ့ရတဲ့ ဧရာဝတီ..။
........................

လွန်ခဲ့တဲ့ (၄)နှစ်ခန့်က ပုဂံကနေ ပခုက္ကူဖက်ကို အလည်သွားရင်းနဲ့ ဧရာဝတီမြစ်တလျှောက် ကျမကိုယ်တိုင်ရိုက်ခဲ့တဲ့ ပုံလေးတွေကို ပြန်ကြည့်မိတယ်..

ကြည့်ကြစမ်းပါ...
ဧရာဝတီမြစ်ရေနဲ့ ရှင်သန်နေကြတဲ့သူတို့လေးတွေရဲ့ဘဝ..
အသပြာဆိုတာ သူတို့မသိ၊ ဂုဏ် ပကာသနဆိုတာတွေကို သူတို့စိတ်မဝင်စား၊ ဧရာဝတီမြစ်ရေနဲ့ တောင်ယာစိုက်ပျိုးပြီး ဘဝကို ရိုးသားစွာရှင်သန်နေကြတဲ့သူတို့လေးတွေရဲ့ဘဝ..။
ဧရာဝတီနဲ့ အသက်ရှင်သန်နေကြတဲ့သူတို့ရဲ့ဘဝ...။
ဧရာဝတီမရှိတော့ရင် သူတို့တွေရဲ့ဘဝကို ဘယ်သူတာဝန်ယူမှာလဲ.. ။


ကြည့်ပါအုံးရှင်..
မိသားစုဝမ်းစာအတွက် ဧရာဝတီမြစ်ထဲမှာ ဟင်းစားရှာဖွေရင်း ဘဝကို တင်းတိမ်ယောင့်ရဲနေနိုင်တဲ့ ဦးကြီးကို ကျမ ချီးကျူးမိပါတယ်။
အဲဒီလို အပြစ်ကင်းတဲ့ လောဘ မရှိတဲ့ သူတွေရဲ့ဘဝ..၊ ငွေကိုမလို ရွှေကိုမလို.. ဧရာဝတီဟာ သူတို့ရဲ့ဝမ်းစာ...။
ဧရာဝတီမရှိတော့ရင် သူတို့ကို ဘယ်သူတာဝန်ယူမှာလဲ...။



ဧရာဝတီမြစ်ရေနဲ့ ရေချိုးနေကြတဲ့ ရွာသူရွာသားတွေရဲ့ဘဝ..
နွေခေါင်ခေါင်မှာ သဲသောင်ကထွန်း..၊ ချိုးရေမပြောနဲ့ သောက်ရေကိုတောင် သဲကြွင်းလေးတွေထဲကနေ ခဲရာခဲဆစ် ခပ်ယူသိုလှောင်နေရတဲ့ ရွာတွေ ခုချိန်ထိ ရှိနေပါသေးတယ်။
အဲဒီလို ဘဝတွေကို သူ့ရဲ့အသွေးအသားနဲ့ အသက်ဆက်ပေးထားတဲ့ ဧရာဝတီ..။
ဧရာဝတီမရှိတော့ရင် သူတို့ရဲ့ အခက်အခဲတွေကို ဘယ်သူတာဝန်ယူမှာလဲ..။


ရိုးသားလွန်းတဲ့ ပြည်သူတွေ၊ မက်မောမှုမရှိတဲ့ပြည်သူတွေ၊ ကျောချစရာ တနေရာရဖို့အတွက် မတရားမှုတွေကို ဥပေက္ခာပြုပြီး ခေါင်းငုံပေးထားကြတဲ့ပြည်သူတွေ.. ။
ဧရာဝတီနဲ့ အသက်ဆက်နေကြတဲ့ပြည်သူတွေရဲ့ဘဝ..၊ တောင်သူလယ်သမား မိသားစုတွေရဲ့ဘဝ..၊ ဧရာဝတီမရှိတော့ရင် အဲဒီလူတွေကို ဘယ်သူက တာဝန်ယူမှာလဲ..။
သေသေခြာခြာပြန်စဉ်းစားကြည့်ကြပါအုံးရှင်...။
တိုင်းပြည်ချမ်းသာဖို့ထက် တိုင်းပြည်ထဲက ပြည်သူတွေ အသက်ဆက်ရှင်သန်နိုင်ဖို့က ပိုအရေးမကြီး ပေဘူးလား..။
တိုင်းပြည်ကောင်းစားဖို့အတွက် အပြစ်မဲ့တဲ့၊ ရိုးသားတဲ့ ၊မက်မောမှုမရှိတဲ့ မိသားစုတွေရဲ့ဘဝတွေကို စတေးရမယ်ဆိုတာ တရားမျှတမှု ရှိပါရဲ့လား..။
ကိုယ့်သမိုင်း ကိုယ်ဖျက်.. ကိုယ်အရှက်ရမယ့်အရေး.. ကျမဘာမှ နားမလည်ပေမယ့် အနည်းငယ်တော့ မေတ္တာရပ်ခံပါရစေ...
ကမ္ဘာမှာ “ရေခြောက် မြေပျောက်အောင်လုပ်တဲ့နိုင်ငံ”လို့ ထပ်ပြီးအပြောမခံပါရစေနဲ့...။
ကိုယ်ပိုင် ငွေစက္ကူထုတ်စက်ရုံရှိတဲ့ ကျမတို့နိုင်ငံဟာ ဧရာဝတီကို စတေးရလောက်အောင် ထင်သလောက်မဆင်းရဲသေးပါဘူး။
ဧရာဝတီကိုတော့ မရောင်းပါနဲ့..
မစတေးလိုက်ပါနဲ့...
ဧရာဝတီကို စတေးလိုက်လို့ နိုင်ငံတော်အတွက် အကျိုးအမြတ် ဘယ်လောက်ရသွားတယ်ဆိုတာထက် အဲဒီဧရာဝတီကို မှီခိုနေကြတဲ့ အပြစ်ကင်းတဲ့ပြည်သူတွေရဲ့များစွာသော ဘဝတွေကို မစတေးမိစေဖို့ ကန့်ကွက်မဲ တမဲအနေနဲ့ ဧရာဝတီကို ချစ်သော ၊ မြန်မာပြည်ကို ချစ်သောစိတ်နဲ့ ...ကျမ
“ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်”




Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger