Showing posts with label နတ်သမီးလက်ရာ စားကြည့်ပါ. Show all posts
Showing posts with label နတ်သမီးလက်ရာ စားကြည့်ပါ. Show all posts

Saturday, March 2, 2013

ဂျုံအာလူးပြားကြော်






မနေ့က အိမ်မှာ ဂျုံအာလူးပြားကြော် လုပ်စားကြတယ်
လုပ်ရတာလွယ်ကူပြီး အဆာပြေစားလို့လည်း အရမ်းကောင်းတယ်
သူငယ်ချင်းတို့လုပ်စားကြည့်လို့ရအောင် လုပ်နည်းလေး တင်ပေးလိုက်တယ်နော်။

ပါဝင်တဲ့ပစ္စည်းတွေကတော့
၁။သင်္ဘောခြစ်နဲ့ခြစ်ထားတဲ့ အာလူးအချောင်းများ
၂။ဂျုံမှုန့်
၃။ဆီ၊ အချိုမှုန့်၊ဆား၊ကြက်ဥတစ်လုံးတို့ဖြစ်ပါတယ်။



ခြစ်ထားပြီးသားအာလူးများကို ဂျုံမှုန့်၊ ဆားအနည်းငယ်၊ကြက်ဥတစ်လုံး၊အချိုမှုန့်အနည်းငယ်ကို ရေသင့်တော်သလိုထည့်ပြီး ပုံမှာမြင်ရတဲ့အတိုင်း နယ်ပါ။
အိုးထဲတွင် ဆီတစ်ဇွန်းထည့်ပြီး အသင့်နယ်ထားပြီးသား အာလူးများကို ပြားထည့်ပြီး တစ်ဖက်တစ်ချက်စီလှန်ပြီး အိုးကင်းပူကပ်ပေးယုံပါပဲ။



လုပ်ရတာလည်းလွယ်တယ်၊ စာလို့လည်းအရမ်းအရသာရှိတဲ့ ဂျုံအာလူးပြားကြော်လေးကို အပြင်းပြေလုပ်စားကြည့်ကြပါအုံးနော်။

Tuesday, February 5, 2013

ပုဇွန်ပေါင်မုန့်ညှပ်ကြော်(သို့)Prawns Tost

ဒီနေ့တော့ လုပ်ရတာ အရမ်းလွယ်ကူပြီး အစာပြေစားဖို့ ပုဇွန်ပေါင်မုန့်ညှပ်ကြော် လုပ်နည်းလေးကို တင်ပေးလိုက်တယ်နော်
ပေါင်မုန့်ရဲ့ဘေးသားများကိုလှီးထုတ်လိုက်ပါ
အခွံခွာ၊ အကြောထုတ်ထားပြီးသားပုဇွန်ကို အတုံးသေးများဖြစ်အောင်လှီးပြီး ဆားအနည်းငယ်နှင့်နယ်ပါ။





ပေါင်မုန့်ထဲသို့ ပုဇွန်သားတစ်ဇွန်းထည့်ပါ။



 
ပေါင်မုန့်ရဲ့အနားနှစ်ဖက်ကို ကြက်ဥနှစ်အနည်းငယ်သုတ်၍ ဖိကပ်လိုက်ပါ။







ဤပုံစံလေး ဖြစ်သွားပြီးလျှင် ကြက်ဥရည်ထဲသို့နှစ်ပြီး နှမ်းစေ့များဖြင့်ကပ်လူးလိုက်ပါ။
အားလုံးပြီးသွားလျှင်တော့ ဆီပူထဲသို့ ထည့်ကြော်ပြီး အသင့်စားသုံးနိုင်သော ပေါင်မုန့်ပုဇွန်ညှပ်ကြော်ကို သုံးဆောင်နိုင်ပါပြီရှင်..။

Friday, June 17, 2011

ကျမရဲ့ဆွေစင်မျိုးဆက်“ကြက်သားဆွမ်းချက်”




အလုပ်တွေမအားလပ်တဲ့ကြားက ကျမရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်းတို့အတွက် ကျမရဲ့လက်ရာ “ကြက်သားဆွမ်းချက်” ဟင်းနဲ့ ဧည့်ခံဖို့စဉ်းစားမိတယ်။

“ကြက်သားဆွမ်းချက်” ဆိုတဲ့ နာမည်လေးက သူငယ်ချင်းတို့အတွက် အဆန်းအပြားများ ဖြစ်နေမလားပဲ..
ကျမရှင်းပြမယ်နော်..
ဖခင်မြန်မာ၊ မိခင်မြန်မာ၊ ဗုဒ္ဓဘာသာလူမျိုးမိဘ(၂)ပါးမှ မွေးဖွားလာတဲ့ မြန်မာဗုဒ္ဓဘာသာစစ်စစ် အမျိုးသမီးတယောက်ဖြစ်တဲ့ ကျမကို ကျမရဲ့မေမေက ဟင်းချက်နည်းအားလုံးကို လက်ထပ်ပြီး သင်ကြားပေးခဲ့ပါတယ်။ (အိမ်ထောင်ရှင်ပီသတဲ့ မိခင်တိုင်းဟာ မိမိတို့ရဲ့ သမီးမိန်းခလေးတိုင်းကို ဟင်းချက်နည်းတော့ လက်ထပ်ပြီး သင်ပေးလေ့ရှိကြပါတယ်)။
မြန်မာဗုဒ္ဓဘာသာဝင်တိုင်းဟာ မိမိတို့၏ နေအိမ်တွင်လည်းကောင်း၊ မိမိတို့ ကိုးကွယ်ရာ ဘုရားကျောင်းကန်များတွင်သော်လည်းကောင်း၊ အလှူအတန်းများကို မကြာခန ပြုလုပ်ရင်း ရဟန်း သံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းလေ့ရှိကြပါတယ်။

အဲဒီလိုလှူဒါန်းသည့်အခါတိုင်း ကျမရဲ့မိဘများအပါအဝင် ဆွေမျိုးမိသားစုတိုင်း ချက်လေ့ရှိတဲ့ ဟင်းကတော့ ဆီပြန်ပြီး မာဆလာနံ့သင်းသင်းလေးနဲ့ အရသာရှိလှတဲ့ “ကြက်သားဆွမ်းချက်” ဟင်းပွဲလေးပဲဖြစ်ပါတယ်။

“ဆွမ်း” ကပ်လှူတယ် ဆိုကတည်းက ရက်ရောစွာ သဒ္ဓါတရားထက်သန်စွာလှူဒါန်းခြင်းဖြစ်လို့ ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ ပစ္စည်းများနဲ့ ချက်ပြုတ်ထားခြင်းဖြစ်သည့်အတွက် သာမန်ကြက်သားဆီပြန်ဟင်း ဆိုတဲ့ အမည်နှင့် အဓိပ္ပါယ်ချင်း ကွဲပြားသလို အရသာချင်းလည်းကွာပါလိမ့်မယ်၊ (ဟုတ် မဟုတ် ဆိုတာကတော့ ကျမဆီကို တကယ်လာလည်တဲ့အခါ ကျရင် မြည်းကြည့်ပေါ့နော်)။

ပြီးတော့ ကျမရဲ့ဆွေမျိုး(အမျိုး)မှန်ရင် ကြက်သားဆွမ်းချက် ဟင်းကို ချက်တတ်ကြပါတယ်။
ဆွေစဉ် မျိုးဆက် လက်ဆင့်ကမ်းအမွေ ဟင်းချက်နည်းလေးလည်းဖြစ်တဲ့အတွက် သူငယ်ချင်းတို့ကို မျှဝေရင်း လက်ဆင့်ကမ်းမျှဝေလိုက်တယ်နော်...
ကဲ... စလိုက်ကြရအောင်...

၁။ ကြက်ရင်အုံတခုကို အတုံးညီစွာလှီးပြီး ရေသန့်စင်အောင်ဆေးပါ ၊ (လတ်ဆတ်သော ကြက်သားမှန်ရင် ပုံပါအတိုင်း အနီရောင်သန်းပြီး အသားမှာ ကြည်လင်နေပါတယ်)။
၂။ အချိုမှုန့် လ္ဘက်ရည်ဖွန်း(၁)ဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ ငြုပ်သီးမှုန့် ဟင်းခပ်ဇွန်း(၁)ဇွန်း၊ အချိုမှုန့်လ္ဘက်ရည်ဇွန်း(၁)ဇွန်း၊ ငံပြာရည် ဟင်းခပ်ဇွန်း(၃)ဇွန်း(ငံပြာရည်နှင့် ချက်သော ဟင်းလျှာများတွင် ဆားမရောပါ) တို့နှင့် ကြက်သားကို သမအောင် (အရသာများ အသားထဲသို့ စိမ့်ဝင်သွားအောင်)နယ်ပါ။


၃။ ဂျင်းလက်တဆစ်ခန့်ကို အခွံခွာပြီး အချောင်းလေးများဖြစ်အောင်လှီးပါ၊ ကြက်သွန်ဖြူ အနည်းငယ်ကိုလည်း ပုံပါအတိုင်း အချောင်းလေးများဖြစ်အောင်လှီးပါ၊ ကြက်သွန်နီ၃လုံးခန့်ကိုတော့ လေးထောင့်အတုံးလေးများဖြစ်အောင်လှီးပါ။

၎။ အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီဇွန်းကြီး(၂)ဇွန်းကို အိုးထဲတွင်ထည့်ပြီး ဆီပူလာသည်အထိ ထားပါ။

၅။ ဆီပူလာပါက အရသာ အသင့်နယ်ထားပြီးသား ကြက်သားများကို ဆီအိုးထဲသို့ရော၍ ရေမြုတ်အောင်ထည့်ကာ ရေခန်းခါနီးအချိန်ထိစောင့်ရင်း
သရက်သီးအသားသနပ် ၃/၄ ဖတ်ကိုပါရောထည့်ပါ။
(ရေမခန်းခင်အချိန်၊ ၃ကြိမ်ခန့် ကြက်သားများ အိုးမကပ်စေရန် အထက် အောက် လှန်ပေးသည့် အချိန်မှအပ အဖုံး အုပ်ထားပေးရန်လိုပါသည်)။
ထိုသို့ ကြက်သားများကို အထက်အောက်လှန်ပေးချိန်တွင် ကြက်သား နူး မနူးကိုပါ စမ်းသပ်ရန်လိုပါသည်၊ မနူးသေးလျှင် ရေအနည်းငယ်ထပ်ထည့်ပါ။

ကျမကတော့ ကြက်သားအိုးထဲမှ
“ဗွက်..ဗွက်..ဗွက်” ဟူသော ရေပွက်သံနှင့် “ရှဲ..ရှဲ..” ဟူသော ရေခန်းကာနီး၍ မြည်လာသော ဆီသံတို့ကို ရေများ ခန်း၊ မခန်းကို နားနဲ့ နားထောင်လေ့ရှိပါတယ်။

၆။ အိုးထဲမှ ရေများ ခန်းကာနီးအချိန်တွင် အသင့်လှီးထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို တလွှာချင်း ကြက်သားပေါ်တွင်ဖြူးရာမှာလည်း ထိုပစ္စည်း(၃)မျိုး၏ တကြိမ်တည်းတွင် အနူးပမာန တူညီစေရန် မာသော ဂျင်းကို အရင်ဖြူးပါ။

၇။ ဒုတိယ.. ကြက်သွန်ဖြူ


၈။ အနူးလွယ်သော ကြက်သွန်နီကို နောက်ဆုံးအုတ်ပါ

၉။ ထို(၃)မျိုး အုပ်ပြီး၍ ၅မိနစ်ခန့်တွင် အိုးထဲမှ ရေခန်းချိန်နှင့် ဂျင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့သည်လည်း တူညီစွာ နူးနေပါလိမ့်မည်။




၁၀။ အိုးထဲမှ ရေများခန်းချိန်တွင်တော့ မာဆလာ(၁)ဇွန်းခန့်ကို ကြက်သားများပေါ်တွင်ဖြူးပြီး မီးဖိုပေါ်မှ ချရန်လိုပါသည်၊ ထိုသို့မဟုတ်ပါက ကြက်သားများ မီးအပူရှိန်ကြောင့် အိုးကပ်သွားပါလိမ့်မည်။




ကဲ..
သူငယ်ချင်းတို့ရေ..
ကျမရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းအမွေဖြစ်တဲ့ ဆီပြန်ပြီး အနံ့ အရသာနှင့်ပြည့်စုံသော “ကြက်သားဆွမ်းချက်” ဟင်းလေးကို မြည်းကြည့်လိုက်ကြပါအုံးနော်..။





မှတ်ချက်။ ။ ကျမ ဟင်းချက်တဲ့အခါတိုင်း ဟင်းရည်မှအပ ကျန်ဟင်းများကို မြည်းလေ့မရှိပါဘူး၊ ယုံကြည်စွာ စမ်းသပ်သုံးဆောင်ကြည့်ပါ။
ဘယ်လောက်ပဲ ထက်မြက်တဲ့ မိန်းမဖြစ်နေပါစေ..၊ မိန်းမမှန်ရင် ဟင်းချက်တတ်ရပါမယ်၊ အိမ်ထောင်မှုနိုင်နင်းရပါမယ်..၊ မိန်းမဟာ မိန်းမပါပဲ..၊ အထူးသဖြင့် အိမ်ထောင်သယ် အမျိုးသမီးများ မိမိတို့ရဲ့ အိမ်ဦးနတ်များ အိမ်မကူးစေရန်အတွက် မိမိတို့ရဲ့ အိမ်ရှင်မလက်ရာကို တတ်နိုင်သလောက်ထိန်းသိမ်းနိုင်ကြပါစေရှင်...။

Saturday, May 14, 2011

Prawns with Feta Cheese

ဒီနေ့တော့ ကျမဆီ လာလည်ကြတဲ့ သူငယ်ချင်းများအတွက် Feta Cheese နဲ့ချက်တဲ့ ပုဇွန်မွှေးမွှေးလေး တပွဲနဲ့ဧည့်ခံချင်ပါတယ်..။
“Prawns with Feta Cheese ”ဟင်းပွဲအတွက် လိုအပ်တဲ့ ပစ္စည်းများကတော့..
၁။ ပုဇွန်
၂။ ကြက်သွန်နီ
၃။ Feta Cheese
၎။ ခရမ်းချဉ်သီး (Fresh) သို့မဟုတ် ခရမ်းချဉ်သီး အရည်
၅။ ဆီ
၆။ ဆား
၇။ အချိုမှုန့် တို့ပဲဖြစ်ပါတယ်။




ပထမဦးစွာ အိုးထဲမှ ဆီများ ပူလာလျှင် အသင့်လှီးထားသော ကြက်သွန်နီကို ထည့်၍ အရောင်အနည်းငယ် နီလာသည်အထိ မွှေပေးပါ



ကြက်သွန်များ အရောင်ပြောင်းလာလျှင် ခရမ်းချဉ်သီးအရည်(သို့) လှီးထားသော ခရမ်းချဉ်သီးများကို ထည့်၍ ရောပါ။




ပြီးလျှင် ဆား အချိုမှုန့်တို့နှင့် နယ်ထားပြီးသား၊ သန့်စင်ပြီးသား ပုဇွန်များကိုထည့်ပါ

“ပုဇွန်အကွေး ငါးအနွေး” ဆိုသည့်အတိုင်း ပုဇွန်များ ကျက်လောက်သည့်အချိန်တွင် Feta Cheese အတုံးလေးများကို ရောပြီး မကြေ တကြေအချိန်တွင် အိုးမှချ၍ ထမင်းနှင့်သော်၎င်း၊ ပေါင်မုန့်နှင့်သော်၎င်း စားသုံးနိုင်ပါပြီရှင်...။

Wednesday, March 30, 2011

ရုရှားချဉ်ပတ်



ဆိုင်မှာ နေ့စဉ်နဲ့အမျှ တရုတ်ဟင်း ချိုချိုအရသာတွေပဲ စားနေရတာ ငြီးငွေ့လာလို့ မြန်မာပြည်က ငပိရည်နဲ့ တို့စရာ ချဉ်ပတ်လေးတွေကို သတိရမိတယ်..။
ဆိုက်ပရပ်စ်မှာက ငံပြာရည်ရှိတဲ့အတွက် ငံပြာရည် ငပိချက် ချက်ပြီးစားပါတယ်၊ ချဉ်ပတ်အတွက်ကတော့ ဆိုင်မှာ အလုပ်လုပ်တဲ့ ရုရှားသူ အန်တီကြီးတယောက် စားစားနေတဲ့ ရုရှားချဉ်ပတ်လေးကိုပဲ မြန်မာပြည်က ချဉ်ပတ်အစား အစားထိုး ခဲ့ရတယ်။
ကျမလိုပဲ မြန်မာပြည်က ချဉ်ပတ်ကို တမ်းတနေကြတဲ့ ပြည်ပရောက် သူငယ်ချင်းများအတွက် “ရုရှားချဉ်ပတ်” လုပ်နည်းလေးကို ပြောပြလိုက်တယ်နော်..။

ရုရှားချဉ်ပတ်ပြုလုပ်ဖို့ အတွက်...
၁။ ပန်းဂေါ်ဖီ တပွင့်
၂။ မုန်လာဥနီ ၅လုံး
၃။နံနံပင် တစည်း
၎။ငရုတ်သီးစိမ်း ၅တောင့်
၅။ဆား ၁/၂ ဇွန်း
၆။သကြား ၁ဇွန်း
၇။ဆီ၅ကျပ်သား
၈။ရှာလကာရည် ၁၀သားတို့ဖြစ်ပါတယ်။

ပထမဦးစွာ အသီး အရွက်များကို ပုံတွင် ပြထားသည့်အတိုင်း ရေစင်ကြယ်အောင်ဆေးပြီး အဆင်သင့်လုပ်ထားပါ။



ရေ ၁လီတာခွဲခန့်ကို ဆူပွက်အောင်ကျိုပါ။

ရေများ ပွက်ပွက်ဆူလာလျှင် ဆား၊သကြား၊ဆီ၊ရှာလကာရည်များကို လောင်းထည့်ပြီးနှံ့အောင်မွှေပါ။


ပြီးလျှင်တော့ အသင့်လှီးချွတ်ထားသော ဟင်းသီး ဟင်းရွက်များထဲသို့ လောင်းထည့်လိုက်ပါ။




အဖုံးပါသော ပလတ်စတစ်ဘူးရှိလျှင် ရေနွေးများ အနည်းငယ် အေးသွားသည့်အချိန်တွင် ပလတ်စတစ်ဘူးထဲသို့ ပြောင်းထည့်ပြီး အဖုံးကို လုံစွာပိတ်ထားလိုက်ပါ။
၁ရက်ခွဲအကြာတွင် နံနံပင်အနံ့လေးနှင့် ချိုချဉ်အရသာရှိသော သန့်ရှင်းစင်ကြယ်သည့် ရုရှားချဉ်ပတ်လေးများကို အသင့်စားသုံးနိုင်ပါပြီ။

မှတ်ချက်။ ။ ဟင်းသီးဟင်းရွက်များနှင့် ချဉ်၊ငံ အရသာများကို မိမိတို့စိတ်ကြိုက် ချိန်ဆ ထည့်နိုင်ပါသည်။


ကဲ..အော်လိုက်မယ်နော်....
“ဟောဒီက ရုရှားချဉ်ပတ်”.....
:P
:D
;;)

Saturday, March 12, 2011

မှိုအစာသွတ်ကြော်



ရှေ့က အမများ၊ ညီမများက ဟင်းချက်နည်းအမျိုးမျိုးကို ကြည့်ရင်း ကျမလည်း အားကျလာတာကြောင့် ဒီနေ့တော့ “မှိုအစာသွတ်ကြော်” လုပ်နည်းလေးကို တင်ပြလိုက်ရပါတယ်။
“မှိုအစာသွတ်ကြော်” အတွက် လိုအပ်တဲ့ ပစ္စည်းများကတော့...

၁။အသင့်ဆေးကြောပြီးသားမှို

၂။ပြောင်းမှုန့်
၃။Carnation မုန့်ကြွပ်အမှုန့်

၅။ဂဏန်းအသားချောင်း


၆။Water Chestnuts(ရေသစ်ချသီး)


၇။ကြက်သား၊ ၈။ကြက်ဥ ၊
၉။အချိုမှုန့် နှင့်
၁၀။ဆားအနည်းငယ်တို့ဖြစ်သည်။

ရှေးဦးစွာ ကြက်သားအနည်းငယ်၊ ဂဏန်းအသားချောင်း၊Water chestnuts၊ အချိုမှုန့်အနည်းငယ်၊ ဆားအနည်းငယ်တို့ရောနှောပြီး ပုံတွင်ပြထားသည့်အတိုင်း တောက်တောက်စင်းပါ။

ပြီးလျှင်တော့ မှိုထဲသို့ သွတ်ပါ။




အစာသွတ်ပြီးသား မှိုများကို ပြောင်းမှုန့်များနှင့် လူးပါ။



သွတ်ထားသော အစာများထွက်ကျမလာစေရန် ကြက်ဥရည်ထဲနှစ်၍ မုန့်ကြွပ်မှုန့်များနှင့်ကပ်ပါ


အားလုံး ပြီးလျှင်တော့ ဆီများများနှင့်ကြော်ပြီးလျှင်တော့
အသင့်စားသုံးနိုင်ပြီဖြစ်တဲ့ “မှိုအစာသွတ်ကြော်”လေးများကို ပုံပါအတိုင်းတွေ့မြင်ကြရပါပြီ။



“မှိုအစာသွတ်ကြော်”လေးများကို သူငယ်ချင်းများနှင့်စကားပြောရင်း အပျင်းပြေလုပ်စားကြည့်လိုက်ကြရအောင်လားရှင်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger