မိမိပြုလုပ်မိခဲ့တဲ့ အမှားတခုကြောင့် တပါးသူအတွက် “ဆုံးရှုံးနစ်နာမှု”ဖြစ်စေခဲ့တဲ့ အကြောင်းတရားလေးတခု လွန်ခဲ့တဲ့ ၂ရက်ခန့်က ကျမ အလုပ်လုပ်သော စားသောက်ဆိုင်တွင်ဖြစ်ပေါ်ခဲ့ပါတယ်။
ဤကဲ့သို့သော အမှားမျိုးကို ကျမအပါအဝင် စားသောက်ဆိုင်နှင့် ဟိုတည်ကြီးများတွင် အလုပ်လုပ်လျှက်ရှိကြကုန်သော စာဖတ်သူ သူငယ်ချင်းများ သင်္ခန်းစာယူတတ်စေရန် ဤဆောင်းပါးလေးကို ဖော်ပြယုံမှလွဲ၍ မည်သူ တဦးတယောက်ကိုမျှ နစ်နာစေလိုသော ရည်ရွယ်ချက်မရှိပါကြောင်း ဦးစွာ ဖော်ပြလိုပါသည်။
ထိုနေ့က ကျမတို့ဆိုင်တွင် အုပ်ချုပ်သော မန်နေဂျာ၏ အလုပ်နားရက်ဖြစ်သဖြင့် ဆိုင်၏ အုပ်ချုပ်မှုပိုင်းကို ကျမက ယာယီတာဝန်ယူရသော နေ့ဖြစ်သည်။
သို့သော် စားသောက်ဆိုင်(၅)ဆိုင်ကို ပိုင်ဆိုင်သော ကျမတို့၏ ကုမ္ပဏီ၏ အကြီးဆုံးသူဌေးမှာ ရုံးခန်းထဲတွင် အလုပ်များရှုပ်ရင်း တဆိုင်လုံးတွင်တပ်ထားသော ကင်မရာမှတဆင့် ဝန်ထမ်းများကို ထိန်းချုပ်ထားသည့်အတွက် ကျမအတွက် စိတ်ပူစရာမရှိပေ။
ည ၉နာရီခွဲခန့်တွင် ကျမအား ရုံးခန်းမှ ခေါ်သည်ဆိုသဖြင့် သူဌေးနှင့် သွားတွေ့သောအခါ သူဌေးမှာ ညစာစားပွဲသွားရန်ရှိသဖြင့် ဆိုင်ကို ဂရုစိုက်ရန် မှာကြားခြင်းဖြစ်သည်။ ထိုအချိန်မှ စ၍ ဆိုင်တဆိုင်လုံး၏ တာဝန်မှာ ကျမ၏ ခေါင်းပေါ်သို့ ရောက်ရှိလာခဲ့လေသည်။
ည ၁၀နာရီ၁၅ခန့်တွင် ဧည့်သည်များလည်း ညစာစားပြီး၍ အသီးသီး ထွက်ခွာနေလေပြီ၊ ဆိုင်ကြီးတဆိုင်လုံးတွင်မှ စားပွဲ၅ဝိုင်းခန့်သာ ကျန်ချိန်တွင် ကျမလည်း အမျိုးသမီးခန်းသို့ သွားပြီး ပြန်လာချိန်တွင်တော့....
“နမ်း...စားပွဲ ၁၂ဘေးက မှန်ချပ်ကြီး ဧည့်သည်လုပ်လို့ ကွဲသွားတယ်”
“ဟင်..”
ဝန်ထမ်းမလေးပြောလိုက်သော စကားကြောင့် စားပွဲ ၁၂ ဘေးမှ မှန်ချပ်ကို ကြည့်ရင်း....
“ဧည့်သည်တွေရော...”
“ထွက်ပြေးကုန်ကြပြီ”
“ဘာ....”
ကျမ အံ့သြမိပါသည်...အဘယ်ကြောင့် ဧည့်သည်များထွက်ပြေးရသနည်း...
“သူတို့က ဘာလို့ ထွက်ပြေးရတာလဲ”
“မှန်ကွဲသွားလို့ Cindy က သူဌေးကို လှမ်းဖုန်းဆက်တာကို ဧည့်သည်တွေကြားပြီး အရော်ပေးရမှာကြောက်လို့ ထွက်ပြေးသွားကြတာ ဖြစ်နိုင်တယ်...”
ဆိုင်တဆိုင်လုံးကို မျက်စိ ဒေါက်ထောက်ကြည့်နေသည့်ကြားမှ ၁၀မိနစ်ခန့် ကျမပျောက်သွားချိန်တွင် ဖြစ်သွားခဲ့သော အဖြစ်အပျက်မှာ ဧည့်သည်များ ညစာစားပြီး၍ ငွေပေးခြေပြီး ထပြန်ချိန်တွင် ကုလားထိုင်နှင့် မတော်တဆတိုက်မိပြီး မှန်အက်သွားခြင်းဖြစ်သည်။ကျမ၏ ခေါင်းမှာ မီးတောင်ပေါက်သလို ခံစားလိုက်ရသည်။
Cindyဆိုသော ဝန်ထမ်းမလေးမှာ အလုပ်အလွန်ကြိုးစားသူတယောက်ဖြစ်သည်၊ သူမအလုပ်ကြိုးစားသည်ကို အထက်လူကြီးများက ချီးကျူးသြဘာပေးလျှင် သူ့ကိုယ်သူ အနာခံ၍ ပိုလုပ်ပြတတ်သူဖြစ်သည်။
လူဆိုသည်ကား အမြဲတန်းမှန်လေ့မရှိ ၊ တခါတရံ ပညာရှိများတောင် အမှားနှင့် မကင်း ဆိုသည့်အတိုင်း ယခု ဖြစ်ခဲ့သော အဖြစ်အပျက်တွင် သူမဖက်မှ များစွာမှားယွင်းခဲ့ပါသည်။
ဟိုတည်နှင့် စားသောက်ဆိုင်များ၏ ဥပဒေအရ အုပ်ချုပ်မှုပိုင်းတွင် ရာထူးအဆင့်ဆင့်ရှိသည်၊ သာမန်ဝန်ထမ်း၏ ပြဿနာများကို လက်ထောက်မန်နေဂျာနှင့် ပြောရသည်၊ လက်ထောက်မန်နေဂျာမှတဆင့် မန်နေဂျာကို ပြောရသည်၊ မန်နေဂျာမှ အထွေထွေ မန်နေဂျာသို့ပြောရသည်၊ အလွန်ခက်ခဲသော ပြဿနာ အဆင့်ရှိမှသာလျှင် အကြီးဆုံးသူဌေးထံသို့ တင်ပြရသည်။
ယခုဖြစ်သော အဖြစ်အပျက်တွင် ဖြစ်သင့်သည်က Cindyက တဆိုင်လုံး၏ တာဝန်ကို ယာယီယူထားရသော ကျမကိုသာပြောသင့်သည်မဟုတ်ပါလား။
အခုတော့ ကျမကို ကျော်၍ တခြားဆိုင်တွင် မိတ်ဆွေများနှင့် ညစာစားနေသော ဆိုင်(၅)ဆိုင်ပိုင်ရှင် သူဌေးကို တိုက်ရိုက်ဖုန်းဆက်၍ သတင်းပို့သည်၊ သူဌေးကို လှမ်းခေါ်သည်။
သူမ၏ အကြောင်းပြချက်ကတော့ ကျမရှိသောနေရာကို ဝန်ထမ်းများ၏ အကူညီဖြင့် ရှာရန်မှာ အလွန်လွယ်ကူလှသော်လည်း သူမအနားတွင် ကျမ မရှိ၍ ရုံးခန်းထဲတွင် သူဌေးရှိနေသည်အထင်နှင့် သူဌေးကို လှမ်းခေါ်ရခြင်းဖြစ်သည်..ဟုဆိုပါသည်။
ပိုဆိုးသည်က တချိန်ထဲမှာပင် ဧည့်သည်မိသားစု တစုသည်လည်း ညစာစားရန် ဆိုင်ထဲသို့ ရောက်လာချိန်တွင် ၎င်းတို့မှ အပေါ်ထပ်တွင် ထိုင်ချင်ကြောင်း ခွင့်တောင်းလာသဖြင့် Cindy မှာ အမျိုးသမီးခန်းသွားနေသော ကျမ၏ ဆုံးဖြတ်ချက်ကို မရယူပဲ သူဌေးကို ထပ်၍ ဖုန်းဆက်ပြန်ပါသည်။
တခါတလေ ဝန်ထမ်းများ၏ မှားယွင်းသော ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များကြောင့် ကျမ စိတ်ပျက်မိတိုင်း မျက်ရည်ကျမိပါသည်။
ကျမ၏ တာဝန်မှာ မန်နေဂျာ(သို့)သူဌေး၏ ညွှန်ကြားချက်အတိုင်း လုပ်ယုံမှလွဲ၍ သူဌေးဘယ်မှာရှိသည်၊ ဘာလုပ်နေသည်၊ မန်နေဂျာက ကျမကို ဘာပြောထားသည် ၊ ဘာမှာထားသည်ဟု ဝန်ထမ်းတိုင်းကို ပြောပိုင်ခွင့်မရှိသည်ကို ဝန်ထမ်းများမှ သဘောပေါက်နားလည်သင့်ပါသည်။
အထက်ပါ အဖြစ်အပျက်မျိုးနှင့် ကျမ ထိပ်တိုက်တွေ့ခဲ့ပါလျှင်.....
မှန်ကွဲသွားသည့် ကိစ္စတွင် အကြောင်းပြချက် ၂မျိုးရှိသည်..
(၁)မှန်ကို ကွဲစေလိုသော စိတ်ဖြင့် တမင်တကာခွဲခြင်း။ ။ ဤကဲ့သို့ ဆိုပါလျှင် ရော်ကြေးတောင်းရန်လိုပါသည်။
(၂) မတော်တဆ တိုက်မိ၍ ကွဲရခြင်း။ ။ ဆိုလျှင်တော့ “မတော်တဆဖြစ်တာပဲ...စိတ်ထဲဘာမှမထားပါနဲ့..ရပါတယ်” ဟု ကျမပြောဖြစ်ပါလိမ့်မည်။
ဤသို့ ပြောလိုက်ခြင်းဖြင့် မိမိကြောင့် မှန်ကွဲသွားသဖြင့်“ ငါတော့ ပြဿနာတက်ပြီ” ဟူသော အတွေးမှ လျှော့ကျစေခြင်း။
မှန်ကွဲသွားသော်လည်း ပြဿနာမလုပ်ပဲ ဖော်ရွေစွာ နားလည်ပေးသော ကျမတို့၏ စားသောက်ဆိုင်သို့ ထိုဧည့်သည်များ ထပ်လာနိုင်ခြင်း။
ထိုဧည့်သည်များမှတဆင့် ၎င်းတို့၏ နီးစပ်ရာ မိတ်ဆွေများကို (ကျမတို့၏ဆိုင်ကောင်းကြောင်း၊ )ကြော်ညာပေးခြင်းဖြင့် ကွဲသွားသော မှန်၏ တန်ဖိုးထက် အဆပေါင်းများစွာကို ကျမတို့ပြန်ရနိုင်မည်မဟုတ်ပါလား။
စီးပွားရေးဆန်စွာပြောရမည်ဆိုလျှင် မှန်ကွဲ၍ အရော်တောင်းရန် သူဌေးသို့ ဖုန်းဆက်နေသည်ကို သိမြင်ပြီး ဧည့်သည်များထွက်ပြေးခဲ့ရသည့် အတွက် ကျမတို့ဆိုင်အတွက် ဖောက်သည်လျှော့သွားသည့်အပြင် မှန်ပါ ဆုံးလေပြီ။မိအေး၂ခါနာခဲ့လေပြီ။
စာဖတ်သူများ နားလည်အောင် အရှင်းဆိုရသော်...
“မိမိအိမ်သို့ လာလည်သော ဧည့်သည်တယောက်ကြောင့် မတော်တဆ ပန်းအိုးတလုံး(သို့)ဖန်ခွက်တခွက် ကျကွဲသွားသည် ဆိုပါစို့....
သင် အရော်တောင်းပါမည်လား...” (သို့) “ကျောင်းခန်းထဲတွင် ကလေးများကစားရင်း ကလေးတယောက်ကြောင့် မတော်တဆ ပြတင်းပေါက်မှန်ကွဲသွားသည်ဆိုပါစို့...
တခြားကလေးများမှ မင်းကြောင့်မှန်ကွဲသွားပြီ ဆရာမနဲ့တိုင်မယ်” ဟု ပြောလိုက်လျှင် အတိုင်ခံရသော ကလေးမှာ ကျောင်းတက်ရန် ငြင်းဆန်သူ၊ ကျောင်းကြောက်သူ ဖြစ်သွားမည်မှာ သေခြာသည်”...
ပညာရှိ သတိဖြစ်ခဲ့ဆိုသကဲ့သို့ ပညာရှိမဟုတ်သော ဟိုတည်နှင့် စားသောက်ဆိုင်များတွင် အလုပ်လုပ်လျှက်ရှိသော ကျမတို့လို သာမန်ဝန်ထမ်းများအဖို့ လက်ရုံးရည်နှင့် ဖြေရှင်းရသည့်ပြဿနာမျိုးရှိသလို နှလုံးရည်နှင့် ဖြေရှင်းရသည့် ပြဿနာများလည်းရှိပါသည်။
မည်သို့ပင် တတ်သိသော်ငြားလည်း ဝန်ထမ်းများအနေနှင့် ရင့်ကျက်မှုနှင့် အတွေ့အကြုံရှိသော မိမိတို့၏ အထက်လူကြီးများကို လေးစားရန်၊
မိမိ၏ စကားတခွန်းကြောင့် ဆုံးရှုံးနစ်နာမှုများနှင့်အတူ မိအေး၂ခါ မနာမိစေရန် အသိတရားနှင့် ယှဉ်၍ သတိပေးရင်း ......တာဝန်ကျေသော ဝန်ထမ်းများဖြစ်စေရန် ရည်ရွယ်ရင်း ဘဝ၏ လက်တွေ့ပို့ချသော သင်္ခန်းစာတခုကို မျှဝေလိုက်ရပါသည်။
မှတ်ချက်။ ။ ကျမသည်လည်းပဲ တာဝန်လစ်ဟင်းမှုဖြင့် သူဌေးထံတွင် ထုခြေလွှာတင်ရပါတော့မည်။း(
အီဂျစ်သွား တောလား - ၆
14 hours ago
24 comments:
ဟောဗျာ...ဖြစ်ရလေ...။အေးဗျာ ဒီကလေးမနှယ်..။
ဒီမှာတော့ တစ်ခုခုဖြစ်ရင် သူဌေးသိမှာစိုးလို့ ကိုယ့်ဘာသာ
ဖြေရှင်းလိုက်ကြတာပါပဲ..။ဘယ့်နှယ် နေရာတကာ သူ့ပြော
နေလို့ဖြစ်မလား..။
အိုးးး အစ်မရေ
ကြားရတာ စိတ်မသက်သာလိုက်တာ .. အင်းပေါ့လေ လူပေါင်းစုံနဲ့ ဆက်ဆံရတော့လည်း စရိုက်ပေါင်းစုံပေါ့ ..
အဆင်ပြေ ပျော်ရွှင်ပါစေနော် ..း)
အစ်မရေ ကြားရတာ စိတ်လဲ မကောင်းဘူး။ သတိထားရမည့် သင်ခန်းစာတွေလဲ ယူသွားတယ်။ သိပ်လဲ စိတ်ညစ်မနေပါနဲ့ဦးနော်။
တစ်ခါတစ်လေ ဒီလိုစိတ်ညစ် စရာတွေ ကြုံတတ်တယ်လို့ တရားချရအောင်လဲ အစ်မလောက် အတွေ့အကြုံ မရင့်သေးတော့ ခက်ပြန်ရော ။ ဟီဟိ
ပျော်ပျော်နေ ထမီပြဲ ။ ဂြီ
ဒီလိုပဲ ဖြစ်တတ်ပါတယ်။
လူတိုင်းက မတူကြဘူးလေ။ အထူးသဖြင့် Management မတူကြဘူး။ သူဌေးကို ရှင်းပြရင် သူလည်း နားလည်မှာပါ။ ညီမဘက်က လစ်ဟာတယ် လို့ ပြောလို့ ရတာ တစ်ခုပဲ ရှိတယ်။ သူတို့ကို အခု သူဌေး မရှိဘူး တစ်ခုခု ဖြစ်ရင် အားလုံး ငါ့ကို တင်ပြလို့ ပြောထားရမှာ။ ဒါကို သူတို့က ရှင်းရှင်းလင်းလင်း သဘော မပေါက်တော့ ပူထူပြီး သူဌေးလာမှ ဖြစ်မှာလို့ ထင်မိလို့ ဖုန်းဆက်မိတာ နေမယ်။
ဒီနေရာမှာ တစ်ခု ရှိတာက ညီမက ငါက ဒီလို ပြောလိုက်ရင်တော့ ငါ့ကို ဆရာကြီး သိပ်လုပ်တယ် ဆိုပြီး ထင်ကြတော့မှာပဲ လို့ ခံစားမိနေလား မသိဘူး။ ဒါဆိုရင်တော့ ဒီအတွေ့အကြုံလေးက သင်ခန်းစာပေါ့ကွယ်...
ပျော်ရွှင်ပါစေ။
ကိုဇော်
သူဌေးမရှိကြောင်း ညီမဘက်က ပြောပိုင်ခွင့်မရှိလို့ပါ ..။
ဝန်ထမ်းတွေရဲ့စိတ်ထဲမှာ ရုံးခန်းထဲမှာ သူဌေးရှိနေတယ် ဆိုတဲ့ အသိနဲ့ အလုပ်ကို ကောင်းကောင်းလုပ်ကြတယ်။
တကယ်လို့များ သူဌေးမရှိဘူးဆိုတာ သူတို့သိခဲ့ရင် အလုပ်ခိုကြလို့ သူဌေးကိုယ်တိုင်က အပြင်သွားစရာရှိရင်တောင် ဝန်ထမ်းများမမြင်အောင် အနောက်ပေါက်က ထွက်သွားပြီး ရုံးခန်းထဲမှာ သူရှိသလိုမျိုး အမြဲလုပ်ထားလေ့ရှိတယ်..။
ဘာပဲပြောပြော..ညီမမှာ တာဝန်အများကြီးရှိပါတယ်..။
အဲဒါတွေခက်တာပဲ...သူဌေးရှိမှ အလုပ်လုပ်ချင်တဲ့ သူတွေ......။ ခုတော့ ငါ့နတ်သမီး အလုပ်ရှုပ်သွားပြီ.. ဒီကလေးမ အလုပ်အတွေ့အကြုံနည်းသေးမှန်း သိသာတယ်...။
ဘာပဲဖြစ်ဖြစ် နတ်သမီးကတော့ အတွေ့ကြုံရင့်ကျက်ပြီးသားမို့ ဒီလို ပြဿာနာမျိုးကို အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်မှာပါ...။
ခင်တဲ့
မိုးငွေ့
ညီမ ရေ
ဖတ်လိုက်ရတာ စိတ်တောင် မကောင်းဘူး ကိုယ် တချိန်လုံး ကောင်းကောင်းလုပ်ခဲ့ပြီးမှ ခဏလေး မရှိတုန်းပြသာနာဖြစ်သွားတယ်
အဆင်ပြေပါစေ ညီမရေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဟူး..ကြားရတာ မ အစားပင်ပန်းလိုက်တာ..
အတွေ့အကြုံတစ်ခုရတယ်ပဲ သဘောထားလိုက်ပါ။
ညီမဆို...ရတယ် ရတယ်လို့ ပြောလိုက်မှာ..
ပြီးမှ ကိုယ့်ဘာသာ သဌေးကို ရှင်းပြလိုက်မယ်..။
သဌေးက အဲလောက်တော့ သဘောထား ကြီးမှာပါ။
ဒါမှ မဟုတ်ရင် ပိုက်ဆံ တစ်ဝက် ဖြတ်ရင် ဖြတ်ပေါ့..။
ညီမကတော့ သူများကို ပြောရမှာ အားနာတော့လေ...။
မမ သနားပါတယ်..။
သဌေး ဘယ်လို စီစဉ်မလဲ မသိဘူးနော်။
မမအဖြူရောင်လေးရေ...
လောကမှာ အလုပ်များများလုပ်ရတဲ့သူ တာဝန်များများ ယူရတဲ့သူက က အမှားများတတ်တာ မဆန်းပါဘူး ...။ အဲဒီ့အမှားတွေထဲကနေ ဘ၀အတွက် သင်ခန်းစာတွေရယူရင်း ရင့်ကျက်တဲ့လူသားတစ်ဦး ၊ အောင်မြင်တဲ့ဘ၀ပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့ပဲ ကြိုးစားသင်ယူရမယ်ဆိုတဲ့ သင်ခန်းစာလေးရလိုက်သလိုပါပဲ...။
ပျော်ရွှင်ငြိမ်းချမ်းပါစေ ....
ညီမလေး နှင်း
အဖြူရောင်နတ်သမီးကလေးရေ
လေးစားသွားမိကြောင်းပါခင်ဗျာ-
အခုမှ နောက်တစ်ခါ ထပ်လာပြီး ဖတ်မိတယ်။
ဒါဆိုရင်...ပြောစရာ တစ်ခုပဲ ရှိတော့တယ် ညီမရေ။
ဒါဆို...သူဌေးမှားတယ်။
သူက အကြီးဆုံးပဲလေ။ သူက ဘာကြောင့် နောက်ပေါက်နေ ထွက်ရမှာလဲ။ သူဌေးရှိမှ အလုပ်လုပ်တယ် ဆိုတဲ့ လူတွေကိုလည်း တကယ်ကို အံ့သြမိပါရဲ့။ နောက်ပြီးတော့ ကင်မရာတွေ ရှိတယ်ဆို သူဌေး မရှိလဲ ကင်မရာတွေကို နောက် ပြန်စစ်လို့ ရတာပဲ။ အခု မှန်ကွဲတဲ့ အဖြစ်အပျက်မှာရော ကင်မရာထဲမှာ ဖြစ်ပျက်ပုံရော ၊ အဲဒီထွက်ပြေးတဲ့ လူတွေရော မပါဘူးလား။ မနေ့က ကတည်းက စဉ်းစားမိပေမဲ့ ဘာကြောင့်လဲ ဆိုပြီး မပြောဘဲ ချန်ထားခဲ့တာ။
ဒီသူဌေးက ပေါ့လျော့နေလို့များလား။
Cindy ကို ဒီအတိုင်းလွတ်ထားလို့ မဖြစ်ဘူးလေ၊
စကားမစပ် Cindy ကပြည်ကြီး တရုတ်လား တောင်အိန္ဒယ သူလား
မအဖြူရောင်ရေ. နေ့စဉ်ရုန်းကန်နေတဲ့ဘ၀တွေထဲက အတွေ့အကြုံတွေယူတက်ဖို့မီးမောင်းထိုးပြ လိုက်သလိုပါပဲဗျာ. ကျွန်တော်တို့ဆပ်စက်မှုတိုင်းမှာ သတိထားရမလိုပေါ့နော်. အားပေးခဲ့ပါတယ်ဗျာ...
ကျွန်တော့်ရင်ဖွင့်မှုများကို အားပေးသည့်အတွက်လည်း အထူးကျေးဇူးပါ. မဖြူရောင်...
စိတ်မကောင်းဘူး ဖတ်ရတာ
သူများ နိုင်ငံမှာ အလုပ်လုပ်တယ်ဆိုတာကတော့ အစစ ဂရုစိုက်ရတာပဲလေ ဒီလို ဂရုစိုက်နေရဲ့ကြားထဲက ဖြစ်သွားတာတော့လဲ
အင်းးးးးးးးး
လျှာရှည်တယ်လို့ မပြောနဲ့နော် မမ
အဆင်ပြေပါစေနော်
တာ့တာ
“ကြောင်မရှိ ကြွက်ထ” ဆိုတဲ့ စကားလိုပေါ့ ကိုဇော်ရယ်...
သူဌေးရှေ့ကျရင် အလုပ်ကို သေအောင်လုပ်ပြကြပါလိမ့်မယ်၊ သူဌေးကွယ်တာနဲ့ ရေသာခိုနေကြတာဆိုတော့ ဒီလိုပဲ အရိပ်ပြထားရတယ်လေ။
တခါတလေ..အရှေ့ပေါက်ကနေထွက်ပြီး အနောက်ပေါက်ကနေပြန်ဝင်လာတာ ဘယ်သူမှမသိလိုက်ဘူး၊ ပြီးမှ ရေသာခိုတဲ့ ဝန်ထမ်းတွေကို ကင်မရာကနေပြန်ချောင်းပြီး အပြစ်ပေးလေ့ရှိတယ်။
အဖြစ်အပျက် အစ အဆုံးကို ကင်မရာကနေပြန်ကြည့်ခဲ့ကြပါတယ်။
အမျိုးသမီးတယောက်က သူထိုင်တဲ့ခုံကို နောက်ဆုတ်ပြီး ထဖို့အလုပ်မှာ ထိုင်ခုံစောင်းနဲ့မှန် မတော်တဆ တိုက်မိပြီး မှန်အက်သွားတာပါ။
ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း မှန် နဲ့ ခုံကြားက အကျယ်အဝန်းကလည်း ကျဉ်းနေလေတော့ ညီမတို့ရဲ့အပြစ်လည်း မကင်းဘူးပေါ့။
အဲဒါကြောင့် သူတို့က အရော်ပေးမယ်ဆိုရင်တောင် မယူသင့်တဲ့အနေအထားမျိုးဖြစ်နေပါတယ်။
အစစ ဆေင်ပြေပါစေ နတ်သမီးရေ့..
မအားလို့ ခုမှအိမ်လည်ရတော့တယ်
သူဌေးအပြင်သွားတာကို ၀န်ထမ်းတွေက မသိလိုက်တော့ သူဌေးရှိတယ်ထင်ပြီး သူ့ဖုန်းကို ဆက်တာဖြစ်မယ်
ဒါမှမဟုတ်လည်း ညီမ အနီးနားမှာ မရှိတာကို သူဌေးကိုသိစေချင်စိတ်နဲ့ တမင် သူဌေးကို ဆက်တာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်..
လုပ်ငန်းခွင်မှာ ခုလို ဂျောက်ချတဲ့အဖြစ်မျိုးတွေလည်း မကြာခန ရှိတတ်ပါတယ်... ညီမလေးက စိတ်ဓာတ်ခိုင်မာသူမို့ ဒီလိုအဖြစ်တွေကို အကောင်းဆုံး ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်.
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ ကိုယ့်နိုင်ငံသားတိုင်း အဆင်ပြေ ချောမွေ့တဲ့ လုပ်ငန်းခွင်ကို ကြုံတွေ့စေချင်ပါတယ်..
အောင်မြင်ပါစေ ညီမလေး..
ဒီအဖြစ်အပျက်မှာ အကောင်းဆုံးသင်ခန်းစာ တခုတော့ ရစေတယ်။ ဒီလိုထိခိုက်နိင်တဲ့ အကွာအဝေးမှာ မှန်ချပ် တွေ ရှိနေတာကိုက ပြဿနာရဲ့ ၅၀ ရာခိုင်နှုန်းပေါ့။
ဝန်းထမ်းတွေကိုလည်း ကြုံလာတဲ့ ပြဿနာ အပေါ်မှာ အငြင်သာဆုံး ဖြေရှင်းနိင်ဖို့ အချိန်ပိုင်း သင်တန်းတခုခု နဲ့ သင်ပြပေးသင့်တယ်။
ဖြစ်ပြီးတာကို သင်ခန်းစာယူမှ နောက်တကြိမ် ဖြစ်နိင်ချေ နဲသွားမှာ မဟုတ်လား။
ပြန်လာဖတ်တယ်ဗျို့။ လက်စသတ်တော့ နတ်သမီးတိုက သူဌေးက တစ်မျိုးထူးသကိုး။ ထားတော့ သူ့စတိုင်လ်ဖြစ်မှာပေါ့။ တစ်ကယ်တော့ ၀န်ထမ်းဆိုတာ ကိုယ့်အချိန်ကို သူများဆီမှာရောင်းနေကြတာပါ။ အဲဒီတော့ အလေးမခိုး (အချိမခိုး ၊ အလုပ်မခိုး)တာ ပဲကောင်းတယ်။ သူဌေး ရှိမှအလုပ်လုပ်တဲ့ လူမျိုးကတော့ တိုးတက်ဖို့ လမ်းစဝေးမယ် ထင်တယ်။ ကျွန်တော်လည်း ၀န်ထမ်းအနည်းငယ်ကို ပြောဆိုရသူမို့ ကိုယ်ချင်းစာတယ်ဗျို့။
http://ingahuu.blogspot.com/2010/10/blog-post_6.html
ဒီဘက်ကိုရောက်နေပြန်ပြီဗျို့။ နတ်သမီး အားချိန်တွေ လာဖတ်ပါ။
အခုမှရောက်တယ်အစ်မရေ...
လုပ်ငန်းခွင်ထဲမှာလူစုံစရိုက်စုံပေါ့ဗျာ တခါတခါ ကိုယ့်စိတ်လိုသဘောထားမိလို့ အခက်ကြုံရတာမျိုးရှိတယ်...
သူဌေးမြင်မှ ပြေးလွှားပြတဲ့သူမျိုးမုန်းမှမုန်းပဲ
ထိုင်နားတုန်းသူဌေးလာရင်တောင် ကျွန်တော်တော့ထိုင်နေမြဲပဲ... သူလာမှထလုပ်တယ်အထင်မခံနိုင်လို့း)
အစစအရာရာ အဆင်ပြေပါစေဗျာာာာ
နောင်နောင်...........
မမရေ မောင်လေးလာလည်ပါတယ်ဗျာ...
မမရော...အစ်ကိုပါနေကောင်းပါစေ...အလုပ်အကိုင်တွင်အဆင်ပြေပြီး....ပျှော်ရွှင်ချမ်းမြေ့ကြပါစေဟု..ဦးစွာဆုမွန်တောင်းလိုက်ပါတယ်......သီတင်းကျွတ်မှာ..ကန်တော့ခွင့်ပေးပါနော် အစ်ကိုနဲ့မမ......နောင်နောင်မှားခဲ့တာတွေ..ပြစ်မှားမိတာတွေရှိပါက..ခွင့်လွှတ်ပေးပါနော်.....ရိုသေလေးစားစွာဖြင့်...အစ်ကိုနဲ့မမ တို့ကိုရေ.....
မင်္ဂလာလက်ဖွဲ့ဝယ်ထားမယ်နော်.........စားချင်လှပြီ....
“ဒီပုံပြင်လေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူးကြမှာပါနော်။ သူဌေးလို အလုပ်ရှင်ရဲ့ မျက်နှာသာရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစားလုပ်ပြသူတွေ၊ အချင်းချင်း ခြေခံထိုးတတ်သူမျိုးတွေ၊ သူဌေးကိုဖားပြီး အောက်က ၀န်ထမ်းတွေကို ဖိနင်းတတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာတွေကို သိုဝှက်သိမ်းဆည်းပြီး လက်တွဲခေါ်ဖို့စိတ်ကူးမရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင်စေဖို့အတွက် အလုပ်ပိုကြိုးစား လုပ်ပြတတ်သူတွေအများကြီး ရှိတတ်ကြပါတယ်.. မြည်းပိုင်ရှင်နဲ့တူသော သူဌေးတွေကတော့ ၀န်ထမ်းတွေ ဘယ်လောက်ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ်မပြုတတ်သူတွေ၊ တန်ဖိုးထားရကောင်းမှန်း မသိနိုင်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်.. ဘယ်လိုဘဲဖြစ်စေ ဒီလို လူမျိုးတွေနဲ့ ကြုံတဲ့အချိန်မှာ အရာရာကို သင်ခန်းစာယူပြီး သူတို့နေရာမှာ ကိုယ်သာရောက်လာခဲ့မယ်ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့လိုတယ်လို့ အတွေးတွေနဲ့ စဉ်းစားမိပါတယ်..”
အထက်တွင် ဖော်ပြထားသော စာပိုဒ်လေးမှာ မချော(အစိမ်းရောင်လွင်ပြင်) ရေးသားသော “မနိုင်ဝန်ထမ်းခြင်း” ပို့စ်မှ (ကျမလက်ရှိဖြစ်ပျက်လျှက်ရှိသော အဖြစ်အပျက်နှင့် များစွာတူညီနေပါသောကြောင့် အလွန်နှစ်သက်မိ၍)ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
အချော(အစိမ်းရောင်လွင်ပြင်)အား အထူးကျေးဇူးတင်ရှိပါကြောင်း..။
hi,,,sister
i have been in cyprus in 2006,,nut i still remember that momeries ,,,,so i really thanks to u for sharing about cyprus and appreciate it,,,,,
Post a Comment