Monday, December 31, 2012

2012ကို နောက်ပြန်လှည့်ကြည့်ခြင်း(တဂ်ပို့စ်)

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ဖက်ကို ခြေတစ်လှမ်း မလှမ်းခင်မှာ နှစ်ဟောင်းဖြစ်တဲ့ 2012ကိုနှုတ်ဆက်ရင်း 2012အတွင်း အမှတ်တရအဖြစ်အပျက်၊ ခံစားချက်တစ်ချို့ကို အမှတ်တရ ချရေးဖို့ ညီမလေး“ ပစ်ပစ်”က တဂ်လာခဲ့ပါတယ်..

2012အတွင်း ကျမ ဘာတွေလုပ်ခဲ့သလဲ?
ကျမအတွက် ဘာတွေ အမှတ်တရကျန်ခဲ့သလဲ?
တွေးစမ်း..တွေးစမ်း...

ကျန်းမာရေး...
မိခင်ဝမ်းတွင်းက ကျွတ်တဲ့အချိန်ကတည်းက ဆေးခန်း/ဆေးရုံနဲ့ အဆက်မပြတ်ခဲ့တဲ့ ကျမပါ..။
၁နှစ်ကို အနည်းဆုံး (၂)ကြိမ် သာမန်ထက်ပိုတဲ့ကျန်းမာရေးချို့တဲ့မှုမျိုးကြောင့် ဆေးရုံရောက်လေ့ရှိပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကျမရဲ့အဓိက ပြဿနာနှစ်ခုက အအေးခံလို့မရတဲ့၊ အေးတဲ့ရာသီဥတုနဲ့မတည့်တဲ့ အဆုတ်အအေးပတ်ရောဂါနဲ့ အစာအိမ်ရောင်ရောဂါတို့ပဲဖြစ်ပါတယ်။

2012 ၊ Marchလ အတွင်းမှာ နမိုးနီးယားလို့ခေါ်တဲ့အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်ခဲ့ရပါတယ်။
ဒီပို့စ်ကိုရေးနေတဲ့ ယနေ့(31.12.2012)မှာလည်း အဆုတ်အအေးပတ်ပြီး ချောင်းတွေအရမ်းဆိုးနေလို့ ခဏနေရင် ဆေးရုံမှာ ဆေးသွားစစ်ရပါအုံးမယ်။
အစာအိမ်ရောဂါနဲ့ပတ်သက်လို့ အစာ မာမာစားမိရင် ရက်ကျော်စာများစားမိရင် အစာအိမ်က ပြန်အောင့်ပါတယ်၊ ဖြစ်လိုက်ရင်လည်း ညသန်းကောင်ယံအချိန်တွေမှာ ဖြစ်လေ့ရှိတာကြောင့် ၂၄နာရီဖွင့်လှစ်ထားတဲ့  General Hospital ကိုပဲ ပြေးရပါတယ်။
အဲဒီအတွက် အဲဒီဆေးရုံက ဆရာဝန်တွေနဲ့လည်း မိတ်ဆွေဖြစ်လို့နေပါပြီ။

လူမှုရေး...
လူမှုရေးအကြောင်းပြောရမယ်ဆိုရင်တော့ ဆိုက်ပရပ်စ်မှာရှိတဲ့ မြန်မာတွေက နည်းတယ်၊ ကိုယ့်အလုပ်နဲ့ကိုယ်မို့ မကြာခဏတွေ့ဖို့ အခွင့်အရေးမရှိကြဘူး၊ အချိန်ပြည့် ဖုန်းဆက်၊ မက်ဆေ့ပို့ပြီး စကားပြောတဲ့အလေ့အထကလည်း မရှိကြလေတော့  ပြဿနာနည်းတယ်။
အကြောင်းရှိမှသာ ဖုန်းနဲ့ဆက်သွယ်ကြတာများတယ်၊ နောက်တစ်ခုက ပိတ်ရက်လည်း မရကြတော့ မတွေ့ဖြစ်ကြဘူး။
အဲ.. ပြဿနာရှိတာက Blogတွေထဲမှာ၊ Facebook ထဲမှာ ချိတ်ကြတာ...း)
စိတ်တူကိုယ်တူ Blogger အဖွဲ့လေးတွေကြား ကလောင်တိုက်ပွဲမျိုးလေးတွေရှိတယ်။
ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။
မနာလိုတာ၊ အမြင်မကြည်တာ၊ သဘောထားကွဲလွဲတာ၊ အကြောင်းမဲ့သက်သက် အမြင်ကတ်ပုဒ်မနဲ့ တိုက်ခိုက်ခံရတာမျိုးလေးတွေရှိပါတယ်၊ Facebookထဲမှာဆိုလည်း အဟတ်တောင်ခံရပါသေးတယ်။
အဲဒါတွေကလည်း အချိန်ကြာသွားတော့ မေ့သွားကြတာပါပဲ၊ ပြောရမယ်ဆိုရင် လူမှုရေးနယ်ပယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းတရားတွေမို့ သာမန်ပါပဲ။

စီးပွားရေး..
ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ တရုတ်စားသောက်ဆိုင်တစ်ခုမှာ ဧည့်ကြိုအလုပ်လုပ်ခဲ့တာ အခုဆိုရင် (၉)နှစ်ပြည့်ပြီပေါ့။
ယခင်နှစ်တွေမှာ စီးပွားရေးကောင်းသလောက် 2012မှာ ဆိုက်ပရပ်စ်နိုင်ငံနဲ့ ဂရိနိုင်ငံတွေမှာ စီးပွားရေးကျဆင်းမှုကြောင့် ဆန္ဒပြမှုတွေ ခဏခဏဖြစ်ပါတယ်။
ပြည်သူတွေလက်ထဲမှာ ငွေမရှိတဲ့အတွက် ဇိမ်ခံစားသောက်ဆိုင်ကြီးတွေအတွက် စီးပွားရေးထိခိုက်ပါတယ်။
စားသုံးသူများ ထင်သလောက် မဝင်တဲ့အတွက် စားသောက်ဆိုင်ဝန်ထမ်းများမှာလည်း လုပ်ရက်လျော့ချခံရပါတယ်၊။ Late salary နဲ့ကြုံတွေ့နေကြရပါတယ်။
ကျမတို့ဆိုင်မှမဟုတ်ပါဘူး၊ ဆိုက်ပရပ်စ်နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်တချို့နဲ့ ဟိုတည်ကြီးတစ်ချို့၊ ဆူပါမားကက်တချို့ ဒေဝါလီခံသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
ကျမကတော့ နောက်(၃)လနေရင် မြန်မာပြည်ကို အပြီးပြန်တော့မှာမို့ ရတဲ့လစာလေးနဲ့ပဲ ကြေနပ်နေမိပါတယ်။

အချစ်ရေး...
အဆင်ပြေပါတယ်..
2012 ကိုနှုတ်ဆက်ချင်တဲ့အထဲမှာ အဲဒါလည်းပါတယ်
2013အတွင်းမှာ ကျမ အပျိုကြီးဘဝကို စွန့်လွှတ်ပါတော့မယ်..း)
ရှေ့က (Blogger မမ )ကားများကို ပေးသွားခဲ့ပါသော်လည်း အကြောင်းအမျိုးမျိုးပြပြီး မရွေ့ကြတဲ့အတွက် စိတ်မရှည်တဲ့ကျမကပဲ သူတို့ကို ကျော်တက်သွားရပါတော့မယ်၊ လူကနေပေမဲ့ စိတ်ကမနေ.. အဲလေ..မှားလို့ အသက်(ဇရာ)က မနေတဲ့အတွက် ကျော်တက်ရခြင်းပါ။

အဲဒီမှာပြောစရာရှိတာက “အချစ်”အကြောင်း..
ကျမက အချစ်နဲ့ပတ်သက်ရင် ကံကောင်းတယ်၊ ကျမကို ချစ်တဲ့သူတွေများတယ်၊
ဒါပေမဲ့ ဘဝလက်တွဲဖော်တစ်ယောက်ကိုပဲ ကျမက လက်ထပ်ရမှာလေ..။
ကျမကိုချစ်သော်ငြားလည်း  စိတ်တူကိုယ်တူ မဖြစ်တဲ့သူမျိုး၊ တွေးခေါ်ပုံ အမြင်မတူတဲ့သူမျိုးကို ကျမ လက်ထပ်လို့မရပါဘူး။
၁၀ကျော်သက်အရွယ်မှာ အချစ်ကိုရူးသွပ်ခဲ့ကြပေမဲ့ လူလတ်ပိုင်းရောက်လာတဲ့အချိန်မှာ
“အချစ်”ဆိုတာ ဘဝအတွက် တစ်စိတ်တစ်ဒေသဆိုတာကို သိနားလည်ခဲ့ပါတယ်။

အခုအချိန်မှာ ကျမကို “အချစ်”အကြောင်း လာမေးရင် ကျမ မဖြေတတ်တော့ဘူး၊
ကျမစိတ်ထဲမှာ ကလေးကလားဆန်နေတယ်..
ကျမရဲ့စိတ်ထဲမှာ အခု ရှိနေတာက “ဘဝ”
လူကြီးနေရာက တွေးတတ်လာတဲ့ ဘဝ..

ကျမနဲ့အထှာကျမဲ့ လက်တွဲဖော်တစ်ယောက်ကိုပဲ ကျမ လက်ထပ်ဖြစ်ပါလိမ့်မယ်။
တွေ့လည်းတွေ့ထားပြီးပါပြီ ။
သူနဲ့ကျမ စိတ်ချင်းတူတယ်၊ ဇရိုက်ချင်းတူတယ်၊ အပေးအယူမျှတယ်၊ နားလည်မှုရှိတယ်၊ သူ့ကို ဘာကြောင့် ကျမ လက်ထပ်ဖို့ရွေးခဲ့သလဲလို့မေးရင် “သံယောဇဉ်”ကြောင့်လို့ဖြေပါမယ်။
သူနဲ့ကျမ အချစ်နဲ့“စ”လို့ “သံယောဇဉ်”နဲ့ “ဘဝ”တစ်ခုကို ခိုင်ခိုင်မြဲမြဲတည်ဆောက်ဖို့ ဆုံးဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးနိဂုံးပြောချင်တာကတော့..
2012 အတွင်း ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေနဲ့ ရှုပ်ယှက်ခတ်နေခဲ့တဲ့ကျမ..

2013မှာ ပန်းခင်းသောလမ်းကို လျှောက်ပါရစေ..
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ပါရစေ...
မုန်းသူကင်းပြီး ချစ်သောမိတ်ဆွေများနဲ့သာ တွေ့ရပါစေ...
ကျမချစ်သော စာဖတ်သူများနဲ့ သူငယ်ချင်းများအားလုံးလည်း 2013မှာ ပျော်ရွှင်စရာအဖြစ်အပျက်များနဲ့သာကြုံတွေ့ကြပါစေကြောင်း..
ဆုမွန်ကောင်းတောင်းရင်း..
HAPPY NEW YEAR... TO ALL..............
““““““WELCOME TO HAPPY 2013”””””



15 comments:

blackroze said...

2013 က အမရဲ့ ပျော်စရာအတိ
ပြီးတဲ့ နှစ်ဖြစ်ပါစေ အမ...

အမလက်ထပ်တဲ့အခါကျရင်လည်း
ပုံတွေဝေဝေဆာဆာ နဲ့ ဘလော့မှာ
ပိုစ့်တပုဒ်ရေးပါဦးအမ

ကိုကိုမောင်(ပန်းရနံ့) said...

ဟက်ပီးနယူးယီးယား အင်ဒ် ကွန်ဂရက်ကျူလေးရှင်း ဖော် ယော်နယူးလိုက်ဖ်။

roseayemaung said...

နှစ်သစ်နှင့်အတူပျော်ရွှင်ပါစေ......မ

Anonymous said...

နှစ်သစ်မှာ ပျော်ပါစေ လက်ထပ်တော့မယ်တဲ့ အပျိုကြီး တစ်ယောက် ခွိ

pandora said...

၂၀၁၃ မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝပါစေ ပျော်ရွှင်စရာ မိသားစုဘဝကို ပိုင်ဆိုင်ပါစေ


ပန်ဒိုရာ

mstint said...

ပျော်ရွှင်ဖွယ်ရာနှစ်သစ်မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ နတ်သမီးလေးရေ။ သတင်းကောင်းလေးအတွက် Congratulation ပါနော်။ ကျန်းမာရေး စီးပွားရေး လူမှုရေးလေးတွေ စုံစုံလင်လင်လေးရေးသွားတဲ့ တဂ်ပို့စ်လေးအတွက် ပစ်ပစ်တော့ကျေနပ်နေမှာ အသေအချား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သဒ္ဓါလှိုင်း said...

နှစ်သစ်ကူးမှာ နမ်းလိုချင်တောင့်တသော အရာများကို လက်ဝယ် ပိုင်ဆိုင်ခွင့်ရပါစေ...
ချမ်းမြေ့ပျော်ရွှင်ပါစေ နမ်း..
Happy New Year !!!!!!

ချစ်တဲ့
သဒ္ဓါ

pyaenyein said...

နှစ်သစ်မှာ ချစ်သောသူနဲ့ သာယာလှပတဲ့ လမ်းလေးလျှောက်၇ပါစေဗျာ... တောင်းတဲ့ဆုတွေလည်းပြည့်ဝပေစေဗျာ။လူကနေပေမဲ့ စိတ်ကမနေဘူးဆိုတဲ့စကားလေးကမှန်ပါတယ် မမ ၇ယ်

နေမင်း said...

Happy New Year ပါ အမရေ...^_^_^^_^

မိုးငွေ့........ said...

အမယ်လူလည်ကျတယ်ကြ့ည့်စမ်း နှစ်ဟောင်းကိုနှုတ်ဆက် နှစ်ကူးကိုကြိုရင်း သူ့မင်္ဂလာပွဲကို ကြေငြာသွားပါရောလား...း)

မိုးနတ်ကြယ်စင် said...

၂၀၁၂ အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ မရဲ့ လူမှုရေး
စီးပွားရေး..ကျန်းမာရေး..အချစ်ရေး တွေအကြောင်း
ကို အကွယ်အ၀ှက်မရှိပဲ ပွင့်ပွင့်လင်းလင်း ခုလိုဖြေကြား
ပေးတဲ့အတွက် ကျေးဇူးပါမ..(မသိရင် မြ၀တီကပဲ
အင်တာဗျုးနေသလိုလို) စတာပါမရေ..
မရဲ့ရိုးသားမှုကိုလေးစားမိလို့ပါ...
လက်ထပ်တော့မယ်ဆိုလို့ ၀မ်းသာမိတယ်..
မြန်မာပြည်ကို ပြန်လာတော့မယ်ဆိုလို့လဲ
ပျော်မိပါတယ်..၂၀၁၃ ဟာ မအတွက်ပျော်ရွှင်စရာ
ကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေ..
ခင်တဲ့..မိုးနတ်

စံပယ်ချို said...

ရင်ထဲကအတိုင်း၂၀၁၃မှစပြီး
ပန်းခင်းကိုသာလျှောက်လှမ်းနိုင်ပါစေလို့
စိတ်တူ ကိုယ်တူနဲ့လဲ ဘ၀လက်တွဲဖော်ဖြစ်ပါစေ

အဖြူရောင်နတ်သမီး said...

ဘယ်ရမလဲကွ..
အနိုင်နဲ့ပိုင်းလိုက်တာ..ခိခိ

အလင်းသစ် said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ အမရေ...

nanda sara said...

သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်တဲ့ ပန်းခင်းသောလမ်းမှာ နှစ်ဦးသား ခလုတ်ဆူးညောင့် မထိပါပဲ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် နတ်သမီးရေ။

စကားမစပ် ဘုန်းဘုန်းလည်း ၂၀၁၃ မှာ လင့်အသစ်ကလေးနဲ့...ဟိဟိ။

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger