ဒီနေ့ ၂၈.၃.၂၀၁၃(ကြာသပတေးနေ့) ဆိုက်ပရပ်စ်နိုင်ငံ(Cyprus)က ဘဏ်တွေ ပြန်ဖွင့်ပါတယ်။
ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း ဘဏ်ရှေ့မှာ လူတွေအပြည့်ပါပဲ၊
တစ်ယောက်ချင်း စိစစ်ပြီးမှ ဘဏ်ထဲကို ဝင်ခွင့်ပြုတယ်။
ဘဏ်ထဲမှာ ထည့်ထားတဲ့ငွေတွေထဲက %နဲ့ဖြတ်မယ်ဆိုတဲ့ဥပဒေကို ဖျက်သိမ်းလိုက်ပေမယ့် ဘဏ်တွေကို မယုံကြည်တော့တဲ့ပြည်သူတွေဟာ သူတို့အပ်ထားတဲ့ငွေတွေကို ထုတ်ယူကြတယ်၊
ဒါပေမယ့် ဘဏ်က လူတစ်ယောက်ကို တစ်ရက်လျှင် ယူရို ၃၀၀နှုန်းနဲ့ပဲ ထုတ်ပေးပါတယ်။
ဒီနေ့ထုတ်ပြန်တဲ့သတင်းကတော့ ယနေ့မှစ၍ ၄ရက်အတွင်း ဤဥပဒေမှာ အတည်ဖြစ်ပြီး ဧပြီ၁ရက်နေ့တွင် ဥပဒေပြောင်းလည်းမှုရှိကောင်းရှိမည်။
၁။ဘဏ်မှငွေများကို တစ်ရက်လျှင် ယူရို၃၀၀နှုန်းဖြင့်သာ ထုတ်ယူခွင့်ရှိသည်။
၂။ပြည်တွင်းတွင်သော်လည်းကောင်း၊ ပြည်ပသို့သော်လည်းကောင်း Bank to bank ငွေလွှဲနှုန်းကိုလည်း ယူရို ၃၀၀ထက်ပို၍ လွှဲခွင့်မရှိ။
၃။နိုင်ငံရပ်ခြားတွင် သွားရောက်ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအတွက် မိဘများမှ ငွေလွှဲနှုန်းကို အများဆုံး ယူရို ၅၀၀၀နှုန်းဖြင့် လွှဲခွင့်ရှိသည်၊ ထိုသို့လွဲနိုင်ရန် မိမိတို့၏ သား/ သမီးများ သင်ကြားတက်ရောက်နေသော ကျောင်းနှင့်ပတ်သက်သည့် စာရွက်စာတန်းတချို့နှင့် ကုန်ကျစားရိတ်ပျမ်းမျှနှုန်းအထောက်အထားများကိုပါ တင်ပြရမည်။
၎။ဆီပရိယိုလူမျိုးများအပါအဝင် နိုင်ငံခြားသားများအားလုံး ပြည်ပသို့ မည်သည့်အကြောင်းကိစ္စနှင့် ဖြစ်စေ ခရီးသွားခဲ့သော် မိမိတို့၏လက်ဝယ်တွင် ယူရို၁၀၀၀ထက်မပိုစေရ၊
အကယ်၍ ယူရို၁၀၀၀ထက်ပိုသော ငွေသားများကို ရှာဖွေတွေ့ရှိခဲ့ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။
ဆိုတဲ့ ဥပဒေကြောင့် ပြည်တော်ပြန်မယ့်ကျမ တော်တော်လေးစိတ်ညစ်သွားခဲ့ရပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံကလူတွေဟာ သူတို့ရဲ့သား၊ သမီးတွေကို အင်္ဂလန်နဲ့အမေရိကားနိုင်ငံတွေကိုလွှတ်ပြီး ပညာသင်ကြားစေတဲ့အလေ့အကျင့်ရှိကြတယ်။
ပညာသင်ကြားစားရိတ်နဲ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးစားရိတ်တွေကို မိဘတွေက ငွေလွှဲပေးကြရတဲ့အတွက် အခုလို ဘဏ်ပြဿနာတက်တဲ့အချိန်မှာ ငွေပို့ဖို့ အခက်တွေ့ရပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံမှာက ကုမ္ပဏီအချင်းချင်း ငွေပေးချေရာတွင်လည်းကောင်း၊ ဝန်ထမ်းများလစာပေးရာတွင်လည်းကောင်း၊ ငွေသားပေးလေ့မရှိပါဘူး။
Checkလက်မှတ်များကိုသာ အသုံးပြုလေ့ရှိပါတယ်၊
အဲဒီအတွက် ကုမ္ပဏီများနှင့် ဝန်ထမ်းများလစာငွေများကို Checkလက်မှတ်ဖြင့်သော်လည်းကောင်း၊ Bank to bank ငွေလွှဲရာတွင်သော်လည်းကောင်း ယူရို၃၀၀ထက် မပိုရဆိုတဲ့ ဥပဒေကြောင့် ငွေသွင်း၊ ငွေထုတ်ယူရာမှာ အခက်အခဲများစွာရှိပါတယ်။
စိတ်အညစ်ရဆုံးသူကတော့ ကျမပါပဲ၊ဆိုက်ပရပ်စ်မှာနေတဲ့ မြန်မာများအဖို့ ဆိုက်ပရပ်စ်နိုင်ငံကနေ မြန်မာပြည်ကို ငွေလွှဲဖို့ ခက်ခဲပါတယ်။
အရင်ကတော့ ဆိုက်ပရပ်စ်နိုင်ငံကနေ စင်္ကာပူနိုင်ငံက မြန်မာငွေလွှဲကုမ္ပဏီကို လွှဲကြပေမယ့် အခုနောက်ပိုင်းမှာ အဲဒီကုမ္ပဏီဟာ ဘဏ်တစ်ခုမှာ Black list ဖြစ်သွားပြီး ဆိုက်ပရပ်စ်က မြန်မာတစ်ချို့ရဲ့ ငွေတွေဆုံးခဲ့ဖူးပါတယ်။
အဲဒီနောက်ပိုင်း ဆိုက်ပရပ်စ်နိုင်ငံမှာအလုပ်လုပ်နေကြတဲ့မြန်မာအတော်များများဟာ မြန်မာပြည်ကို ပြန်မယ့်လူကြုံကိုစောင့်ပြီး မိမိတို့ရဲ့မိသားစုများဆီသို့ ငွေပို့လေ့ရှိကြပါတယ်။
ကျမကတော့ ကျမရတဲ့လခတွေကို ဘဏ်မှာပဲစုထားမိတာကြောင့် အခု မြန်မာပြည်ကို ပြန်မယ့်အချိန်မှာ “ယူရို၁၀၀၀ထက် မပိုရ”ဆိုတဲ့ ဥပဒေကြောင့် အတော်လေးကို စိတ်အိုက်သွားရပါတယ်။
ငွေကို ယူရို၃၀၀အထက်လွဲခွင့်မရှိ၊ လူနဲ့တစ်ပါတည်းယူခွင့်ကို ယူရို၁၀၀၀ထက်မပိုရဆိုတော့ ကျမ ဘာဆက်လုပ်ရမလဲရှင်...
ကျမ မျှော်လင့်ပါတယ်..
၁.၄.၂၀၁၃ နေ့မှာ ဥပဒေအသစ်ပြောင်းလဲပြီး ကျမရဲ့ပြည်တော်ပြန်ခရီး ချောမွေ့စေဖို့ အားလုံးဆုတောင်းပေးကြပါအုံးနော်...

8 comments:
အဆင်ပြေပါစေလို့ ဆုတောင်းပေးနေပါ့မယ်...
သတင်းတွေ ကြည့်ပြီး နတ်နတ်ကို သတိတွေရနေတာ ..။ အဆင်ပြေပါစေလို့ ဆုတောင်းပေးနေပါတယ်။
စိတ်ညစ်နေလို့လဲ ဒီပြဿနာက ရှင်းသွားမှာမဟုတ်တော့ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့သာ တွေးလိုက်ပါ နတ်သမီးရယ်။
အစစအရာရာအဆင်ပြေချောမွေ့ပါစေလို့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဆင်ပြေပါစေသူငယ်ချင်းလေးရေ....
မရေ ပြည်တော်ပြန်ကာနီး အားလုံးချောချောမွေ့မွေ့ဖြစ်ပါစေလို့ ဆုတောင်းပေးနေတယ်နော်
မရေ ပြည်တော်ပြန်ကာနီး အဆင်ပြေပြေချောချောမွေ့ မွေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးနေတော်နော်
အဆင်ပြေပါစေလို့ဆုတောင်းပေးတယ်အမရေ
မင်္ဂလာပါ နတ်သမီး..
အစစ အရာရာ အဆင်ပြေ ချောမွေ့ အောင်မြင် ပါစေလို့ ဆုမွန်ကောင်း ပြုပါတယ်။
ခင်မင်သတိရစွာဖြင့်
ကိုမျိုး (အညာမြေ)
Post a Comment