“““တွေးကြည့်ရအောင်(မိမိတို့စိတ်ထဲမှာရှိတဲ့အတိုင်း ရေးပေးကြပါ)
.......................
“သားသမီးကို ပြန်ကြောက်နေရတဲ့ မိဘ”..တဲ့
ကြားရတာ နားထဲမှာ အဆင်မပြေဘူး..
ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထားရတဲ့ သားသမီးကို ပြန်ကြောက်နေရတဲ့မိခင်တစ်ယောက်မှာ ဘယ်လိုအကြောင်းတွေ ရှိတယ်လို့ ထင်ပါသလဲ????
သားသမီးဖက်ကို အပြစ်ပြောမလား???
မိဘဖက်ကို အပြစ်ပြောမလား? ???
ဝေဖန်ကြည့်ပေးပါ..
ကျမနားထောင်ချင်လို့ပါ..””””
ဆိုတဲ့အမေးအဖြေလေးတစ်ခု လုပ်ခဲ့ပါတယ်၊
စာဖတ်သူ သူငယ်ချင်းများကလည်း များကလည်း ဝိုင်းဝန်းပြီး ဝေဖန်ဆွေးနွေးခဲ့ကြပါ။
ဝိုင်းပြီး ဝေဖန်ပေးကြတဲ့ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်၊
ကျမရဲ့အဓိက ရည်ရွယ်ချက်က ဒီဝေဖန်စာလေးတွေကို ကျမရည်ရွယ်တဲ့ မိဘနဲ့သားသမီးတို့ ဖတ်မိပြီး ဆင်ချင်နိုင်အောင်လို့ပါ၊
ကျမဖက်က ဆွေးနွေးကြည့်မယ်နော်။။
မိဘ။ ။ မိဘဆိုတာ မိဘလိုနေရတယ်၊ မိဘပီသရတယ်၊ သားသမီးတွေရဲ့အရိုအသေခံချင်ရင် အရိုအသေတန်အောင် နေပြရတယ်၊
အရိုအသေမဲ့စေမယ့် အပြုအမူမျိုး သားသမီးတွေရှေ့မှာ
မလုပ်မိဖို့ ဆင်ချင်ရတယ်၊ ထိန်းသိမ်းရတယ်၊
ကိုယ်က မှန်အောင်နေမှ သားသမီးတွေက ရိုသေမယ်၊ လိုက်နာမယ်၊ လေးစားမယ်၊ မိဘနေရာမှာထားမယ်၊
အထူးသဖြင့် အခုခေတ်သားသမီးတွေဟာ အရင်ခေတ်ကနဲ့မတူတော့ဘူး၊ အရင်ခေတ်က ဆိုရင်
မိဘဖက်က ဘယ်လောက်ပဲ မှားနေပါစေ၊ ပြန်မပြောရဲကြဘူး၊ “မိဘ”ဆိုတဲ့ ရိုသေခြင်း Respect ဆိုတာရှိတယ်၊
အခုခေတ်သားသမီးတွေကတော့
တွေးခေါ်မှုတွေမြင့်မားလာကြတာနဲ့အမျှ မှားတာတွေ့ရင် ပါးစပ်ပိတ်မနေကြတော့ဘူး၊ အမှားကို ထောက်ပြတတ်ကြတယ်။
မိဘဆိုတာကလည်း “မာန်”ရှိတယ်၊ ကိုယ့်အမှားကိုယ်မသိတဲ့အခါပဲဖြစ်ဖြစ် သိလျှက်နဲ့
“ငါက နင်တို့ရဲ့မိဘ.. ဘာမှပြန်ပြောစရာမလိုဘူး၊ ငါကျွေးတာစား၊ ငါပြောတာလုပ်”ဆိုတဲ့ ဟာလေးတွေရှိတယ်။
ကျမပြောချင်တာက အရင်ခေတ်မှာ အဲဒီလိုတွေရပေမယ့် ခုခေတ်မှာမရနိုင်တော့ဘူးဆိုတာ မိဘတွေသိစေချင်တယ်၊
မိဘဆိုတာ အိမ်ထောင်တစ်ခုရဲ့ ခရာပါ..
မိသားစုတစ်ခု နွေးထွေးမှု ပျော်ရွှင်မှုတွေကို ပေးနိုင်ဖို့က မိဘတွေဖက်မှာ တာဝန်ရှိပါတယ်။
မိသားစုဆိုတာ ထင်းစည်းနဲ့တူပါတယ်၊
ထင်းစည်းပြေနေတဲ့ မိသားစုဟာ မသာယာနိုင်ပါဘူး။
အဲဒီထင်းစည်း မပြေဖို့ကလည်း မိဘတွေမှာ တာဝန်အရှိဆုံးလို့ထင်ပါတယ်။
...............
သားသမီး။ ။ သားသမီးဆိုတာက မွေးလာကတည်းက မိခင်ရဲ့မျက်နှာကိုကြည့်ပြီး နို့ဆို့လာခဲ့ကြတာပါ၊
မိခင်ရဲ့ ဟန်ပန်အမူအရာတွေကို တကြည့်ကြည့်နဲ့ကြီးပျင်းလာခဲ့ကြသူတွေပါ၊
ခလေးတွေရဲ့ဦးနှောက်လေးတွေက မှတ်ဥာဏ်သိပ်ကောင်းတယ်၊ အထူးသဖြင့် ၅/ ၆ နှစ်အရွယ်တွေမှာပေါ့။
အဲဒီအရွယ်တွေရဲ့ရှေ့မှာ မိဘတွေ ရန်ဖြစ်တာ၊ ရိုက်ပုတ်တာမျိုးတွေကို မပြုလုပ်ကြရဘူး၊ “ဆောင်းအိပ်မက်”“မိုးညအိပ်မက်မြူ”လိုမျိုးရုပ်ရှင်တွေမှာ မိဘတွေရဲ့ပဠိပက္ခကြောင့် စိတ္တဇဆန်တဲ့ အပြုအမူမျိုးတွေကို လုပ်လာကြတယ်၊ အထီးကျန်လာကြတယ်၊ အားငယ်တတ်လာကြတယ်၊ တချို့ကျတော့ ရိုင်းစိုင်းလာတတ်ကြတယ်။ သူတို့ရဲ့ရင်တွင်းခံစားချက်တွေကို သိုဝှက်ရင်း အရွဲ့တိုက်လာတတ်ကြတယ်၊ တစ်ခါတစ်လေ ပေါက်ကွဲထွက်တတ်ကြပါတယ်။
သူတို့မျှော်လင့်တောင်းတခဲ့တဲ့ မိဘဆီက မရတဲ့အရာတွေကို
တခြား သက်မဲ့ အရာဝတ္ထုတွေဆီကသော်လည်းကောင်း
(ဥပမာ။ ။ မူးယစ်ဆေးဝါးသုံစွဲခြင်း)၊ သက်ရှိဖြစ်တဲ့ ရည်းစားထားခြင်း၊ စိတ်ခံစားမှု စိတ်ထွက်ပေါက်ဖြစ်တဲ့ Night Club တက်ခြင်း အစရှိတာတွေကို လုပ်တတ်လာကြပါတယ်။
အထူးသဖြင့် သားသမီးတွေဟာ “သမီးမိန်းခလေး”ဆိုရင် ပိုဆိုးပါတယ်၊ ဆေးပညာအရ Same Sex ဖြစ်တဲ့အတွက် မိခင်နဲ့စိတ်တူတယ်၊ Jealous ဆိုတဲ့ မနာလိုစိတ် ခြေရာတိုင်းစိတ်တွေဟာ သူတို့ရဲ့မသိစိတ်ထဲမှာ ကိန်းအောင်းနေတတ်တာကို မိဘတွေက အထူးသတိထားသင့်ပါတယ်။
မိဘက ကိုယ့်သားသမီးရဲ့စိတ်ကို သိထားသင့်တယ်၊ အဲဒါမှလည်း လိုသလို ပဲ့ကိုင်လို့ရမှာပေါ့။ ကိုယ့်သားသမီးက ဘာကိုလိုချင်တာလဲ၊ ကိုယ်မွေးထားတဲ့သားသမီးပဲ ဆိုပြီး ပြစ်ထားမယ် လစ်လျှူရှုထားပြီး ကိုယ်လုပ်ချင်တာ လုပ်နေမယ်ဆိုရင်တော့ သားသမီးတွေဟာ အရွဲ့တိုက်ချင်စိတ်နဲ့ ဆိုးချင်တိုင်းဆိုးလာတော့မှာပါပဲ၊
အဲဒီအချိန်ကျမှ မိဘက “အဲဒီလို ဆိုးရမလား”ဆိုပြီး အကြမ်းနည်းသုံးလို့မရတော့ပါဘူး၊
ကိုယ့်ဖက်ကမှားနေသ၍ကတော့ တဖက်လူကို ဘယ်လိုမှပြုပြင်လို့မရနိုင်ပါဘူး။
နောက်ဆုံး ကျမပြောချင်တာကတော့..
အခု ကျမရေးပြထားတဲ့အကြောင်းအရာတွေကို သက်ဆိုင်သူများ ဖတ်မိပြီး ဆင်ချင်နိုင်ကြဖို့ပါပဲ၊
မိဘဖက်ကလည်း သားသမီး အရိုသေခံဖြစ်အောင်နေပြရပါမယ်၊
သားသမီးဖက်ကလည်း မိဘဆိုတာ မိဘနေရာမှာပဲ ထားရပါမယ်၊
မိဘဖက်က မှားသည်ပဲထားအုံး၊ ကိုယ်ထိလက်ရောက် မစော်ကားမိပါစေနဲ့၊ သားသမီးဖက်က အဆိုးများကိုတော့ သူတို့ရဲ့personal အတွက် ကျမ ထည့်မရေးတော့ပါဘူး၊
အမှားအမှန်ပြဿနာရဲ့အဖြေကတော့ ၅၀/ ၅၀ ပါပဲ၊
သားသမီးဖက်က ကိုယ်ထိလက်ရောက် စော်ကားမိတယ်ဆိုရင်တော့ ခံရသူက“ မိဘ”ဖြစ်နေတဲ့အတွက် +၁၀ထပ်ပေါင်းပေးပြီး သားသမီး -၁၀ ပေါ့။
နောက်ဆုံးအဖြေကတော့ မိဘ=၆၀ ၊ သားသမီး=၄၀ ဖြစ်ပါတယ်။
သားသမီးနဲ့မိဘကြား မပြေလည်မှုများကို နှစ်ကိုယ်ကြားညှိနှိုင်းကြပါ။
သားသမီးကလည်း မိဘကို ရိုသေပါ၊
မိဘကလည်း သားသမီး အရိုသေခံ ဖြစ်အောင်နေပါ၊
အတိတ်က အကြောင်းအရာတွေကို သားသမီးတွေက နားလည်ပေးနိုင်ပေမယ့်
လက်ရှိ ပစ္စုပ္ပန်နဲ့အနာဂတ်မှာတော့ ငြိမ်းချမ်းသာယာတဲ့မိသားစုလေးဖြစ်ဖို့..
နွေးထွေးတဲ့ မိသားစုလေးတစ်ခု ဖြစ်ဖို့...
ထင်းစည်းလေး ပြေလျော့မသွားဖို့ ..
မိဘတွေမှာ တာဝန်ရှိပါကြောင်း... အကြံပေးရင်း..
ပွင့်သော ပန်းတိုင်း မွှေးကြပါစေ...

3 comments:
ဟုတ်တယ်.. အမနမ်းမ၀ရေ.. ဒီခေတ်မှာက သားသမီးနဲ့မိဘ.. သဟဇာတဖြစ်တာ နည်းသလိုပဲ... နားလည်မှုလွဲတာတွေကြောင့်.. တစ်ချို့သားသမီးတွေကျတော့လည်း.. အစောက အမပြောခဲ့သလိုပဲ.. မိဘတွေပေါ် မူတည်ပါတယ်လေ.. ကောင်းတဲ့ ပိုစ့်ပါ..
ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပန်းတိုင်း မွှေးစေဖို့ က win _ win ပဲ အကောင်းဆုံး ဖြစ်မှာပေါ့ နော်။
Post a Comment