“ရက်”မှ “လ”..သို့၊ “လ”မှ “နှစ်”..သို့ ကူးပြောင်းလာလိုက်တာ ဒီနေ့ဟာ
Blog Day ကို ရောက်ခဲ့ပြန်ပြီ။
ဘယ်သောအခါကမှ မတွေးခဲ့ဖူးတာကတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျမဟာ စာရေးသူတစ်ယောက် ဖြစ်လာလိမ့်မယ်
ဆိုတာကိုပါပဲ။
တစ်ခါတစ်လေမှာ ကျမတို့တွေဟာ ဟိုး... ငယ်ငယ်က အကြောင်းတွေကို
တိုက်ဆိုင်မှုရှိလို့ပဲဖြစ်ဖြစ် အချိန်အားလပ်နေလို့ပဲ ဖြစ်ဖြစ် သတိတရနဲ့ ပြန်ပြီးစဉ်းစားတတ်ကြပါတယ်။
တစ်ခါတစ်လေ ဟိုး...အရင်က အမှတ်တရ
ရိုက်ထားခဲ့တဲ့ဓာတ်ပုံလေးတွေကို ပြန်ကြည့်ရင်း
ပီတိအပြုံးလေးတွေ ၊ ကြည်နူးမှုလေးတွေကို
ခံစားတတ်ကြတဲ့သူတွေထဲမှာ ကျမလည်းတစ်ယောက်
အပါအဝင်ဖြစ်သည်။
ကျမစာရေးတာဝါသနာပါသည်။ စာဖတ်ခြင်းကိုတော့ အလုပ်မအားတာရယ်၊ပျင်းတာရယ်ပေါင်းပြီး မဖတ်ဖြစ်ခဲ့၊ အလုပ်ပင်ပမ်းသည့်အခါမျိုး၊ ရင်ထဲကစကားတွေကိုဖွင့်ထုတ်ပစ်ချင်သည့်အခါမျိုးတွေမှာ စာအုပ်ထဲမှာချရေးဖြစ်သည်။ တစ်ခါတစ်လေ ကျမဖြတ်သန်းကျင်လည်နေရသည့် ပါတ်ဝန်းကျင်မှအဖြစ်အပျက် ၊ဗဟုသုတရစေမည့်အကြောင်းအရာတွေကိုရေးဖြစ်သည်၊ အဲဒီကနေတဆင့်တက်ပြီးကျမကဲ့သို့သော သူတွေကို ကျမသိသလောက် မျှဝေချင်လာသည်။ ဒီလိုနဲ့ပဲ Blogger လို့အမည်တပ်ထားသော စာရေးသူဘဝသို့ရောက်ရှိလာရင်းစာတိုစာထွာတချို့နှင့်အရည်အသွေး မမှီသော၊ကဗျာအတိုအစလေးတွေစုဝေးနေသော Blog အိမ်လေးတစ်လုံးဖြစ်လာခဲ့သည်။ အမှန်မှာတော့ ကျမ စာရေးတတ်၍ရေးခြင်းမဟုတ်၊ စာရေးချင်၍ရေးခြင်းသာဖြစ်ပါသည်။
ကျမ၏မိတ်ဆွေကိုမိုးသွေးကပြောသည်၊
“စာရေးတတ်ချင်ရင် စာများများဖတ်ပါ”တဲ့၊
တစ်ရက်(၂၄)နာရီမှာ ကျမ၏အလုပ်ချိန် (၁၃)နာရီရှိသည်။
အိပ်ချိန်(၈)နာရီပေါင်းလျှင် (၂၁)နာရီဖြစ်နေပြီ။
ကျန်(၃)နာရီမှာဟိုလှည့်ဒီလှည့်နှင့်အချိန်ကုန်သွားခဲ့သည်။
“မည်သူမဆိုညအိပ်ရာဝင်ချိန်၌မနက်အိပ်ရာထချိန်ထက် နည်းနည်းဖြစ်စေ အသိဥာဏ်ပိုရှိနေရမည်၊ သို့မဟုတ်ပါက လူသားတစ်ဦးအနေနှင့် အကြီးမားဆုံးသောပြစ်မှုကို ကျူးလွန်ရာရောက်သည်”..ဟု ဆရာ(ဦး)ဖေမြင့်ကပြောဖူးသည်။ မှန်သည်..လူသည်မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် ဒီကနေ့ ပညာပိုရှိရမည်၊ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန်ပိုစီးလာရမည်။
သည်အတွက် ဘယ်လိုလုပ်မည်နည်း။ တနည်းသာရှိသည်၊ “စာဖတ်ရမည်”။ အခုတော့ကျမ၏အိပ်ချိန်ထဲက အချိန်တချို့ကို အနည်းငယ်ဖဲ့ယူပြီး စာဖတ်ဖြစ်သည်။ အိပ်ရာဝင်ခါနီး ခေါင်းအုံးဘေးမှာ ကိုယ်ဖတ်ချင်သည့်စာအုပ်လေးတွေကိုအဆင်သင့်ထားသည်။ လွယ်အိတ်ထဲမှာစာအုပ်တစ်အုပ်ရှိသည်၊ ဆိုင်ကအလုပ်စားပွဲပေါ်မှာစာအုပ်တစ်အုပ်ရှိသည်၊ ထမင်းစားပွဲပေါ်မှာ စာအုပ်တစ်အုပ်ရှိသည်၊ အဲဒီလိုဖတ်မှစာဖတ်ချိန်လေးတွေ ၅မိနစ်..၁၀မိနစ်..ဟိုနည်းနည်း ဒီနည်းနည်း၊ စုစုပေါင်းကာ ၁၀မိနစ် ၊၁၅မိနစ်ရမှာသေခြာသည်။ ဒီစာရေးစာဖတ်မှာ အလွန်အားနည်းခဲ့တဲ့ကျမဟာ နိုင်ငံရပ်ခြားမှာ
အလုပ်လုပ်တဲ့အချိန်က“စ”လို့
တစ်ကိုယ်တည်း အထီးကျန်လာတာကတစ်ကြောင်း၊
ကိုယ့်ရဲ့ပါတ်ဝန်းကျင်မှာ ဖြစ်ပျက် တွေ့ကြုံ၊ခံစားရတဲ့ အကြောင်းအရာ
တချို့ကို အခြေခံပြီး တခြားသူတွေအတွက် သူတို့မသိသေးတဲ့
(ကျမကိုယ်တိုင် အခုမှသိရတဲ့)
ဗဟုသုတနဲ့ အတွေ့အကြုံတွေကို မျှဝေဖို့ စိတ်အားထက်သန်လာရင်း
“nan_ma_wa”(နမ်းမဝ) ကလောင်အမည်ဖြင့် Website တချို့မှာ
စာတွေရေးလာရာမှ
(၃၀.၀၇.၂၀၀၉) မှာ “အဖြူရောင်နတ်သမီး”
(http://seaandangel.blogspot.com/) ဆိုတဲ့
ခံစားချက်တို့မျှဝေရာ ကျမရဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးကို
ဖန်တီးဖြစ်ခဲ့သည်။
တစ်ကယ်တော့
စာရေးသူတစ်ယောက် ဖြစ်ဖို့မပြောနဲ့၊ လုံးချင်းဝတ္ထု ၊
ဆောင်းပါးရှည်ရှည်တွေကိုတောင် ဖတ်ဖို့ ဝါသနာမပါတဲ့ကျမဟာ
စားဝတ်နေရေးအတွက်ဘဝကိုရုန်းကန်ရင်း စာပေ ဗဟုသုတ
အားနည်းစွာနဲ့ အချိန်တွေကိုဖြတ်ကျော်လာခဲ့သည်။
“ဆိုက်ပရပ်စ်” (Cyprus)ဆိုတဲ့ ကျွန်းနိုင်ငံလေးတစ်ခုပေါ်က
တရုတ်စားသောက်ဆိုင်ကြီးတစ်ခုမှာ ဧည့်ကြိုဘဝနဲ့ အချိန်ကာလတွေကို
အထီးကျန်စွာ ဖြတ်ကျော်လာခဲ့ရင်း ရင်ထဲမှာ မွန်းကြပ်လာတဲ့အခါ
ခံစားချက်တွေကို စာလုံးလေးတွေအဖြစ်ပြောင်းလဲပြီး Blogspot
ပေါ်မှာရင်ဖွင့်ခဲ့သည်။
ကျမအရေးအများဆုံးကတော့ ခံစားချက် အချစ်ကဗျာများနဲ့
ဆိုက်ပရပ်စ်နိုင်ငံက စိတ်ဝင်စားစရာ သမိုင်းကြောင်း၊ သူတို့ရဲ့
ယဉ်ကျေးမှုနဲ့ ပွဲတော်များ၊ ကျမရဲ့ လုပ်ငန်းခွင်ထဲက အတွေ့အကြုံတွေ၊
ကျမဘဝရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ရေးခဲ့တဲ့နောက်ပိုင်းမှာတော့
ကျမရဲ့“အဖြူရောင်နတ်သမီး”ဘလော့ဂ်အိမ်လေးထဲကို ကျမရဲ့
ခံစားချက်တွေကို မျှဝေခံစားပေးမယ့် စာဖတ်သူတွေ တစ်ဖြည်းဖြည်း
ရောက်ရှိလာခဲ့သည်။
Email တစ်ခုရှိယုံနဲ့ Blogspot လို website တစ်ခုကို
လွယ်ကူစွာလုပ်လို့ရနေတဲ့ ယနေ့ခေတ်မှာ ကျမအပါအဝင်
ကိုယ်ပိုင်Blogspot လိပ်စာတစ်ခုနဲ့ Blogger အမည်ခံထားသူတွေဟာ
သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အင်တာနက်ပေါ်မှာ
ရင်ဖွင့်ခွင့်ရခဲ့ကြသည်။
နာမည်ရှိပြီးသား စာရေးဆရာများ၊ ကာတွန်းဆရာများ၊
စာနယ်ဇင်းဆရာများ၊ ကဗျာဆရာများဟာလည်း သူတို့ရဲ့ ဝတ္ထု၊ ကဗျာ၊
ကာတွန်း၊ သတင်းဆောင်းပါးများကို Blogspot ပေါ်မှ မျှဝေခဲ့ကြသည်။
သူတို့သည် ကိုယ်ပိုင် Blogspot လိပ်စာမရှိခင်ကတည်းက နာမည်ရှိပြီးသား(သို့)စာဖတ်သူများလက်ခံပြီးသား၊ အသိအမှတ်ပြုပြီးသား
စာရေးဆရာစစ်စစ်များဖြစ်ကြသည်။ သူတို့ကို ဘလော့ဂ်ရှိသော
စာရေးဆရာစစ်စစ်များဟု ခေါ်နိုင်ပါသည်။
ကျမကဲ့သို့ Blogspot ဖွင့်၍ အပျော်တန်း စာရေးသောသူများကိုတော့
သာမန်ဘလော့ဂ်ကာများဟုသတ်မှတ်ခေါ်ဆိုနိုင်ပြီး
မြန်မာပြည်တွင်ထုတ်လုပ်ဖြန့်ဝေသော မဂ္ဂဇင်း၊ ဂျာနယ်တို့တွင် ပင်တိုင်
ကလောင်ရှင်များအဖြစ်ရေးသားရန် ကမ်းလှမ်းခံရသူများစွာကိုလည်း
ကျေနပ်အားရစွာတွေ့မြင်နိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ မိမိသိထားသော အကြောင်းအရာများကို
စာတစ်လုံး(သို့မဟုတ်) တစ်လုံးထက်ပိုသော စာများအဖြစ်သို့
ပြောင်းလဲပြီး အခြားသူများအား မျှဝေသူများကို “စာရေးသူ” ဟု
သတ်မှတ်နိုင်သည်။
မိမိရေးသောစာများကို စိတ်ဝင်စား၍ ဖတ်သူများပြားလာသည်နှင့်အမျှ
စာရေးသူမှာမိမိရေးသောစာများအတွက် တိကျမှန်ကန်သော သတင်း
အချက်အလက်များဖြစ်စေရန် ပို၍တာဝန်ယူရသည်၊ တာဝန်ကြီးလာသည်။
ကျမအပါအဝင် ဘလော့ဂ်ကာ အမည်ခံထားသော စာရေးသူများသည်
Profile နှင့်တစ်ကွ မိမိကိုယ်ကို လူမြင်ကွင်းတွင်
ထွက်ပြထားသည့်အတွက်
အနုပညာသမားများကဲ့သို့ပင် အပြောအဆို၊ အနေအထိုင်ကအစ
ဂရုစိုက်ရသည်။
“စာရေးသူ” ဆိုသည်မှာ ၎င်းတို့၏ ခံစားချက်၊ အတွေး၊ အမြင်၊ အယူအဆ၊
စိတ်ကူးယဉ်မှုတို့ကို ရှုထောင့်အမျိုးမျိုးမှ တင်ပြကြရာတွင်
စာဖတ်သူတို့ဘက်မှ လက်ခံသူများရှိသလို၊ လက်မခံသူများလည်းရှိသည်။
တစ်ခါတစ်လေ စာဖတ်သူများ လက်မခံနိုင်သည့် အကြောင်းအရာများကို
ရေးမိပါက အပြောခံ၊ အဝေဖန်ခံရသည်များလည်းရှိသည်။
“စာရေးသူ”ဆိုသည်မှာ စာဖတ်သူတို့၏ အားပေးမှုကိုသာ လိုလားသူ၊
ရှုံ့ချမှုများကို မလိုလားသူများဖြစ်သော်ငြားလည်း
“အနုပညာသမားမှန်လျှင်အဝေဖန်ခံနိုင်ရမည်” ဆိုသည့် အသိကို
စာရေးသူများဘက်မှလက်ခံပေးဖို့လိုပါသည်။
လွန်ခဲ့သော(၄)နှစ်ခန့်က ဝေဖန်ရေးဘလော့ဂ်တစ်ခုမှ ဓာတ်ပုံတင်သော
ကိစ္စဖြင့် ကျမအားဝေဖန်ခဲ့ဖူးသည်။
အဲဒီအချိန်က ကျမ အလွန်စိတ်ဆိုးခဲ့သော်လည်း ယခုအချိန်တွင်တော့
ကျမဘက်မှမှားယွင်းခဲ့သည့်ဟု သတ်မှတ် လက်ခံခဲ့ပါပြီ။
၎င်းဘလော့ဂ်မှ ဝေဖန်ခဲ့သည်မှာ ကျမရေးခဲ့သော ကဗျာအပုဒ်တိုင်းတွင်
ကျမ၏ဓာတ်ပုံများကို ထည့်သွင်းထားခြင်းကိုပင်ဖြစ်သည်။
စာမရေးခင် အချိန်က ကျမသည် ဓာတ်ပုံမော်ဒယ်လ်ဖြစ်ခဲ့သည်ကို
ထိုသူတို့မသိခဲ့ခြင်းပင်ဖြစ်သည်။
မှန်သည်...
စာရေးသူ အမည်ခံထားသော ကျမ၏ ဘလော့ဂ်သည် ကျမရေးသော
ကဗျာများကို ပြသခြင်းထက် ကျမ၏ အလှဓာတ်ပုံများကို
အသားပေးထားခြင်းမျိုး ဖြစ်နေခဲ့သည့်အတွက် စာဖတ်သူများဖက်မှ
ကျမ၏ အမှားကို ထောက်ပြခဲ့ခြင်းဟု ယခုအချိန်တွင်
ကျမ ကောင်းစွာလက်ခံခဲ့ပါပြီ။
စာရေးသူနှင့် စာဖတ်သူ နှစ်ဦးနှစ်ဖက်ကြားတွင် နားလည်မှုနှင့်
အပေးအယူမျှဖို့လိုသည်။
“စာရေးသူ” တစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်သူများရှိဖို့လိုသည်။
စာရေးသူဘက်မှလည်း မိမိ၏ စာများကို အားပေးသော စာဖတ်သူများအား
မစော်ကားမိဖို့လိုသည်။
ကျမ၏ “အဖြူရောင်နတ်သမီး”ဘလော့ ယနေ့အချိန်ထိ
ရပ်တည်နေနိုင်ခြင်းမှာ စာဖတ်သူများ၏ ပံ့ပိုးမှု၊
အားပေးမှုများကြောင့်သာဖြစ်သည်။
ကျမ ကြည်နူးသည်...၊ အားတက်သည်...၊ကျေးဇူးလည်းတင်ပါသည်။
ကျမသည် စာရေးဆရာမ စစ်စစ်တစ်ယောက်မဟုတ်ပါ။
ကျမသိသော အကြောင်းအရာများနှင့်
သတင်းဆောင်းပါးများကို မျှဝေသော သာမန်
အပျော်တန်းစာရေးသူတစ်ယောက်သာဖြစ်သည်။
“အပျော်တန်း စာရေးသူတစ်ယောက်”ဟု ပြောရသည်မှာ စာရေးဆရာမ ဆိုသည့် အမည်ကို အသုံးပြုရန် ကျမတွင် လုံလောက်သည့် အရည်အချင်းမျိုး မရှိသေးသည့် အတွက်ကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် ကျမ၏ “အဖြူရောင်နတ်သမီး” ဘလော့ဂ်သို့
လာလည်ကြသူများ(သို့မဟုတ်) ကျမ၏ ရင်ဖွင့်ခံစားချက်များကို
မျှဝေခံစားပေးသူများကို ရင်းနှီးစွာဖြင့် “စာဖတ်သူများ” ဟုသာ ကျမ
သုံးနှုန်းထားပါသည်။
“ပရိတ်သတ်များ”ဟု သုံးနှုန်းရန်အထိ ကျမ၏ စာရေးခြင်းအတတ်ပညာ
မပြည့်မှီပါ။
“အဖြူရောင်နတ်သမီး” ဘလော့ဂ်သည် ကျမ၏ ရင်ထဲမှ
ခံစားချက်တို့ပေါက်ကွဲရာနေရာဖြစ်သည့်အတွက် ကျမ၏
ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်သော ၊မိသားစုနှင့်ပတ်သက်သော
ဆောင်းပါးများကိုလည်းတွေ့မြင်နိုင်သည်။
ခံစားချက်နှင့်ဆိုင်သော ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ မကျေနပ်ခြင်း၊
အစရှိသည့် ရင်တွင်းပေါက်ကွဲမှုများကို ကလောင်ဖြင့်
အသက်သွင်းထားသောဆောင်းပါးတစ်ချို့ကြောင့် စာဖတ်သူများ၏
စိတ်ကို အနှောက်အယှက်ပေးမိပါလျှင် ကျမဘက်မှ
အနူးအညွတ်တောင်းပန်ပါသည်။
ကျမ နိုင်ငံခြားတွင် နေစဉ် (၉)နှစ်တာ ကာလအတွင်း Blog ပေါ်တွင် ကဗျာ ဆောင်းပါး ဗဟုသုတ လုပ်ငန်းအတွေ့အကြုံ ဝတ္ထု အစရှိသည်တို့ကို အဆက်မပြတ် ရေးသားခဲ့ပါသော်လည်း ယခုအခါ မြန်မာပြည်တွင်
အခြေချနေထိုင်နေပြီဖြစ်ရာ Internet connection အခြေအနေအရ
သော်လည်းကောင်း မိသားစု စီးပွားရေးများ၊ လူမှုရေးများနှင့်
မအားမလပ်ဖြစ်ခြင်းများကြောင့်သော်လည်းကောင်း စာများကို
စာဖတ်သူများရှေ့မှောက်သို့ ပို့ရန် အခက်အခဲများစွာရှိရပါသည်။
ထို့အတွက် ကျမဖက်မှ တာဝန်ပျက်ကွက်ခြင်းကို
များစွာစိတ်မကောင်းဖြစ်ရပါသည်။
ကျမ၏ Blog တွင် စာများဆက်၍မတင်နိုင်သော်လည်း ကျမ၏ အစ်မ၊
ညီမ၊ အစ်ကို၊ မောင် အစရှိသော Bloggerများ၏ စာများကို
စာဖတ်သူများဖတ်ရှုနိုင်ပါသည်။
ကျမဖက်မှလည်း အခွင့်အရေးရသည့်အခါ တတ်နိုင်သလောက်
စာများ ရေးသားပါမည်ဟု ကတိပေးရင်း..
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊
သို့သော်.. ခံစားတတ်သည်။
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊
သို့သော်.. စာရေးပါသည်။
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊
သို့သော်.. ဘလော့ဂ်ကာတစ်ယောက်ဖြစ်သည်။
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊
သို့သော်..
စာဖတ်သူများ၏ အားပေးမှုကို ခံချင်သူဖြစ်သည်။
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊
သို့သော်.. အနုပညာသမားတစ်ယောက်ဖြစ်ချင်သည်။
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊
သို့သော်.. စာဖတ်သူတို့၏ ချစ်ခြင်းမေတ္တာကို ရယူချင်သူဖြစ်သည်။
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...သို့သော်..
စာဖတ်သူများထံမှ ဝေဖန်၊ သင်ပြ ၊ အမှားပြင်ပေးမှုများကို
လက်ခံနားလည်နိုင်သူဖြစ်သည်။
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊
သို့သော်..ကျမ၏ ခံစားချက် စကားလုံးများနှင့် ဖန်တီးထားသော
“အဖြူရောင်နတ်သမီး”ဘလော့ဂ်တစ်ခု ပိုင်ဆိုင်ထားသူဖြစ်သည်။
ကျမသည် စာရေးဆရာမတစ်ယောက်မဟုတ်ပါ...၊
သို့သော်.. ကျမ၏ ရင်ထဲက ခံစားချက်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များကို
အခွင့်သာတိုင်း ဆက်လက်ရေးသားနေပါဦးမည်။
စာဖတ်သူများအား အစဉ် ဂါရဝပြုလျှက်...
Happy Blogger Day.. (31.08.2013)

9 comments:
Happy Blogger's Day!
နတ်သမီးတစ်ယောက် တစ်စတစ ရင့်ကျက်လာတယ်။
ဘ၀မှာ ရင့်ကျက်မှုဟာ အလိုအပ်ဆုံးအရာပါ။
သူကြီးမင်းကတော့ မုတ်ဆိတ်ကြီးတကားကားပေမဲ့ စိတ်ကတော့ အခုထက်ထိ မရင့်ကျက်သေးဘူး ဖြစ်နေလေရဲ့။း)
HAPPY BLOG DAY ပါ မရေ.
့HAPPY BLOG DAY ပါ မရေ။
အမ ရေးသွားသော စာလုံးတိုင်းကို ကြိုက်သည်။
Happy Blog Day !!!
ငုပ်ကောင်ပေါ်လာတာကိုး...
ဘလော့ဒေးရှိတာ အတော်ကောင်းတာကလား နတ်နတ်ရယ်...တကတည်း တစ်နွေလုံးခြောက်နေတဲ့ မြက်ခင်းပြင်ကို ၀သန်မိုးဖြန်းလိုက်သလိုပဲ ဘလော့ဂါတွေ လန်းဆန်းလာလိုက်ကြတာမှ အပြိုင်းအရိုင်း...
ဘလော့ကို ပစ်မထားပါနဲ့လေ...ဘလော့ရွာက ပျော်ဖို့ကောင်းပါတယ်...
စာရေးဆရာ ဆိုတာ စာရေးနေရင် ပဲ တာဝန်ကျေနေပြီ တဲ့ ... ဆရာ တစ်ယောက် က ပြောဖူးတယ် ... ကျန်တာတော့ ... သမိုင်း နဲ့ စာဖတ်သူတွေ က ပြောကြပါလိမ့်မယ် ... အစ်မရယ် ...

စာပေချစ်မြတ်နိုးသူများနဲ့ အွန်လိုင်းမှာ ဆုံဆည်းရတာဟာ ဘလော့ဆိုတဲ့ မြှားနတ်မောင်လေးကြောင့်မို့ ဘလော့ကို ခင်တွယ်မိတာ အမှန်ပါပဲ ညီမရေ..။
ချစ်သော -
မြသွေးနီ
Post a Comment