ကျောင်းရာသီမို့..
သားကို မနှစ်က Pre School ကျောင်းစထားဖြစ်ခဲ့တဲ့အကြောင်းလေး ရေးပြမယ်နော်..
အမေကို အရမ်းကပ်တဲ့သားလေးဟာ တစိမ်းတွေရှေ့ရောက်ရင် မျက်လွှာချပြီး မလှုပ်မယှက်နေတတ်ပါတယ်။
သားက
လူကြောက်တယ်ပြောရမယ်။
အိမ်မှာသာ လူတွင်ကျယ်လုပ်တာ
တစိမ်းရှေ့ရောက်ရင် ငြိမ်ကုတ်နေရောပဲ

သားအမိနှစ်ယောက်ထဲ အနေများတဲ့သားဟာ ပါတ်ဝန်းကျင်နဲ့ထိတွေ့မှု သိပ်မရှိတဲ့အခါ အမျိုးနည်းတဲ့အခါ ဒီလိုပဲ ဖြစ်တတ်တာ မဆန်းပါဘူး။
မူကြို ကျောင်းကိုရောက်တော့
ဆရာမတွေက သားကိုချော့ပြီး ဖက်တော့ သားက ရုန်းတယ်။
မျက်နှာစိမ်းတာရယ် ကြောက်တာရယ်ကြောင့် အမေ့လက်ကို မလွှတ်တန်း အတင်းဆွဲထားတာပေါ့။
ကျမစိတ်ထဲမှာလည်း ထားခဲ့လို့ဖြစ်ပါ့မလားပေါ့
ဆရာမက
"' အစ်မ ပြန်လိုက်ပါ သားအတွက်စိတ်ချပါ အစ်မရဲ့ခံစားချက်ကို နားလည်ပါတယ် ဒါပေမယ့် အစ်မ မပြန်ရင် ကလေးကို ထိန်းဖို့ ပိုခက်ပါလိမ့်မယ်'" လို့ ပြောတော့ ဝဲလာတဲ့ မျက်ရည်ကို မကျမိအောင်ထိန်းရင်း အသံက မထွက် ခေါင်းလေးညှိတ်ပြပြီး လှည့်အထွက်..
""(((((( မေမေ..............))))))).""
ဆိုတဲ့ အသံနက်ကြီးနဲ့အော်လိုက်တဲ့ သားရဲ့အသံဟာ ကျမနှလုံးသားကို သံဆူးချွန်နဲ့ထိုးလိုက်သလို ခံစားလိုက်ရတယ်။
သားကို ဆရာမက အတင်းဖက်ထား..
သားက စိတ်တွေခတ်ထန်ပြီး အတင်းရုန်း ဆရာမရဲ့လက်ကိုကိုက်..
ကျမတစ်ခါမှ မမြင်ဖူးတဲ့ သားရဲ့အပြုအမူကြောင့် အံ့ဩမိပါတယ်
အဲဒီနေ့ဟာ သားအမိနှစ်ယောက် ကမ္ဘာပျက်တဲ့နေ့ပါပဲ။
ဘဝမှာ ဘယ်တော့မှ မေ့မရတဲ့ နေ့ပေါ့။
သားရဲ့ " မေမေ......." ဆိုတဲ့ အသံနက်ကြီးနဲ့ အကူအညီတောင်းသံက မေမေ့နှလုံးသားကို နာကျင်စေတယ်။
သားဒုက္ခရောက်တိုင်း
သားအခက်ကြုံတိုင်း
သားအကူအညီတောင်းတိုင်း
စက္ကန့်မခြား သားကို ကာကွယ်ဖို့ သားရှေ့ကို ရောက်နေကျ ကျမဟာ
ဒီတစ်ခါမှာတော့ လက်သီးကိုဆုပ် အံကိုကြိတ်ပြီး သားကို ကျောခိုင်းလိုက်ရတယ်။
သားရဲ့စိတ်ထဲမှာလည်း အတော်ကြေကွဲမှာပဲ..
" ငါ ဒုက္ခရောက်နေတာကို မေမေဘာဖြသ်လို့ မကယ်ပါလိမ့် " ဆိုပြီး ဝမ်းနည်းမှာပဲ။
မျက်ရည်တွေဟာ ဘယ်လိုမှ ထိန်းမရ..
အသိစိတ်က " ကိုယ့်အလှည့်တုန်းကလည်း ဒီလိုပါပဲ " ဆိုတာ ရှိပေမယ့် မခံစားနိုင်ခဲ့ဘူး။
ရင်ထဲမှာ နေဆယ်စင်း ဖြတ်သလို ပူလောင်လွန်းလှတယ်။ ဒီခံစားချက်မျိုးကို မေမေတွေပဲ ခံစားဖူးတာပါ။
ဒီလိုအဖြစ်အပျက်မျိုး နောက်တစ်ခါ မရှိပါစေနဲ့လို့ ဆုတောင်းမိတာ အခါခါပါပဲ။
အဲဒီလိုနဲ့ ကျောင်းကြိုချိန်ရောက်တော့ သားဘာလုပ်နေလဲသိချင်လို့ ချောင်းကြည့်မိတယ်။
ဆရာမတစ်ယောက်က စက္ကူလေးတွေနဲ့ အရုပ်လေးတွေလုပ်ပြနေတာကို သူတစ်ယောက်ထဲ ထိုင်ကြည့်နေတယ်။
တခြားကလေးတွေကတော့ ကစားနေကြတယ်။
သားကတော့ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေတယ်။ မျက်နှာလေး ညှိုးလို့.. ။ ရင်ထဲမကောင်းဘူး။
သားရေ.. မေမေလာကြိုပြီဆိုတော့ ဝမ်းသာအားရ မေမေ့ကိုပြေးဖက်တော့..သားအမိနှစ်ယောက် မျက်ရည်ကျရပြန်ရော..
သားလေးဟာ တစ်လလောက်အထိ တခြားကလေးတွေလို မဆော့ဘူး
တခြားကလေးတွေဆော့တာကို ထိုင်ကြည့်နေတာမျိုးပဲ လုပ်လေ့ရှိတယ်
ကစားကွင်းထဲမှာ ကလေးတစ်ယောက်စနှစ်ယောက်စနဲ့အတူ ဆော့တာမျိုးတွေ လုပ်လာတယ်
အဲဒီလိုနဲ့ ဆက်ဆံရေးတဖြည်းဖြည်း တိုးတက်လာတဲ့သားလေးဟာ ၃/၄လကြာတဲ့အခါမှာ ကျောင်းမှာ တခြားကလေးတွေနည်းတူ ပျော်ရွှင်တက်ကြွတဲ့ ကလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဝမ်းသာစရာတစ်ခုက ကျောင်းမသွားချင်ဘူးလို့ တစ်ခါမှ မပြောဖူးတာပါပဲ။
ဒီနှစ်မှာတော့ သားလေးအသက် ၅နှစ်ပြည့်ပြီမို့ ကျောင်းကြီး KGတန်းကို တက်ပါတော့မယ်။
ကျမနည်းတူ မေမေတွေလည်း Fighting.. ပါလို့
"" သားရေ.. ဟိုတစ်ခါတုန်းကလို မငိုနဲ့တော့နော်"" ဆိုတော့..
သားက ဘာပြောတယ်ထင်လဲ?????

0 comments:
Post a Comment