Valentine Dayတုန်းက ဆိုင်ကိုလာတဲ့ အမျိုးသမီးဧည့်သည်တွေအတွက် နှင်းဆီပန်းတစ်ပွင့်စီ ကမ်းပေးဖို့ သူဌေးက ကျမကိုတာဝန်ပေးခဲ့ပါတယ်။
နှင်းဆီပွင့်တွေကိုကြည့်လိုက်တော့ အရွက်တွေနဲ့အဆူးတွေများနေတာကြောင့် လှပသေသပ်တဲ့ နှင်းဆီတွေဖြစ်သွားအောင် နှင်းဆီပွင့်နားမှာကပ်နေတဲ့အရွက်အနည်းငယ်ကိုချန်ပြီး ကျန်အရွက်တွေကို ဖယ်ထုတ်ပြစ်ခဲ့ပါတယ်။
ဒါမှလည်း ဧည့်သည်အမျိုသမီးတွေကို ပန်းကမ်းရာမှာ နှင်းဆီဆူး မစူးမိမှာလေ၊
တော်တော်ကြာ ပေးလည်းပေရသေးတယ် ဆူးစူးသွားလို့ အပြစ်ဖြစ်နေအုံးမှာ..။
အဲဒီလိုနဲ့ နှင်းဆီအရွက်တွေနဲ့ အဆူးတွေကို ခြွေရင်း စိတ်ထဲကို အတွေးလေးတစ်ခုဝင်လာမိလို့ ဒီပို့စ်လေးဖြစ်လာခဲ့တယ်ဆိုပါတော့..
နှင်းဆီဆူးတွေဟာ နှင်းဆီချင်းတူပေမယ့် နှင်းဆီရိုးတံမှာပါတဲ့ ဆူး အနည်း အများ မတူကြဘူး။
တချို့က ဆူးမရှိသလောက်နည်းပါးကြတယ်(ရေမွှေးနှင်းဆီလိုမျိုးပေါ့)၊ တနည်းအားဖြင့် ဆူးမပါတဲ့နှင်းဆီလို့တောင် ပြောလို့ရပါတယ်။
တချို့က ဆူအတင့်အသင့်ရှိကြတယ်၊
တချို့ကျပြန်တော့ နှင်းဆီပွင့်က အရမ်းလှပြီး နှင်းဆီရိုးတံမှာရှိတဲ့ ဆူးတွေက နေရာအလစ်အလပ်မရှိလောက်အောင် ပြည့်နှက်နေတတ်ပါတယ်။
နူးညံ့ပျော့ပြောင်းတဲ့အသွင်သဏ္ဍန်ရှိတဲ့မိန်းခလေးတွေကို ကျမတို့က “ပန်း”နဲ့တင်စားကြတယ်။
မိန်းခလေးတစ်ယောက်ရဲ့အသွင်သဏ္ဍန်ကိုလိုက်ပြီး တင်စားတဲ့ပန်းပုံချင်းကွာခြားသွားကြတယ်။
ဥပမာ။ ။ ဖြူစင်ပြီး အပြစ်ကင်းတဲ့မိန်းခလေးတွေကို “စပ္ပါယ်ပန်း”
အဆင့်အတန်းမြင့်မားပြီး ဂုဏ်ဒြပ်တွေနဲ့ပြည့်နေတဲ့ မိန်းခလေးတွေကို “ပင်မြင့်ထက်က သဇင်ပန်း”
ရိုးရိုးအေးအေးလေးနေတတ်တဲ့မိန်းခလေးတွေကို “ခွာညိုပန်း”
အဆင့်အတန်းရှိရှိနေတတ်တဲ့မိန်းခလေးတွေကို“သစ်ခွပန်း”
အားနည်းချက်တစ်ခုခုကြောင့် အမြဲတန်းညှိုးငယ်နေတတ်တဲ့ မိန်းခလေးတွေကို“ခရေပန်း”
မာန်ရှိတဲ့မိန်းခလေးတွေကို “နှင်းဆီပန်း” ... အစရှိသည်ဖြင့် တင်စားကြတယ်။
ကျမကတော့ မိန်းခလေးတွေကို “ဆူး”ရှိတဲ့ “နှင်းဆီပန်း”နဲ့တင်စားကြည့်ချင်တယ်။
“ပန်း”ဆိုတာ နူးညံ့သိမ်မွေ့ခြင်း၊ အဆင်း အနံ့တို့ဖြင့်လှပတင့်တယ်ပြီး
မြင်သူတစ်ကာတို့၏ရင်ကို အေးမြစေသည့်အစွမ်းရှိသည့်အရာ။
နူညံ့ပျော့ပြောင်းတဲ့မိန်းခလေးတွေကို ကျမကတော့ မာန်ရှိတဲ့၊ အဟန့်အတားရှိတဲ့၊ ရင့်ကျက်တဲ့၊ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့၊အိနြေ္ဒရှိတဲ့၊ ရဲရင့်လှပတဲ့“နှင်းဆီ”နဲ့တင်စားလိုက်ပါတယ်။
မိန်းခလေးမှန်ရင် ကိုယ်၊ နှုတ်၊မူရာ ယဉ်ကျေးသိမ်မွေ့ရပါတယ်၊
မိန်းမ=နှင်းဆီပန်း
ဆူး=အိနြေ္ဒ၊ သိက္ခာ၊ မာန်၊
“နှင်းဆီ”လို့ဆိုလိုက်တာနဲ့ နှင်းဆီပန်းနဲ့သူ့ရဲ့ရိုးတံက ဆူးတွေကိုတွဲပြီးမြင်ကြမှာပါ။
မိန်းခလေးတိုင်းမှာ အဆင်းသဏ္ဍန်ကိုယ်စီရှိကြတယ်၊ အလှကိုယ်စီရှိကြတယ်။
အဲဒီအလှတွေကပဲ သူတို့အတွက် အန္တရာယ်ကို လက်ယပ်ခေါ်သလိုဖြစ်စေပါတယ်။
ဆူးမရှိတဲ့နှင်းဆီဟာ အဟန့်အတားမရှိဘူး၊ လူတစ်ကာ ခူးချင်တိုင်းခူး၊ ချိုးချင်တိုင်း ချိုးဖဲ့ဖို့ အခွင့်အရေးအများကြီးရှိတယ်။တန်ပြန်တုန့်ပြန်မှုမရှိတဲ့နှင်းဆီပေါ့။
အဲဒီလိုပဲ မာန်မရှိတဲ့မိန်းခလေး၊ အိနြေ္ဒသိက္ခာမရှိတဲ့မိန်းခလေးဟာလည်း လူတစ်ကာရဲ့ကိုယ် နှုတ် အမူအရာတို့နဲ့ စော်ကားချင်တိုင်း စော်ကားလို့ရတယ်။
တချို့နှင်းဆီတွေကျပြန်တော့ များလိုက်တဲ့ဆူး၊ အရိုင်းနှင်းဆီလို့ခေါ်မလားပဲ၊ နှင်းဆီရိုးတံတစ်ခုလုံးမှာ ဆူးတွေနဲ့ပြည့်နှက်နေတတ်တယ်၊ နှင်းဆီပွင့်လေးကတော့ လှပါလျက် ရိုးတံကဆူးကြီးတွေကြောင့် မခူးဆွတ်ရဲကြဘူး၊ ဆူးစူးမှာ ကြောက်ရွံ့ကြတယ်။
အဲဒီလိုပဲ ချောမောလှပတဲ့မိန်းခလေးတစ်ယောက်ဟာ ကိုယ် နှုတ် အမူအရာ ရိုင်းစိုင်းနေမယ်ဆိုရင် လူတစ်ကာရဲ့ ကဲ့ယဲ့ပြောဆိုမှု မိတ်ဆွေအပေါင်းအသင်းအဖြစ် လူရာမသွင်းမှုတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။
ရိုင်းစိုင်းတဲ့မိန်းခလေးတွေကို ယောက်ျားလေးတွေ မကြိုက်ကြဘူး၊ “ရုပ်ချောသလောက် ရိုင်းစိုင်းတဲ့မိန်းမ”လို့ ကဲ့ယဲ့ပြောဆို ပြစ်တင်လေ့ရှိတယ်။
နောက်တစ်မျိုးကတော့ “ဆူးချိုး/ဆူးကျိုးနှင်းဆီ”ပါ
အကြောင်းအမျိုးမျိုးနဲ့ အဖျက်ဆီးခံလိုက်ရတဲ့နှင်းဆီပေါ့၊
သဘာဝအရ ဆူးမရှိရင်တောင် အဟန့်အတားမဲ့စွာ ခူးယူကြသေးတာ၊ ဆူးအချိုးခံထာရတဲ့နှင်းဆီဆိုရင်တော့ ပိုဆိုးပြီပေါ့။
အဲဒီလိုနှင်းဆီနဲ့တူတဲ့သူတွေကတော့ ဘဝပျက်နေသောမိန်းခလေး၊ အမှားအမှန်ခွဲခြားသိမြင်မှုမရှိပဲ စိတ်ဓာတ်ပျက်ပြားနေတဲ့မိန်းခလေး၊ အရွယ်မရောက်သေးပဲ အညွန့်ချိုးခံရသောမိန်းခလေးများနဲ့သဏ္ဍန်တူပါတယ်။
ကျမရဲ့ဆန္ဒကတော့ မိန်းခလေးအားလုံးကို ကိုယ် နှုတ် အမူအရာ ရိုင်းစိုင်းတဲ့ ဆူးများတဲ့ အရိုင်းနှင်းဆီလို မဖြစ်စေချင်ပါဘူး၊
လူတစ်ကာ ချိုးဖဲ့လွယ်ကူတဲ့ အဟန့်အတားမရှိတဲ့ အကာအကွယ်မရှိတဲ့ ဆူးမဲ့နှင်းဆီမျိုးလည်း မဖြစ်စေချင်ပါဘူး၊
အသက်ရှင်လျှက်နဲ့ ဘဝသေနေရတဲ့၊ စိတ်ဓာတ်ပျက်စီးနေတဲ့ ၊ သူများအစော်ကားခံထားရတဲ့ ဆူးကျိုး/ဆူးချိုးနှင်းဆီမျိုးလည်း အဖြစ်မခံနိုင်ပါဘူး။
ကိုယ့်အန္တရာယ်ကို ကိုယ်ကာကွယ်နိုင်တဲ့၊ မာန်ရှိတဲ့၊ အိနြေ္ဒ သိက္ခာရှိတဲ့ ၊ ရင့်ကျက်တည်ငြိမ်တဲ့ ကိုယ်နှုတ် အမူအရာ ယဉ်ကျေးသိမ်မွေ့တဲ့ ၊ လူတစ်ကာ အရိုသေခံ “ဆူးအတင့်အသင့်သာရှိတဲ့ တော်ဝင်နှင်းဆီ”မျိုးပဲ ဖြစ်စေချင်ပါတော့တယ်....
5 comments:
မ ရဲ့စေတနာလေးကိုလဲ လေးစားတယ်...
နှင်းဆီအကြောင်းလေးတွေ မ နားသလည်သလောက်
အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြထားတာလေးတွေလဲ ကောင်းတယ်
အင်းးးးးးးးးးးး ညလေးလဲ မ ပြောသလို
ဆူးအသင့်အတင့်ရှိတဲ့ တော်ဝင်နှင်းဆီလေးတွေပဲ
အများကြီးမြင်ချင်မိပါတယ် :)))
မိန်းကလေးတိုင်း နမ်းပြောတဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ တော်ဝင်နှင်းဆီ အမျိုးသမီးလေးတွေ ဖြစ်ကြပါစေ...
ချစ်တဲ့သဒ္ဓါ
နှင်းဆီတစ်ပွင့် အရင်းပြုပြီး အတွေးကောင်းလေးတွေနဲ့ ပို့စ်တစ်ပုဒ်ဖန်တီးခဲ့တာလေး အားပေးသွားပြီ နတ်သမီးလေးရေ... ဆူးအသင့်အတင့်ရှိတဲ့ တော်ဝင်နှင်းဆီလို ဘ၀လေးများ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့်ရနိုင်ကြပါစေလို့ ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပန်းမပန်တတ်ပေမယ့် နှင်းဆီကို ပန်းထဲမှာ အနှစ်သက်ဆုံးပါ.. နှင်းဆီမှာမှာ ရဲရဲနီစွေးတဲ့ နှင်းဆီကို ပိုနှစ်သက်ပါတယ်။ မိန်းကလေးတွေလဲ နှင်းဆီအလှတဲ့ မြင့်မြတ်တဲ့ တန်ဘိုးနဲ့အတူ လှပနေစေချင်ပါတယ်..။
တို့လဲ နှင်းဆီဆိုရင် ဆူးပါမှ ပိုတင့်တယ်လို့ ထင်မိတယ်။ မိန်းခလေးဆိုရင်လည်း ဆူးနဲ့တူသော ထိုက်သင့်တဲ့ မာနတော့ ရှိရမယ်ပေါ့။
နတ်သမီးပြောသလို ဆူးအသင့်အတင့်ရှိတဲ့ နှင်းဆီပန်းမျိုးပေါ့။
မိန်းခလေးတိုင်း မိမိကိုယ်ကို အရံအတားအဖြစ် ဆူးတွေနဲ့ လုံခြုံစွာကာကွယ်ထားသင့်ပါတယ်လေ။
Post a Comment