Sunday, March 24, 2013

နတ်သမီးရဲ့အတောင်ပံတစ်စုံမှာ ရစ်တွယ်မိတဲ့တစုံတရာ

အခြေအနေတွဟာ အမြဲပြောင်းလဲနေတဲ့တိမ်တိုက်တွေလို
သွေ့ကနဲ ဝေကနဲ ဖျက်ကနဲ လက်ကနဲ
နင့်ပုံရိပ်တွေ နီးလာလိုက် ဝေးသွားလိုက်
ရင်ဘတ်ထဲက နှလုံးသားဟာ တခါတခါ (မိုက်ကနဲ) မိုက်ကနဲ

ဟိုအဝေး မပြေးသွားပါနဲ့
ရစ်တွယ်မိတဲ့တစုံတရာမှာ ဖော်ညှိမပြနိုင်တဲ့
အလွမ်းတွေ တနင့်တပိုး ငါ့ရင်ထဲ
မိုးဟာ... အချိန်တိုင်းသည်းတယ်

နင့်ကောင်းကင်မှာ ငါစိုက်ပျိုးမိတာ
ကဗျာတွေနဲ့ရက်လုပ်တဲ့ အဖြူရာင်သံယောဇဉ်တွေပါ
ငါတို့ အရောင်မဆိုးခဲ့ကြဘူး
သူ့အတိုင်း အဖြူရောင်ကလေးအတိုင်း
သီးသီးသန့်သန့် နင့်ဘယ်ဖက်ရင်အုံကလေးထဲ
နားခိုနေပါစေ...

နတ်သမီးတစ်ပါးရဲ့ ဂုဏ်ဒြပ်တွေနဲ့အတူ
နင်ဟာ ပြေပြစ်တယ် ချောမောတယ်
ကျော့ရှင်းတဲ့ခန္ဓာကိုယ်မှာ
ငါ ဘာသာမပြန်နိုင်သေးတဲ့
အလှအပ အစုအဝေးတွေရှိသေးတယ်...

နင်ဘယ်တော့မှ ပျောက်ကွယ်မသွားပါနဲ့
နောက်ကွယ်မှာ ငါ့ရင်ထဲစို့နင့်ခဲ့ရတဲ့ အစိတ်အပိုင်းတွေ
နင့်ကို မမြင်စေချင်ပါဘူးကွယ်..

ငါလား.. နင့်ကိုအေးချမ်းစေဖို့
ကမ္ဘာမြေပေါ်ရောက်လာခဲ့သူ
ကဗျာပန်းတွေခင်းလို့ နင့်ကိုနင်းစေမယ်
ကဗျာပန်းတွေထွေးလို့ နင့်ကိုမွှေးစေမယ်
အဖြူရောင်နတ်သမီးတစ်ပါးရယ်...

ဘဝနဲ့အလှကြားမှာ ကောင်းကင်ဟာ မှောင်လိုက်လင်းလိုက်
ငါတို့အတူ အလိုက်အထိုက်
နင့်အကြိုက် ငါ့ရဲ့ချစ်သောကဗျာလေးတွေ
ဆံနွယ်တွေထက် ပွင့်ဖူးဝေနေစေ...
လေပြေကလေးတွေ သောသောနှင်စေ..

နင့်ကောင်းကင်ထက် ငါ့ကြယ်တွေပျိုးထားသေးတယ်
မြင်နိုင်မယ်ဆို တစ်သက်စာမကတဲ့ အုံ့သည်းမှုတွေနဲ့
ရန်ကုန်မြို့က လင်းလက်နေတဲ့ နှလုံးသားတစုံ
တောင်စဉ်ရေမရ အလွမ်းတွေနဲ့
မိုးကလေး တဖွဲဖွဲ ရွှဲရွှဲစိုနေတယ်....

...............................

ပြည်တော်ပြန်တော့မှာမို့ ပစ္စည်းတွေသိမ်းရင်း ကဗျာဆရာမောင်လေးတစ်ယောက် လက်ဆာင်ပေးထားတဲ့ အမှတ်တရကဗျာလေးကို ဒီဘလော့ဂ်လေးတည်ရှိနေသ၍ သတိရတိုင်း ပြေးလာဖတ်ဖို့ ကဗျည်းထိုးထားလိုက်ပါတယ်။ နောင်တစ်ချိန်မှာ လူတွေသာပျောက်ကွယ်သွားပေမယ့်
ကဗျာလေးကတော့ အမှတ်တရ ထာဝရကျန်ရှိနေစေမယ်...။

ကဗျာလက်ခံရရှိချိန်- ၆/၀၄/၂၀၁၂

3 comments:

Ma Tint said...

လက်ဆောင်ကဗျာကောင်းလေး ဖတ်သွားတယ် နတ်သမီးလေးရေ... ပြည်တော်ပြန်ချိန်တောင် အတော်နီးလာပြီပဲ ကြိုဆိုနေပါတယ်...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ခံစားသွားတယ်အမတော်

thaingarra said...

စာတွေ မဖတ်ဖြစ်ဘူး ... ကြာသွားပြီ ... ပြန်လာမယ် သိရတာ ... သဘောကျမိတယ် ... နိုင်ငံ ရဲ့ အပြောင်းအလဲတွေ ... ကွဲကွာနေတဲ့ သူငယ်ချင်းတွေကို ကျွန်တော်လည်း သတိရမိတယ် ... :)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by White Angel | Bloggerized by White Angel - Myanmar Blogger | Myanmar Blogger