အမေ..
ကျမရဲ့အမေ့အကြောင်းလေးပေါ့..
ဒီဘလော့ဂ်လေးကို အလည်လာတဲ့သူ မှန်သမျှ ကျမရဲ့ဓာတ်ပုံကို မြင်ဖူးကြမယ်ထင်ပါတယ်၊ ကျမရဲ့ဓာတ်ပုံလေးတွေကို မြင်တဲ့သူတွေက ကျမကို “ချောတယ်”လို့ပြောရင် ကျမ အမေ့ကို အရမ်းသတိရမိတယ်၊ ပြီးတော့ အမေ့ကို ကျေးဇူးလည်းအရမ်းတင်တာပဲ ၊
ဒီနေ့ ဘလော့ဂ်ကာတွေ အမေအကြောင်းရေးကြတဲ့နေ့၊
အမေအကြောင်း ကဗျာတွေ ရေးကြတဲ့နေ့၊
FACEBOOKထဲမှာ အမေဓာတ်ပုံတွေ၊ အမေကဗျာတွေ၊ အမေဘွဲ့နဲ့အမေဓာတ်ပုံတွေ ပလူပျံနေတဲ့နေ့ဖြစ်တယ်..။
ကျမလည်း အမေ့အကြောင်းလေး ပြောပြကြည့်မယ်။
တစ်ကယ်တော့ အမေက အသက်(၄၀)ပတ်ဝန်းကျင်လောက်မှာ အိမ်ထောင်ကျခဲ့တာ၊
ဖြစ်ပုံက ဒီလို..
အဖေ့က အစိုးရဝန်ထမ်းတစ်ဦးဖြစ်တယ်။
အဖေ့မှာ ပထမအိမ်ထောင်ရှိတယ်၊ သားသမီးတော့ မထွန်းကားခဲ့ဘူး။
အဖေ့အသက် ၄၅လောက်မှာ ပထမအိမ်ထောင်ဟာ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားခဲ့တယ်၊
အဖေက အဖေ့ရဲ့အမျိုးသမီးကို ချစ်လို့ လက်ထပ်ခဲ့တာတဲ့၊ အဲဒီအမျိုးသမီးဆုံးပြီးတဲ့နောက်မှာ အဖေဟာ အလုပ်ကိုစိတ်မဝင်စားတော့ပဲ အရက်သမားဘဝကိုရောက်ခဲ့ရတယ်၊ အဖေ့ရဲ့အမေ(ကျမရဲ့အဖွား)က အဖေ့ကို ရပ်ကွက်ထဲက အပျိုကြီးတစ်ယောက်နဲ့နောက်အိမ်ထောင်ပြုပေးခဲ့တယ်။
အဲဒီအပျိုကြီးဆိုတာ ကျမရဲ့မေမေကိုပြောတာ၊ အမေနဲ့အဖေ အိမ်ထောင်ပြုပြီး တစ်ဦးတည်းသော သမီး(ကျမ)ကို မွေးဖွားခဲ့ကြတယ်။
အဲဒီအချိန်က ကျမတို့မိသားစုဟာ အဖေ့ရဲ့ညီ မိသားစုနဲ့အတူစုနေကြတဲ့အချိန်ပေါ့။
ကျမမှတ်မိသလောက်ကတော့ ကျမ လူ့လောကထဲကို ရောက်လာတဲ့အချိန်မှာ အမျိုးတွေနဲ့စုနေခဲ့ရတယ်၊ ကျမ(၉)နှစ်လောက်မှာ အစိုးရကပေးတဲ့ ဝန်ထမ်းအိမ်ယာမှာ မိသားစု(၃)ယောက်ပြောင်းရွှေ့နေခဲ့ကြတယ်၊ နောက်တော့ အဖေ တာဝန်နဲ့ပြောင်းခဲ့တဲ့ မန္တလေးမြို့မှာ (၁)နှစ်၊ ပြီးတော့ ရန်ကုန်ကို ပြန်ပြောင်းရတယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက မီးရထား အရာရှိဝန်ထမ်းအိမ်ယာမှာ(၄)နှစ်လောက်နေခဲ့တယ်၊ အဲဒီနောက်မှာ အဖေပင်စင်ယူပြီး အမျိုးတွေနဲ့အတူ ပြန်နေခဲ့ကြတယ်။
ဆိုလိုရင်းက ကျမဘဝရဲ့အချိန်တော်တော်များများဟာ အမျိုးတွေနဲ့အတူ ကြီးပျင်းလာခဲ့တယ်။
အမေက အိမ်ထောင်ရှင်မပီပီ အချက်အပြုတ်ကိုတာဝန်ယူရတယ်၊ ကျမက အမေ့ရဲ့ဘေးက အကူပေါ့။
အမှန်ပြောရရင် ကျမတို့သားအမိ အလုပ်အရမ်းလုပ်ခဲ့ရပါတယ်။
အမေဆိုရင် မီးဖိုထဲက ထွက်ရတယ်ကိုမရှိဘူး၊
အဆိုးထဲက အကောင်းလို့ပဲ ပြောရမလား၊ အဲဒီလို အကြောင်းတွေကြောင့် ကျမဟာ အိမ်ထောင်ထိန်းသိမ်းမှုကို နိုင်နင်းတဲ့သူတစ်ယောက် ဖြစ်ခဲ့ရတယ်။
ကျမ ကျေနပ်ပါတယ်။
အပြောချင်တာက အခုမှ“စ”မှာ..
ကျမရဲ့အဖေက တရုတ်သွေးရောတယ်၊ အမေကတော့ မြန်မာစစ်စစ်ပါ။
အဖေ့အရပ်က အရှည်ကြီးပဲ ၊ ချောချောခန့်ခန့်ကြီး၊ အမေကတာ့ ပုပုလေး၊ ကိုယ်လုံးလည်းမလှဘူး၊ မျက်နှာကျတော့လည်း မဖီးမလိမ်းမို့ အဖေနဲ့ယှဉ်လိုက်ရင် မချောဘူးလို့ပြောလို့ရပါတယ်။
အမေက အလုပ်နဲ့လက်နဲ့အပြတ်တော့ အလှလည်း ပြင်ချင်စိတ် မရှိဘူးထင်ပါတယ်။
အပြင်လည်း ထွက်တာမှ မဟုတ်တာ။ ဒါပေမယ့် ဘယ်လောက်ပဲ မချောမလှတဲ့ မိန်းခလေးဖြစ်ပါစေ၊ အလှပြင်လိုက်ရင် လှသွား ချောသွားကြတာချည်းပါပဲ၊ တစ်ကယ်တော့ အမေက အပြင်အဆင်မတတ်လို့ပါ။
ကျမငယ်ငယ်က ကျောင်းသွားတဲ့အခါ ကားလမ်းတွေ ဖြတ်ကူးရတဲ့အတွက် အမေကစိတ်မချလို့ ကျောင်းလိုက်ပို့ပေးလေ့ရှိတယ်။
ကျောင်းချိန်ကလည်း မနက် (၉)နာရီလောက်ဆိုတော့ အမေ မီးဖိုထဲမှာ အလုပ်ရှုပ်နေတဲ့အချိန်ပေါ့။
ထမင်းနဲ့ဟင်း ကျက်နေပြီဆိုပေမယ့် တခြားအလုပ်တွေကရှိသေးတာမို့ ရေမချိုးရသေးတဲ့အမေဟာ
ကျမကျောင်းသွားတော့မယ်ဆိုတာနဲ့ အဝတ်ကလေးလဲပြီး ကျမကို ကျောင်းလိုက်ပို့ပေးလေ့ရှိတယ်။
ကျမကတော့ သနပ်ခါးအဖွေးသားနဲ့ပေါ့။
ကျောင်းကိုရောက်တဲ့အခါ သူငယ်ချင်းတွေက ကျမနဲ့ကျမရဲ့မေမေကိုကြည့်ပြီး မေးကြတယ်၊
“အဲဒါ ဘယ်သူလဲ.. နင်တို့အိမ်က အိမ်ဖော် အဒေါ်ကြီးလား”တဲ့
အဲဒီအရွယ်က ကျမက အရမ်းငယ်သေးတယ်၊ (၇)နှစ်လောက်ပဲရှိအုံးမယ်၊
ကျမက ကလေးအရွယ်မို့ “ငါ့ရဲ့အမေပါ”လို့ပဲ ပြန်ပြောခဲ့တယ်။
သူငယ်ချင်းတွေကလည်း ကလေးတွေမို့ ပြောသင့် မပြောသင့် မစဉ်းစားပဲ ဆက်ပြောတယ်..
“နင်အမေက နင်နဲ့လည်းမတူဘူး... ရုပ်ဆိုးတယ်နော်”တဲ့
အမေ့ကိုမော့ကြည့်လိုက်တော့ အမေ့မျက်ဝန်းမှာ မျက်ရည်တွေဝဲလို့ပေါ့..း(
“အိမ်ဖော်”လို့ သုံးနှုန်းခံရတော့ သူလည်း ရင်နာမှာပေါ့....း(
အမှန်အတိုင်းဝန်ခံရရင် အဲဒီနောက်ပိုင်းမှာ အမေ့ကို ကျမနဲ့အတူ ကျောင်းကို လိုက်မလာစေချင်ဘူး၊
အမေ အနေရခက်မှာစိုးတာရယ် အပြောခံရမှာစိုးတာရယ်ကြောင့်ပါ။
အမေက အလုပ်နဲ့လက်နဲ့ပြတ်တဲ့သူမဟုတ်တော့ ကျောင်းလိုက်ပို့တဲ့ တခြားအမေတွေလို လှလှပပ မွှေးမွှေးကြိုင်ကြိုင်တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။
အမေ့ကို ကျမ အရမ်းသနားတယ်၊ အမေကတော့ အပြုံးမပျက်ပဲ ကျောင်းပို့အလုပ်ကို ဆက်လုပ်ခဲ့ပါတယ်။
ကျမရဲ့သူငယ်ချင်းတွေ ဘာပြောပြော သူဂရုမစိုက်ခဲ့ဘူး။
အမေနဲ့ပတ်သက်လို့ ကျမ မေ့မရခဲ့တဲ့ အမှတ်တရတွေထဲက တစ်ခုပါပဲ။
အဲဒီလိုနဲ့ ကျမ အရွယ်ရောက်လာတော့ ကျမကို သူငယ်ချင်းတွေက “ချောတယ်”လို့ပြောရင် ပထမဦးဆုံး ကျေးဇူးတင်မိတာက အမေ့ကိုပါ..
တချိန်က သူငယ်ချင်းတွေ ပြောခဲ့တဲ့ ““““ အိမ်ဖော် အဒေါ်ကြီး””””ဆိုတဲ့
အမေမွေးထုတ်ပေးခဲ့တဲ့ ကျမကို သူငယ်ချင်းတွေက“ ချောတယ်”တဲ့
တချိန်က သူငယ်ချင်းတွေ ပြောခဲ့တဲ့. ““““နင့်အမေက နင်နဲ့လည်းမတူဘူး.. ရုပ်ဆိုးတယ်နော်”””””
ဆိုတဲ့ အမေမွေးထုတ်ပေးခဲ့တဲ့ ကျမဟာ
သိပ်ချောသိပ်လှတဲ့ အမေတစ်ယောက်က မွေးထုတ်ပေးခဲ့ရင်တောင်
အဲဒီလို ချီးမွန်းခံချင်မှ ခံရမှာ..။
အမေ မလှပေမယ့် သန္ဓေလှအောင် မွေးထုတ်ပေးခဲ့တဲ့ ကျမရဲ့ ကျေးဇူးရှင်မေမေရယ်ပါ..
အမေ့ကို ဘယ်သူတွေ ကပဲ မလှဘူးပြောပြော ကျမအတွက်တော့ “အမေ လှတယ်”
ကျမကို လူတစ်ယောက်ယောက်က “ချောတယ်.. လှတယ်”လို့ပြောရင်
ပထမဆုံး သတိတရ ရှိခိုးမိတာက ကျမရဲ့မာတာမိခင် အမေရယ်ပါ..
ကျမ ဆုတောင်းပါတယ်...
ဘဝ ဆက်တိုင်း ဆက်တိုင်းမှာ အမေရဲ့သမီးပဲဖြစ်ပါရစေ...
အမေ ကောင်းရာသုဂတိလားပါစေ...
နောင်ဘဝဆက်တိုင်း ဆက်တိုင်းမှာ အမေ့ဘဝ လှပါစေ..
မြင်သူတစ်ကာငေးတဲ့ အလှပဂေးဖြစ်ပါစေ...
**** အမေများနေ့ အမှတ်တရအဖြစ် ဒီပို့စ်ကို ရေးနေတဲ့အချိန်မှာ ကျမ မျက်ရည်တွေ ကျနေခဲ့တယ်*****
9 comments:
ဟယ် မမှာ အမေနဲ့ပတ်သက်ပြီး အဲလိုအမှတ်တရတွေ
ရှိတယ်လား၊ ပြီးတော့ မမေမေက ဆုံးသွားပြီလား
ဖတ်ပြီးတော့ တွေးစရာတွေ ဆင်ခြင်စရာတွေ
အများကြီးလဲရတယ် ..မိုးနတ်ကတော့ မေနဲ့တူလို့
အရမ်းချစ်ဖို့ကောင်းပြီး လှတယ်လို့ပြောကြတာ
မကျတော့ အဆန်းပဲနော် ဘာပဲဖြစ်ဖြစ် အမေဟာ
အမေပါပဲ..ဘာနဲ့မှ အစားထိုးလို့မရသလို
ဘာနဲ့မှလဲ လဲလို့မရ နှိုင်းလို့မရပါဘူးးးး
ချစ်တဲ့...မိုးနတ်
ဒီပိုစ့်လေးဖတ်ပြီး ဆန့်ကျင်ဖက်ဖြစ်ခဲ့တဲ့ဂျက်တို့သားအမိရဲ့
အဖြစ်လေးကိုလွမ်းမိတယ်
ဂျက်ကိုကျတော့မေမေ အပေါင်းအသင်းတွေက
အစောရေ နင့်အိမ်ကခိုင်းတဲ့ကောင်မလေးလားတဲ့လေ
ကြည့်ပါအုန်းဂျက်ကိုပြောကြတာလေ
ပြောလဲပြောစရာပါပဲ မေမေကအရမ်းစမတ်ကျပြီး
ဂျက်ကဂျင်းဘောင်းဘီ အပြဲ
ဖလန်ထည်ရှပ် အကျီနဲ့ဆိုတော့
စုတ်တီးစုတ်ချာပုံလေးပေါ့ ၁၀တန်းထိအဲလိုပုံလေးပဲလေ
မေမေကိုလူတွေကချောတယ်ပြောခဲ့တာကိုလဲအမြဲသဘောကျခဲ့တယ် ကိုယ်ကမလှလို့ မလှဘူးပြောတာပဲလို့ယူဆလိုက်တယ်လေ...
နတ်နတ်မေမေကခန့်ပါတယ် အသက်ကြီးလဲချောနေတာပဲ
ဂျက်အမြင်လေးကိုပြောတာပါ
ဒါကြောင့် နတ်နတ်လဲ ချောတာပေါ့
မေမေ့ကိုလွမ်းတယ်....
ဂျက်မေမေအသက် ၆၄-၆၅ ရှိပြီ
မိုး>>> အစ်မရဲ့မေမေက ချောပါတယ်၊ တစ်ကယ်တော့ သူက မပြင်မဆင်တတ်လို့ပါ၊ အလုပ်ပဲလုပ်နေရတာဆိုတာ့ ပြင်ဆင်ချိန်လည်း မရတာပါတယ်။
ခလေးတွေဆိုတော့လည်း သူတို့မြင်တာကို ပြောကြတာပေါ့၊ ပြောသင့် မပြောသင့် မသိကြတဲ့အရွယ်ကိုး..။
အစ်မလည်း အလှမပြင်တဲ့အချိန်ဆိုရင် သရဲကတောင် အရှုံးပေးရမှာ..တစ်ကယ်ပြောတာ..း)
...........
မဂျက်>>ဟုတ်တယ် မျက်ရေ..
“သမီးကိုသိချင်ရင် အမေကိုကြည့်”ဆိုသလိုပါပဲ..
သမီးတွေဟာ အသက်အရွယ်ကြီးလာရင် အမေနဲ့တူလာတယ်တဲ့၊ အဲဒါ တစ်ကယ်ပဲ၊ အခု နတ်နတ်ရဲ့ပုံစံက အမေနဲ့တူလာပြီ၊ ခေါင်း ဆံပင်ပုံစံ၊ မျက်နှာ၊သွား ၊ မျက်လုံး အမေနဲ့ပိုတူလာတယ်၊ ငယ်ငယ်ကတော့ အဖေနဲ့ပိုတူတယ်။
ချစ်ရတဲ့နမ်းရေ
အမေ့မေတ္တာရဲ့အေးမြခြင်းကို အမေ့အကြောင်းလေးတွေး. ဒီစာလေးရေးနေရင်းနမ်းတစ်ယောက် နင့်နေအောင် ခံစားနေရမှာပါ။ ထပ်တူ ခံစားရတယ်.၊ မိဘကျေးဇူးကိုသိတတ်ပြီး လိမ္မာတဲ့သမီးလေးအဖြစ် အမေ့ရဲ့ကျေးဇူးကို ဆပ်ခွင့်ရနေပါပြီ..
ချစ်တဲ့ သဒ္ဓါ
မ...ေ၇မေမေကိုအ၇မ်းလွမ်းတယ်လေ....
နတ်သမီးလေးရေ
စိတ်ချောဖို့ အဓိကပါ။
နှလုံးလှပိုင်ရှင်တွေပါ
အလွမ်းးးးး...
ညီမ ဖြူ
အကို စာမရေးတာလဲ ကြာနေသလို စာတွေလဲ မဖတ်ဖြစ်ပါဘူး... အခု ညီမ ဘလော့ဂ်ကို စာဖတ်ချင်လို့  ၀င်လိုက်တာနဲ့ ညီမရဲ့ အမေဘွဲ့  အလွမ်းစာလေးကို ဖတ်ကြည့်မိတယ်..ထပ်တူထပ်မျှ ရင် နဲ့ ဖတ်တာပါ...
အမေ့မေတ္တာကို နားလည်တဲ့သမီးမို့  ချီးကျူးပါတယ် မဖြူ။
ညီမကလိမ္မာပါတယ်...
ဒီအမေနဲ့ ဘသဆက်တိုင်းပြန်ဆုံပါစေလို့  ဆုတောင်းပေးပါတယ်...
နောက် ကြားဘူးပြီး ကိုဆူး သိပ်ကြိုက်တဲ့ စကားလေးတလုံး
ကို ညီမအတွက် လက်ဆောင်ပေးလိုက်ပါဦးမယ်.
မျိုးစေ့မမှန် ပင်မသန် တဲ့။
အမျိုးမှန်လို့  အဖိုးတန်တာပါ ညီမဖြူ
နတ်သမီးလေးရဲ့ ဘဝ တစ်စိတ်တစ်ဒေသ ဖတ်ခွင့်ရသွားတယ်။ 'သမီးတွေ ဘယ်လောက်လှလှ အမေကို မမှီဘူး'ဆိုတဲ့ စကားရှိတယ်လေ နတ်သမီးက ချစ်ဖို့ကောင်းတော့ နတ်သမီးမေမေလည်း နကိုယ်ရှိပြီးသူမို့ နကိုင်းထွက်မှာ အသေအချာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခံစားချက်ကိုနားလည်ပါတယ် မရယ်
မရဲ့ ဆုတောင်းလေးပြည့်ပါစေနော်
Post a Comment